လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမ်းဒေသခံနှစ်ဦးအား တစ်ရက်အကြာတွင် ဆေးရုံပို့

ဓာတ်ပုံ- facebook
၁၃ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ ရွာဟောင်းကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဒေသခံနှစ်ဦးအား အောက်တိုဘာ ၁၂ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေများထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာနှင့် ဂျိတ်ကျေးရွာကြားရှိ ကျွဲဟိန်း တောင်တန်းပေါ်ရှိ တပ်မတော်အမြောက်စခန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ ငါးဖမ်းလှေတစ်စီးအား ထိမှန်ခဲ့ပြီး ငါးရှာနေသည့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးသန်းမြင့်တွင် ခြေထောက်နှစ်ဖက်လုံးနှင့် ဦးစိန်ဝင်းမောင်တွင် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဒါးလက်ချောင်းအုပ်စုအား ၂၀၁၉ ခုနှစ် နောက်ပိုင်းမှစ၍ တပ်မတော်မှ ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာသယ်ယူခွင့်များ ကန့်သတ်ခံနေရကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ အသွားအလာကန့်သတ်ထားမှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးအား တစ်ရက်ခန့်ကြာပြီးမှ မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ကမ်းထောင့်ကြီးဒေသခံ ကိုဝင်းလှအောင်က ပြောသည်။

“ကျွန်တော် ဆေးရုံကိုသွားပြီး ကူညီဆောင်ရွက်ပေးခဲ့တယ်။ နှစ်ယောက်မှာ တစ်ယောက်ကတော့ ခြေဖြတ်ရမယ့် အနေအထားရှိတယ်။ နောက်ဝမ်းဗိုက်မှာ ဒဏ်ရာရသွားတဲ့သူက ခွဲစိတ်ရမယ်။ သူတို့ကို ဆေးရုံက ဆေးဝါးတွေနဲ့ ကုပေးခဲ့တယ်” ဟု ကိုဝင်းလှအောင်က ဆိုသည်။

ဧပြီလအတွင်းကလည်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်း ကျေးရွာမှ ဒဏ်ရာရရှိသွားသူနှစ်ဦး ဆေးကုသခံရန်အတွက် စက်လှေဖြင့်ယူဆောင်လာစဉ် စစ်ဆေးရေးဂိတ်မှ တားမြစ်သဖြင့် နောက်ပြန်လှည့်ခဲ့ရသည့် ဖြစ်ရပ်များရှိခဲ့သည်။

အမ်းဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်က “ဒါကတော့ လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်ကို ဆိုးဆိုး ရွားရွားထိခိုက်တယ်လို့ ပြောလို့ရတယ်ပေါ့။ လက်နက်ကြီးနဲ့ ရံဖန်ရံခါပစ်လို့ သေဆုံးတာတွေလည်းရှိတယ်။ နောက် စားနပ်ရိက္ခာဖြတ်တောက်လို့ စားဝတ်နေရေး အခက်အခဲဖြစ်တာတွေ ရှိတယ်။ အားလုံးကို ပိတ်ဆို့ထားတဲ့ အချိန်မှာ ၇၀ ရာခိုင်နှုန်းလောက် နေရပ်ကိုစွန့်ခွာနေရတယ်” ဟု ၄င်းကဆိုသည်။

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုတွင် ကျေးရွာပေါင်း ၄၀ ခန့်ရှိပြီး လူဦးရေ တစ်သောင်းသုံးထောင်ကျော် ရှိကာ တောင်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

လက်ရှိမှာ ကုန်းလမ်း၊ ရေလမ်းသွားလာခွင့်ကို ပိတ်ပင်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့လာရသဖြင့် အမ်းမြို့နှင့် ကမ်းထောင့်ကြီးမြို့သို့ နေရပ်စွန့်ခွာသွားကြ၍ လက်ရှိမှာ လူဦးရေလေးထောင်ခန့်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ထိန် (DMG) – ရေးသည်။

Share me now!