စောဘဦးကြီး မူ ၄ချက် အဖိနှိပ်ခံတိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်ဆဲဟု ANC ပြောဆို

0
605
ANC အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော် Photo - KIC

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်သည် မျက်မှောက်ကာလထိတိုင် အဖိနှိပ်ခံ တိုင်းရင်းသားများအတွက် တော်တည့်မှန်ကန်သည့် လမ်းစဉ်အဖြစ် အသုံးဝင်နေဆဲဖြစ်သည်ဟု ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က သြဂုတ် ၁၂ရက် နေ့တွင် ပေးပို့သည့် ၆၈နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အတွက် သဝဏ်လွှာတွင် ပြောဆိုလိုက်သည်။

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်မှာ လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက် ထဲတွင် ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်နှင့် ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် တို့ဖြစ်ပြီး ၎င်းမူ ၄ ချက်ကို ၁၉၅၀ခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်နေ့ အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကရင်အမျိုးသားညီ လာခံ၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ANC ၏ အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က “လေးချက်စလုံးက တစ်ခုနဲ့တစ်ခု အမှီသဟဲ ပြုနေတယ်။ လေးချက်စလုံး ပေါင်းမှ အမျိုးသား ရည်မှန်းချက်ဆိုင် ရာ အကောင်အထည်ဖော် ဆောင်တယ်ပေါ့နော်။ ဒီမျက်မှောက်ကာလမှာ အသုံးဝင်နေဆဲ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့က အဲလိုမျိုးမြင်တယ်။ ကျနော်တို့က လက်နက်ကိုင်တိုက်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်းပဲ အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ရရှိဖို့အတွက် ဖြစ်တယ်။ ဒီနေ့က အဲဒီအခွင့်အရေးတွေ မရရှိသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်တစ်မျိုးသားလုံးအနေဖြင့် အမျိုးသားအလံတော်အောက်တွင် စောဘဦးကြီးမူ(၄)ချက်ဖြင့် ဆက်လက် ချီတက် နေကြဆဲဖြစ်သလို ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးအနြေဖင့်လည်း ထိုမူ(၄) ချက်ကို စွဲကိုင်ကာ အဖိနှိပ်ခံတို့၏ အမျိုးသား တန်းတူရေး တော်လှန်ရေးတိုက်ပွဲများတွင် တိုင်းရင်းသားပြည်သူအားလုံးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ် တည်ခဲ့သဖြင့် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးသမိုင်းတွင်လည်း ကမ္ဗည်းမော်ကွန်းထိုးခဲ့သည်ဟု ANC က ပြောသည်။

စောဘဦးကြီးသည် ၎င်းမူ ၄ချက်ကို ချမှတ်ပြီးနောက် တာဝန်အရ ဗိုလ်ချုပ်စိုင်းကေ အပါအဝင် တပ်စိပ်တစ်စိပ်ဖြင့် ကော့ကရိတ် မြို့နယ်ဘက်သို့ ဆင်းသွားခဲ့ရာ နဘူးမြို့နယ်၊ ထို့ကော်ကိုးကျေးရွာ အရောက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးသောကြောင့် ထိုရွာ၌ အိပ်စက်နေသည့် လယ်တဲကို လာရောက် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသဖြင့် စောဘဦးကြီးနှင့် ဗိုလ်ချုပ် စိုင်းကေတို့အဖွဲ့မှာ ကျဆုံးခဲ့ရသည်။ ယင်းကျဆုံးခဲ့ရသည့် ၁၉၅ဝခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို အစွဲပြု၍ ကရင်အမျိုးသား အာဇာနည်နေ့အ ဖြစ် သတ်မှတ်ပြီး ယနေ့တိုင် ဂုဏ်ပြုကျင်းပကြသည်။

ANC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်မထိုးရသေးသည့် ရခိုင်တိုင်း ရင်းသား လက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင်တစ်ဖွဲ့လည်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here