“ဘယ်လိုပဲ ပစ်နေခတ်နေတိုက်ခိုက်နေကြပါစေ နောက်ဆုံးတစ်နေ့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာကြရမှာ ဖြစ်တယ်” နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) အပြီး ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခင်းအကျင်းများအပေါ် သုံးသပ်ချက်များကို မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် “နိုင်ဟံသာ” အား မွန်သတင်းအေဂျင်စီအယ်ဒီတာ ဗညားအောင် မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းချက်ကို မြန်မာဘာသာသို့ အနီးစပ်ဆုံးပြန်ဆိုထားခြင်း ဖြစ်သည်။

မေး- (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) လည်း ပြီးခဲ့ပြီ၊ ညီလာခံမှာ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘယ်လိုချမှတ်ခဲ့ပါသလဲ?

ဖြေ-၂၁ ရာစုပင်လုံညီလာခံကို ဒီ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ နောက်ထပ်တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်မှာ နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဆက်လက်ကျင်းပပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူအုတ်မြစ်တွေကို ချမှတ်နိုင်ဖို့ အစိုးရ ရည်မှန်းထားတယ်၊ တပ်မတော်အကြီးအကဲကလည်း ဒီလိုသဘောထားရှိတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် EAOs တွေဘက်ကလည်း ငြိမ်းချမ်းရေးကို မြန်မြန်ပြီးပြတ်စေချင်တဲ့ ဆန္ဒရှိပါတယ်၊ ဒါကို UPDJC အစည်းအဝေးမှာလည်း ကျနော်တို့အားလုံးလက်ခံပြီးတော့ ညီလာခံရဲ့သဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါက အမြင်တွေပါ၊ တနည်းပြောရင် ရည်မှန်းထားတာပေါ့၊ ဖြစ်လာရင် ကောင်းတာပေါ့၊ ဒါပေမယ့် ဖြစ်စဉ်တွေကိုသုံးသပ်ကြည့်တဲ့အခါ ဒါကိုလက်တွေ့အရ ရုပ်လုံးပေါ်လာဖို့ဆိုတာ အခက်အခဲတွေ ရှိပါတယ်၊ ဘာဖြစ်လဲဆိုတော့ အခုကျင်းပခဲ့တဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးမှာ အဓိကတစ်ဆို့မှုတွေကိုကြည့်လိုက်ရင် တပ်မတော်ကနေ သဘောထားအမြင် ၂ ရပ်အပေါ် ခိုင်ခိုင်မာမာရပ်တည်နေတာ တွေ့ရတယ်၊ တစ်အချက်က “လုံးဝခွဲမထွက်ရေးမူ” ကို လက်ခံပါမှ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အရေးကို လက်ခံဆွေးနွေးသွားမယ်လို့ ဆိုတယ်၊ ဒါကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်း၊ ကချင်၊ ချင်းတွေက လက်ခံဖို့ လုံးဝမဖြစ်နိုင်တဲ့အဆိုပါ၊ တဖက်မှာလည်း ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီး တစ်ခွန်းတစ်လေမှလည်း မဆွေးနွေးရသေးဘူး၊ တိုင်းရင်းသားတန်းတူရေးအတွက် ဘယ်လောက်အာမခံချက်ရှိသလဲဆိုတာကလည်း လုံးဝမသိရသေးဘဲနဲ့ ခွဲမထွက်ရေးမူ ဆွဲကိုင်ထားပြီး ထွက်ပေါက်မရှိအောင် တိုင်းရင်းသားတွေကို တခါတည်းလမ်းကြောင်း ပိတ်ဆို့ထားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒါတွေကို ကျော်ဖြတ်သွားရမယ့်နည်းလမ်း ရှိပါတယ်၊ ဒီနေရာမှာ ခွဲထွက်ခွင့်ရှိတာ၊ မရှိတာကို လုံးဝထည့်မပြောကြဘဲနဲ့ ဖက်ဒရယ်အရေးကိုပဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

