“တိုက်ပွဲအခြေအနေကို အကဲခတ်ကြည့်တော့ လက်ခံတွေ့ဆုံဆွေးနွေးချင်တဲ့ အရိပ်အယောင်လည်း မပြသေးဘူးဆိုတော့ ဒီတိုင်းပဲ ဆက်ပြီးတော့ တိုက်ပွဲ ဆက်ဖြစ်နေအုံးမှာပဲ” ဒု-ဗိုလ်မှူးကြီး အုပ်ခေး (RCSS/SSA ပြောရေးဆိုခွင့်ရှိသူ)

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေးနှင့် ဆက်သွယ်မေးမြန်းချက်

၁၃ အောက်တိုဘာ ၂၀၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသအတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ၁၀ ရက်နီးပါးလောက်ရှိပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်ကလည်း စစ်ဘေးလွတ်ရာ နေရာများမှာ ထွက်ပြေး ခိုလှုံနေကြရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်နေတယ်လို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ တပ်မတော်နှင့် RCSS/SSA တို့အကြား ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသတွင်း စစ်ရေးတင်းမာနေတ့ဲ ကျေးရွာ အုပ်စု ၁၀ စု ခန့်ရှိနေပြီး အဲ့ဒီကျေးရွာအုပ်စုတွေကတော့ ပန်ကျန်၊ နောင်စင်၊ နောင်မိုး၊ ဟဲကွီ၊ နမ့်ခေါ်၊ ပြောင်ခေါင်း၊ ခန့်ခဲ၊ ကောင်းဟူး၊ လွယ်စောင်၊ ပူးခါး၊ ဝမ်နန်း၊ကုံးသို အစရှိသည့်ကျေးရွာအုပ်စုများ ဖြစ်ပြီး ကျေးရွာအုပ်စုတစ်ခုစီမှာ ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိသည်ဟု RCSS/SSA က ပြောပါတယ်။ အဲ့ဒီက ရွာသား ၃၀၀၀ ကျော်ဟာ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းမှာ စစ်ဘေးတိန်းရှောင်နေကြရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အခြေခံအခွင့်အရေး မဆုံးရှုံးစေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မခံရအောင် တာဝန်ယူဖြေရှင်းပေးဖို့လည်း ရှမ်းပြည်နယ်အစိုးရကို ကျောက်မဲမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားကြပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုပ်ခေးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – ဒီလထဲမှာ တပ်မတော်နှင့် RCSS/ SSA တို့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ လက်ရှိ အချိန်အထိ တိုက်ပွဲဖြစ်တာ ဘယ်နှစ်ကြိမ်လောက်ရှိသွားပြီလဲ။

အဖြေ – တိုက်ပွဲက ကြိုကြားကြိုကြားနဲ့ တိုက်ပွဲနည်းနည်းနဲ့ ကြီးတာနဲ့ဒီလဆန်းပိုင်း တစ်ပတ်အတွင်းကိုတော့ တိုက်ပွဲပေါင်း ၂၀ ကျော်ပြီထင်တယ်။ ခန့်မှန်းပေါ့လေ။ ၃ ရက်နေ့ကတည်းက အခုထက်ထိ ဆက်တိုက်ပဲ ဒီနေ့ထိဆိုတော့ သုံးလေးငါးခြောက် ခုနှစ်ရှစ် ခြောက်ရက် ဆယ်ရက်လောက် ရှိပြီပေါ့နော်။ ဆက်တိုက်ပဲ တိုက်ပွဲတွေဖြစ်နေတာ။

မေး – တိုက်ပွဲက ရပ်နေတာကလည်း ကြာပြီ။ ဒါပေမယ့် အခုက ပြန်ဖြစ်လာတယ်ဆိုတော့ ဘယ်လိုအ ကြောင်း ကြောင့် ပြန်ဖြစ်လာတာလဲ။

