ကရင့်အာဇာနည်များ၏ ဆန္ဒအတိုင်း ဆက်လျှောက်ရန် ကရင်ရေးရာ ဝန်ကြီးတိုက်တွန်း

0
348

ကရင့်အာဇာနည်ခေါင်းကြီးများ၏ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း ဆက်လျှောက်လှမ်းကြရန် သြဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ၆၈နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ယခုလို တိုက်တွန်းပြောဆိုသည်။

၎င်းက “ကိုယ့်ကိုယ်ကို ကရင်လို့ မသိတသိဖြစ်တဲ့သူတွေကိုလည်း ပြန်ပြီးဆွဲခေါ်ပေးပါ။ ကရင်တွေအကုန်လုံး စည်းလုံးညီညွတ် စွာနဲ့ ကရင်အမျိုးသားအရေးတွေကို အနာဂတ်ပိုမိုထွန်းလင်းတောက်ပလာဖို့ တိုင်းပြည်ကြီး ပိုမို လှပဖို့အတွက် ကျရာအခန်း ကဏ္ဍမှာ ပါဝင်ထမ်းရွက်ကြပါ။ ကရင်ခေါင်းဆောင်ကြီးများရဲ့ကျေးဇူး ဖြစ်စေချင်တဲ့ ဆန္ဒမျိုးဖြစ်အောင် ဆက်လက်လျှောက်လှမ်း ကြပါ”ဟု ကရင်အာဇာနည်နေ့ အခမ်းအနားတွင် တက်ရောက်လာသူများကို တိုက်တွန်းပြောဆိုသည်။

ကရင်များသည် သမိုင်းတစ်လျှောက်တွင် အနိမ့်အမြင့်အတက်အကျများစွာဖြင့် ရုန်းကန်ခဲ့ရသလို လာမည့် အနာဂတ်တွင် ဆက် လက် ရုန်းကန်သွားရအုံးမည်ဖြစ်ပြီး တစ်နေ့တွင် အခြေအနေကောင်းများ ရောက်ရှိလာမည်ဟု မျှော်လင့်ထားကာ ပါတီအဖွဲ့အ စည်း၊ ဘာသာရေး၊ နေရာဒေသကြောင့် ကွဲပြားတာမျိုး မဖြစ်သင့်ဘဲ မိမိကိုယ်ကို ကရင်ဆိုသည့် စိတ်ထားရှိကြရန်နှင့် စည်းလုံး ညီညွတ်ကြရန် တိုက်တွန်းလိုကြောင်း ဝန်ကြီးက ဆက်ပြောသည်။

အဆိုပါ အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ မွန်ပြည် သစ်ပါတီ၊ ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ အစိုးရဌာနဆိုင်ရာအချို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့နှင့် ဒေသခံများ အပါအဝင် စုစုပေါင်းလူ ၂ဝဝဦးကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား ကျင်းပရေး တာဝန်ခံ ကေအဲန်ယူဝင်းရေးမြို့နယ်မှ ပဒိုစောအယ်ဒါးက ကရင်လူငယ်လေးများ ကရင့်သမိုင်းကို သိရှိအောင်လေ့လာကြရန်နှင့် သမိုင်းပေးတာဝန်ကို ဆက်ထမ်းဆောင်ကြရန်၊ လက်ရှိ ငြိမ်ချမ်းရေးဖြစ်စဉ်နှင့် စောဘဦးကြီး၏ မူများကို လူငယ်များလေ့လာကြရန် အခမ်းအနားတွင် တိုက်တွန်းပြောဆိုသည်။

အဆိုပါ ကရင့်အာဇာနည်နေ့ အခမ်းအနားကို နံနက် ၇နာရီမှ နေ့လည် ၁၁နာရီအထိပြုလုပ်ခဲ့ပြီး ကရင့်အာဇာနည် ခေါင်း ဆောင်များကို အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း၊ ကရင့်အာဇာနည် ပုဂ္ဂိုလ်များအကြောင်း ပြောဆိုခြင်း၊ လက်ရှိ ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း အမေးအဖြေပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတက်ရောက်လာသူ ဒေသတွင်း ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် ကျောင်းရွာ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KYKP) ဥက္ကဌ စောမြင့်ဦးက “ကျနော်တို့ ကရင်တွေ အခုလို စုစုစည်းစည်း ညီညီညွတ်ညွတ်မြင်တွေ့ရတော့ ဝမ်းသာတာပေါ့။ ကရင်လူမျိုးတွေ ဟာ မြို့မှာလည်းရှိ၊ တောမှာလည်းရှိ၊ နေရာတိုင်းမှာ တကွဲတပြားရှိပေမဲ့ လက်တွဲပြီးတော့ မှတ်တိုင်ရောက်အောင် ကျနော်တို့ စည်းစည်းလုံးလုံး ညီညွတ်ဖို့ လိုတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၆၈နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သလို ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးနှင့် ပြည်တွင်း၊ ပြည်ပ၊ မြို့နယ်များတွင်လည်း သြဂုတ် ၁၂ရက်နေ့တွင် အခမ်းအနား အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here