နောက်တချက်က တစ်ခုတည်းသောတပ်မတော်ကိစ္စပါ၊ ယေဘူယျအားဖြင့် ပြည်ထောင်စုနိုင်ငံတစ်ခုမှာ တစ်ခုတည်းသောတပ်မတော်ကို ကျနော်တို့လက်ခံပါတယ်၊ သို့သော် အဲဒီတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမှာလဲ၊ တိုင်းရင်းသားပေါင်းစုံရှိတဲ့နိုင်ငံပါ၊ သက်ဆိုင်ရာ ကျနော်တို့တိုင်းရင်းသားအတွက် အာမခံချက်ရှိဖို့လိုတယ်၊ လက်ရှိကျနော်တို့နိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေတာ မဟုတ်သေးပါဘူး၊ တိုင်းပြည်အာဏာတပိုင်းကို ရယူထားတဲ့တပ်မတော်ဖြစ်တယ်၊ စစ်အာဏာသိမ်းခဲ့ပြီး အမွေဆက်ခံလာတာလည်း ကြာခဲ့ပြီပဲ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနည်းငယ်ရဲ့ ထိန်းချုပ်မှုအာဏာရှိသူ လက်ထဲမှာပဲ ရှိနေတဲ့တပ်မတော်မျိုးဆိုရင် အချိန်အခါမရွေး အာဏာသိမ်းတာလည်း ဖြစ်လာနိုင်ပါတယ်။

ဒါမျိုးမဖြစ်စေဖို့ အာမခံနိုင်ရပါမယ်၊ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့တန်းတူးရေးကိစ္စရပ်တွေကိုလည်း အာမခံချက် ပေးရပါလိမ့်မယ်။

လုံခြုံရေးနဲ့ပတ်သက်ရင် တပ်နေရာနဲ့ပတ်သက်ပြီး ကနဦး လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု SSR ကိစ္စတွေကို ဆွေးနွေးရပါမယ်၊ အဲဒီနေရာမှာ တိုင်းရင်းသားတပ်ဖွဲ့တွေကို ဘယ်လိုနေရာချမှာလဲ၊ တပ်ဖွဲ့တွေနေရာချလို့ပြီးသွားတဲ့အခါ တိုင်းရင်းသားတွေအနေနဲ့ တော်လှန်ရေးပြီးဆုံးသွားပြီဆိုလို့ အစိုးရထံ အားလုံးလက်နက်ချပြီး တပ်ဖွဲ့အားလုံးဖျက်သိမ်းဖို့ တိုင်းရင်းသားတွေ ခံယူထားတာ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အတိတ်မှာ ဖြစ်ရှိခဲ့ဘူးတယ်၊ လက်နက်ချပြီးလက်နက်ပြန်ကိုင်ရတဲ့ဘဝ ပြန်ရောက်ခဲ့လို့ပါပဲ၊ ဘာမှလည်းအာမခံချက်မရှိဘူး ဆိုတော့ အခက်အခဲတော်တော်များများ ရှိပါသေးတယ်။