အဖြေ – ဘယ်လိုအကြောင်းကြောင့်ဆိုတဲ့ နေရာမှာ ကျနော်တို့ အနေနဲ့ ခန့်မှန်းကြည့်တာ ကတော့ နည်းနည်း ခက်ပါတယ်။ နည်းနည်း ခန့်မှန်းလို့ မရအောင်ဖြစ်တာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မဲမှာ ကျနော်တို့ ဆက်ဆံရေးရုံးလည်းရှိတယ်။ NCA လက်မှတ်ရေး ထိုးထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့ လည်း ဟုတ်တယ်။ အဲဒီအတွက်ကြောင့် ဘာဖြစ်လို့ တပ်မတော်အနေနဲ့ ဘာမှ နားလည်မှု ညှိနှိုင်းမှု အ ကြောင်းကြားမှု မရယူပဲနဲ့ အဲလိုမျိုး ရုတ်တရပ် တပ်အင်အားတွေ အလုံးအရင်း ထိုးစစ်ဆင်ပြီးတော့ တိုက် ပွဲဖြစ်ချင်တာလဲ အဲဒါကျနော်တို့ တော်တော်စဉ်းစားစရာဖြစ်တာပေါ့။ အဲခါကျတော့ တပ်မတော် သတင်း မှန်ပြန်ကြားရေးက ဖြေကြားနေတဲ့ မီဒီယာထဲက ကြားသိရတာကတော့ RCSS တပ်ဖွဲ့၀င်တွေက တောင်ပိုင်း မှာပဲ သူတို့ နယ်မြေကျော်လွန်ပြီးတော့ မြောက်ပိုင်းရောက်ရှိလာတယ်။ အဲဒါကြောင့်မို့လို့ တိုက်ပွဲဖြစ်လာ တာ အဲလိုကျော်လွန်လာမှု မရှိရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူးဆိုတဲ့ ဖြေကြားချက်တော့ ကြားသိရ တယ်။ အဲဒီဖြေကြားချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ NCA ထဲက စာချုပ် သဘောတူထားတဲ့ စာချုပ် အတိုင်းနဲ့ လုံး၀ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အဲဒီတော့ ဆိုလိုချက်တာက RCSS နဲ့ တပ်မတော်နဲ့ နယ်မြ သတ်သတ် မှတ်မှတ်ရယ်လို့ သဘောတူထားတဲ့ဟာက မရှိသေးဘူး NCA စာချုပ်ထဲမှာ လုံး၀မပါရှိသေး ဘူး။ အဲဒီ NCA ထဲမှာလည်း အဲဒီ တပ်နေရာချထားရေး ဆိုတဲ့နေရာမှာ နောက်ပိုင်း လုံခြုံ ရေးဆိုတဲ့ အပိုင်း ဆွေးနွေးတဲ့ အခါမှာ အဲဒီအခါကျမှ ထည့်သွင်းဆွေးနွေးသွားမယ် ဆိုပြီးတော့ အတည့်အလင်း ဖော်ပြထား ပါရှိတယ် နော။ NCA စာချုပ်ထဲက အခန်း ၃ ပေါ့လေ။

မေး – နောက်ပြီး RCSS/SSA ဖက်ကနေ ကျောက်မဲမှာရှိတဲ့ တပ်မတော် တပ်စခန်းကို ၀င်ပစ်လို့ တိုက်ပွဲ ဖြစ်တာလို့ တပ်မတော်က သတင်းမီဒီယာတွေကို ဖြေကြားထားတာရှိတယ်။ အဲဒီအခြေအနေလည်း သိချင်ပါတယ်။

အဖြေ – ဒီတစ်ရက် နှစ်ရက်အတွင်းတော့ RCSS ဖက်ကတော့ လမ်းပေါ်အထိ တက်ပစ် တာဆိုရင်တော့ ဖြစ်ချင်ဖြစ် လိမ့်မယ်ခင်ဗျား။ မနေ့ကတည်းက ကျနော်ပြောထားတာပဲ တပ်မတော်ဖက်က အင်အား ထပ်တိုးပြီးတော့ တောနင်းရှာဖွေ တိုက်ပွဲ ဆက်ဖွင့်နေမယ်ဆိုရင်တော့ နောက်ဆုံး မလွဲသာ မရှောင်သာ ကားလမ်းပေါ်အထိ တိုက်ပွဲပြန့်ပွားနိုင်တယ် နောက်ဆုံး မြို့ထဲအထိတောင် အဲဒါပြန့်ပွား နိုင်တယ် အဲဒါကို စိုးရိမ်စရာကောင်း တယ်လို့တောင် ပြောသေးတာကိုးနော်။