ဒီလိုအနေအထားမျိုးမှာ ရှေ့ကို ဘယ်လို ဆက်သွားကြမှာလဲ၊ အလွတ်သဘောဆွေးနွေးမှုတွေ ခပ်စိပ်စိပ် လုပ်သင့်ပါတယ်၊ သဘောထားအမြင်တွေ နီးနိုင်သမျှ ပိုမိုနီးစပ်မှုရှိလာအောင် ဆွေးနွေးပြောဆိုကြရပါမယ်၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့လိုတယ်၊ တဖက်နဲ့တဖက် ယုံကြည်မှုမရှိကြဘူးဆိုရင် ဘယ်လိုမှ ရှေ့ဆက်သွားလို့ မဖြစ်နိုင်ပါ၊ တဖက်နဲ့တဖက် သဘောပေါက်အောင် ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြရမှာပါ၊ ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်လိုရင် ဒီလိုပဲ ဖြေရှင်းသွားရမှာပဲလေ၊ ဥပမာ ကျနော်တို့နိုင်ငံရဲ့အကြီးမားဆုံးပြဿနာက တိုင်းရင်းသားတန်းတူရေးပြဿနာပါ၊ တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ အမျိုးသားတန်းတူရေးဆိုတာကို မဆွေးနွေးကြဘဲနဲ့ ဒီအတိုင်းပဲ ညီလာခံတွေနဲ့ ဆက်ပြီးမျှောနေမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်တော့မှလည်း ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး၊ ဘယ်အတိုင်းအတာ ဘယ်အဆင့်အထိ ညှိနှိုင်းဆွေးနွေးနိုင်တဲ့အပေါ်မှာ မူတည်နေပါတယ်၊ အစိုးရနဲ့ဆွေးနွေးရတာ သိပ်တော့မခဲယဉ်းဘူးလို့ ထင်ရပေမယ့် တပ်မတော်နဲ့ဆွေးနွေးညှိနှိုင်းရတာ နည်းနည်းလေးတော့ ခက်ခဲမယ့်သဘောရှိပါလိမ့်မယ်။ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေကို မပြောင်းလဲချင်တာရယ်၊ ပါးစပ်ကတော့ ငြိမ်းချမ်းရေးဆိုပြီး အမြဲပြောဆိုနေတာပဲလေ၊ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သိပ်အလေးအနက်မထားသလိုပဲ မြင်ရတယ်၊ ၂၁ ရာစုပင်လုံအောင်မြင်သွားပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုက်မှာကို မလိုလားသလိုပဲ၊ ဒီ ၂၀၀၈ ကိုပဲ မလွတ်တန်းခိုင်ခိုင်မာ ဖက်တွယ်ထားမယ့်သဘော တွေ့ရတယ်။

မေး- မွန်ပြည်သစ်အနေနဲ့ NCA လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ဖြစ်ပေါ်တိုးတက်မှုက ဘာတွေရှိပါသလဲ?

ဖြေ-ကျနော်တို့ မွန်ပြည်သစ် NCA လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း အခွင့်အလမ်းကောင်းတွေ ရှိလာမလားဆိုတော့ ဘာလမ်းကြောင်းမှ ပွင့်မလာပါဘူး၊ လက်မှတ်မထိုးခင်က တပ်မတော်ဝင်သိမ်းထားတဲ့ ဂိတ်စခန်း ၂ ခုနေရာ ပြန်မအပ်ပေးသေးဘူး၊ အဲဒီဂိတ်စခန်းတွေဟာ ၁၉၉၅/၂၀၁၂ သဘောတူညီချက်တွေနဲ့ အခြေချခဲ့တာဖြစ်တယ်၊ နောက်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှာ မွန်ပြည်နယ်တစ်ခုကိုပဲ ပါဝင်ခွင့်ပြုတယ်၊ ကျနော်တို့တပ်ဖွဲ့တွေရှိတဲ့ ကရင်နဲ့ တနင်္သာရီဘက်မှာ JMC-S ပါဝင်ခွင့်မပြုဘူး၊ အဲဒီဒေသတွေမှာ အောက်ခြေတပ်ဖွဲ့တွေ ပြဿနာရှိခဲ့ရင်ပဲဖြစ်ဖြစ် ဒေသခံပြည်သူတွေကို တွေ့ဆုံဖို့ပဲဖြစ်ဖြစ် JMC-S ထဲမပါဝင်ရင်တော့ တရားဝင်ဆောင်ရွက်လို့ မဖြစ်နိုင်ပါဘူး၊ နောက်ပြီး ဘဏ္ဍာရေး၊ စီးပွားရေးလုပ်ငန်းတွေအရ အစိုးရဆီကလည်း ဘာအထောက်အပံ့မှ မရပါဘူး၊ ဆိုတော့ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း အကြပ်အတည်းတွေကြားက မွန်အမျိုးသားအဆင့်နိုင်ရေးဆွေးနွေးပွဲ တစ်ကြိမ်ကျင်းပနိုင်ခဲ့တယ်၊ ၂၁ ရာစုပင်လုံညီလာခံ တက်ရတယ်၊ ဒါပါပဲ။

မေး- မြောက်ပိုင်းအဖွဲ့တွေ NCA ရေးထိုးဖို့ အနေအထား ဘယ်လိုရှိပါသလဲ?

ဖြေ-မြောက်ပိုင်း ၇ ဖွဲ့ FPNCC နဲ့ ဆွေးနွေးတဲ့နေရာမှာ ရှမ်းကိုတခြား၊ ကချင်နဲ့တမျိုး၊ ဝနဲ့ မိုင်းလား သီးသန့် ခွဲပြီးဆွေးနွေးတယ်၊ ကိုးကန့် MNDAA၊ ရခိုင် AA၊ ပလောင် TNLA ၃ ဖွဲ့ကို ခွဲထုတ်လိုတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် မြောက်ပိုင်း ၇ ဖွဲ့လုံးက အတူတူ ရပ်တည်နေတယ်လို့ ဆိုပါတယ်၊ ဘယ်အတိုင်းအတာထိ တောင့်ခံနိုင်မလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ မူလရပ်တည်ချက်ကတော့ တစ်နိုင်ငံလုံးအပစ်ရပ်စဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ သဘောထားတွေက တစ်ထပ်တည်းရှိနေတယ်။

မေး- ပြီးတော့ UNFC အဖွဲ့မှာလည်း ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နေပါပြီ၊ ဆရာတို့ UNFC ဘယ်လို ရှေ့ဆက်သွားမလဲ?

ဖြေ-UNFC နဲ့ပတ်သက်ပြီး ဒီ ၈ လပိုင်းမဖြစ်နိုင်ရင် ရှေ့လမှာ ညီလာခံကျင်းပပြီး နည်းလမ်းရှာသွားမယ်၊ UNFC တပ်ပေါင်းစုကို ဆက်ပြီးထိန်းထားချင်တယ်၊ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဖြေရှင်းတဲ့ကိစ္စတွေမှာ UNFC တပ်ပေါင်းစုက အခြေခံအားအကောင်းဆုံးဖြစ်တယ်၊ တနည်းအားဖြင့် NCA လက်မှတ်ထိုး ၈ ဖွဲ့နဲ့ရော မြောက်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ရင်းနှီးကျွမ်းဝင်စွာနဲ့ ဆက်နွယ်မှုရှိသလို ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ နိုင်ငံရေးပါတီတွေနဲ့လည်း အဆက်အသွယ်ရှိပါတယ်၊ တိုင်းရင်းသားအားလုံး အပြန်အလှန်နားလည်မှုရှိကြဖို့ အင်အားတွေတစ်စုတစ်စည်းတည်းဖြစ်ဖို့နဲ့ တစ်ခုတည်းသောအမြင် စုစည်းနိုင်ဖို့က UNFC အပေါ်အများကြီး မူတည်နေပါတယ်၊ ဒါကြောင့် UNFC အဖွဲ့ကို ခိုင်ခိုင်မာမာရှိစေလိုပြီး ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုအပ်တယ်လို့ မြင်တယ်။

မေး- ရေးမြို့မှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်ရှိလာတဲ့အချက်ပေါင်း (၇၁) ချက်ရှိခဲ့တယ်၊ ဘယ်လောက်များ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ရောက်သွားပါသလဲ?

ဖြေ-နည်းနည်းလေးပါပဲ၊ ပြောရမယ်ဆိုရင် လူမှုရေးအချက်တွေလောက်ပဲ ပါဝင်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှမရှိပါဘူး၊ မြေယာကိစ္စ အနည်းအကျဉ်းပါဝင်တယ်၊ ကျနော်တို့ မွန်က တင်ပြထားတဲ့အချက်တွေကို UPDJC မှာ သိမ်းထားပါတယ်၊ အချိန်တန်ရင် ဆွေးနွေးသွားမှာပါ၊ ပြီးခဲ့တဲ့ညီလာခံအတွက် အလွတ်သဘောဆွေးနွေးမှုတွေမှာ ဆွေးနွေးမယ့်ခေါင်းစဉ်တွေကို သဘောတူညီမှုမရခဲ့တဲ့အတွက် မတင်ပြနိုင်ခဲ့ပါ။

မေး-နောက်ဆုံးအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အထူးသဖြင့် မွန်လူထုကို ဘယ်လိုတိုက်တွန်းလိုပါသလဲ?