မေး – အခုက စစ်ရေး အခြေအနေက ဘယ်လိုရှိနေသလဲ တင်းမာနေတဲ့ အနေအထားမှာရှိနေတာလား။

အဖြေ – စစ်ရေး ဆက်လက်တင်းမာနေဆဲပဲ တပ်မတော်ဖက်ကလည်း အဖက်ဖက်ကနေ ပြီးတော့ စစ်ကူတွေ ထပ်ပို့နေတယ်နော။ ကျောက်မဲဖက်ဂွင်ကို ထပ်ပို့နေတယ်။ သီပေါဖက်က ဆင်းလာ တာရော လားရှိုးကနေ ဆင်းသွားတာရော အောက်ဖက်ကဆင်းလာတာရော မူဆယ်ဖက်က ဆင်းလာတာ ရော ကွတ်ခိုင်ဖက်က ဆင်းလာတာရော သတင်းကြားသိရတယ်နော။ အခုကတော့ တစ်ဖက်နဲ့တစ်ဖက် တင်းမာ နေဆဲ အဲလိုပဲ ပြောရမယ်။

မေး – စစ်ရေးတင်းမာနေတဲ့ အခြေအနေဆိုတော့ ကျောက်မဲမြို့နယ်ရဲ့ ဘယ်ဒေသတွေမှာ စစ်ရေး တင်းမာ နေတာလဲ။

အဖြေ – ကျောက်မဲမြို့နယ် ကျောက်မဲတောင်ဖက်နဲ့ အရှေ့တောင် အနောက်တောင်ဖက် ခန့်များများပေါ့လေ ကျေးရွာအုပ်စု အစုံလိုက်ပေါ့ ပြောရမယ်ဆိုရင် ကျေးရွာအုပ်စု ဆယ်စုလောက်ရှိ တယ် နော။ ဥပမာ ပန်ကျန်ကျေးရွာအုပ်စု၊ နောင်စင်၊နောင်မိုး၊ဟဲကွီ၊နမ့်ခေါ်၊ပြောင်ခေါင်း၊ ခန့်ခဲ၊ကောင်းဟူး၊ လွယ် စောင်၊ ပူးခါး၊ ၀မ်နန်း၊ကုံးသိုဆိုတဲ့ ကျေးရွာအုပ်စုတွေ အားလုံးပါတယ်နော။ အဲဒီကျေးရွာအုပ်စု တစ်အုပ်စု ကို ရွာပေါင်း ၁၀ ကျော်ကျော်လောက်ရှိတယ်လေ။ အုပ်စုတစ်ခုတစ်ခုကိုလေ။

မေး – RCSS/SSA အနေနဲ့ကလည်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ တစ်ဖက်မှာ လည်း တိုက်ပွဲက အောက်တိုဘာလ ၂ ရက်နေ့ကနေ အခုထိ ဆက်တိုက် ပြန်ပြီးတော့ ဖြစ်နေ တယ်ဆို တော့ တိုက်ပွဲတွေ လျှော့ချဖို့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အခြေအနေရှိရောရှိလား။

အဖြေ – တပ်မတော်ဖက်က တွေ့ဆုံဆွေးနွေးဖို့ အဆက်အသွယ်လည်း မရှိဘူး။ RCSS ဖက်ကလည်း တိုက်ပွဲ အခြေအနေကို အကဲခတ်ကြည့်တော့ လက်ခံတွေ့ဆုံဆွေးနွေးချင်တဲ့ အရိပ်အယောင်လည်း မပြသေးဘူးဆိုတော့ ဒီတိုင်းပဲ ဆက်ပြီးတော့ တိုက်ပွဲ ဆက်ဖြစ်နေအုံးမှာပဲ။

မေး – တိုက်ပွဲတွေ ဆက်တိုက်ဆက်ဖြစ်နေအုံးမယ်ဆိုရင် RCSS/SSA နဲ့ အစိုးရတို့ ဖော်ဆောင်နေတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေကို တစ်စုံတစ်ရာ ထိခိုက်သွားနိုင်သလား။ ဘယ်လိုမျိုး ထိခိုက်သွားနိုင်သလဲ။

အဖြေ – ယုံကြည်မှုတော့ တော်တော် ထိခိုက်သွားမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တပ် မတော်ဖက် ကိုယ်တိုင်ကိုက NCA ကို အလေးမထား ၀င်တိုက်တဲ့ ပုံစံပြနေတယ်ပေါ့လေနော်။ အဲဒါ ယုံကြည်မှု တော်တော်ထိ ခိုက်တယ်။ ဒါပေမယ့် RCSS ဖက်ကတော့ ဘယ်လိုပဲ ဖြစ်နေနေ NCA လမ်း ကြောင်းအတိုင်းပဲ တစ်သွေမတိမ်း လိုက်နာပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်။ အကယ်လို့ အဆင် ပြေလို့ အဆက်အသွယ်ရလို့ တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားမယ်ဆိုရင်တော့ RCSS ဖက်ကတော့ အမြဲ တမ်း တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ပေါ်လစီတော့ အမြဲတမ်းဆုပ်ကိုင်ထားတယ်နော။

မေး – အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်တော့ ဒေသခံပြည်သူတွေကလည်း ထွက်ပြေးတိမ်း ရှောင်နေ ရတယ်။ ဒုက္ခတွေလည်း ရောက်နေကြတယ်။ အဲဒီအနေအထားမှာ ပြည်သူတွေအတွက် ဘယ်လို စဉ်းစား ထားတာ ရှိသလဲ။

အဖြေ – RCSS ဖက်ကတော့ အမြဲတမ်း ပြည်သူလူထုဖက်ကိုတော့ အမြဲတမ်းငှဲ့ညာတဲ့ အနေနဲ့ အတတ်နိုင်ဆုံး အစကတည်းက တိုက်ပွဲကို မဖြစ်စေချင်လို့ တောထဲပဲ ရှောင်ရှား ရှောင်ဖယ် နောက်ဆုံးဟိုဖက်ရှောင် ဒီဖက်ရှောင် မလွတ်မရတော့မှ အဆုံး နောက်ဆုံးမှ တိုက်ပွဲဖြစ်လာတာလေ။ ဒါပေမယ့်လည်း အခုလည်း အဲလို ပြည်သူလူထု အဲလိုမျိုးဖြစ်နေ ကြုံတွေ့နေရတာကိုလည်း တော်တော် စိတ်မကောင်းစရာ ဖြစ်တယ်ပေါ့နော။ ပြီးတော့ ရွေးကောက်ပွဲကိုလည်း ထိခိုက်စေတယ်။ မဲဆွယ်စည်းရုံးတဲ့ ပါတီတွေကိုလည်း အနှောင့်အယှက်ဖြစ်တာပေါ့နော်။ အဲဒါစိတ်မကောင်းစရာပဲပေါ့နော်။

မေး – လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး ဘာများဖြည့်စွတ်ပြောစရာများ ရှိသေးသလဲ။

အဖြေ – နံပါတ် တစ် ပြောချင်တာက ပြည်ထောင်စု တည်ဆောက်သွားရေး ဆိုတဲ့နေရာမှာ တပ်မတော်ဆိုတဲ့ အခန်းကဏ္႑ တော်တော်အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုပဲလေနော အဲဒါကို တပ်မတော် ဖက်က စိတ်ရှည် လက်ရှည်နဲ့ ပြည်သူလူထုကို ငှဲ့ညာသောအားဖြင့် ပြည်ထောင်စု တစ်ခုလုံးကို ငှဲ့ညာသော အနေနဲ့လေ တိုက်ပွဲကို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြဿနာဖြစ်လာရင်လည်း တွေ့ဆုံညှိနှိုင်းဆွေး နွေးအ ဖြေရှာ ၂ ဦး ၂ ဖက် သဘောတူချက်တွေ ရယူ အဲလိုနည်းလမ်းနဲ့ အကောင်းဆုံး အဲလိုမျိုး တိုက် တွန်း ချင်တယ်နော်။

အားမီ (NMG) – မေးမြန်းသည်။

 

Share me now!