ဖြေ- ကျနော်တို့ မွန်တိုင်းရင်းသားကို အဓိကတိုက်တွန်းချင်ပါတယ်၊ သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းပဲ သူတို့လူမျိုးအလိုက် သူတို့ရှင်းပြပါလိမ့်မယ်၊ ကျနော်တို့ တော်လှန်ရေးသက်တမ်းတလျောက် အနှစ် ၇၀ ကာလတွေမှာ စားပွဲဝိုင်းပေါ် နိုင်ငံရေးဆွေးနွေးတဲ့ အခွင့်အလမ်း တစ်ကြိမ်တစ်ခါမှ မပေါက်ပေါက်ခဲ့ပါဘူး၊ အဲဒီအခွင့်အလမ်းတွေ အခုရှိနေပါပြီ၊ အခုလို နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်တာကို ပြည်သူတွေကလည်း သိရှိနေရသလို နိုင်ငံတကာကလည်း ကြားသိနေရပါတယ်၊ အဖွဲ့အစည်းအသီးသီးကလည်း သိရှိနေပြီဖြစ်တဲ့အတွက် ဥပမာအားဖြင့် ခုလိုအချိန်အခါမှာ တိုင်းရင်းသားတွေ ဖြစ်သင့်ဖြစ်ထိုက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရရှိဖို့ဆိုရင် မိမိတို့လိုရာကိုပဲ ဆွဲနေလို့ မဖြစ်သင့်ပါဘူး၊ အားလုံး သဘောတူလက်ခံနိုင်ဖို့ လိုအပ်တယ်၊ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး လက်ဝါးကြီးအုပ် စိုးမိုးခြယ်လှယ်တာ မရှိဘဲနဲ့ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ တနည်းအားဖြင့် ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ရေးအတွက် ကျနော်တို့အားလုံး ကြိုးပမ်းရပါမယ်၊ ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ မွန်နိုင်ငံရေးပါတီတွေအပါအဝင် မွန်တစ်မျိုးသားလုံးအနေနဲ့ရော မိမိတို့အားသန်ရာ တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်ပေးကြပါ၊ ရသင့်ရထိုက်တဲ့ မိမိတို့အမျိုးသားအခွင့်အရေးတွေကို ကျနော်တို့ညီညွတ်စွာနဲ့ တစ်သံတည်းတောင်းဆိုနိုင်ရင် ခက်ခဲလိမ့်မှာ မဟုတ်ပါဘူး။ တဖက်မှာလည်း ကျနော်တို့ရဲ့ မွန်အမျိုးသားတပ်မတော် MNLA ကိုလည်း ပိုပြီးကျစ်လစ်ခိုင်မာအောင် တည်ဆောက်ရမယ်၊ မိမိတို့တပ်ဖွဲ့ အင်အားမရှိရင်လည်း အရေးပေးဆက်ဆံခံရလိမ့်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဘာမှအာမခံချက်မရှိသေးရင်တော့ ကျနော်တို့တပ်ဖွဲ့အင်အားတွေကို ရေရှည်ဆက်ပြီး ထိန်းသိမ်းသွားဖို့လိုတယ်၊ ဒါကြောင့် အခုလိုကာလမျိုးတွေမှာ တဖက်မှာလည်း တပ်အင်အားခိုင်မာဖို့ အခြားတဖက်မှာလည်း နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့နေရာမှာ အမျိုးသားတန်းတူရေးတောင်းဆိုတဲ့နေရာမှာ ကျနော်တို့ မွန်တစ်မျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ လက်နက်တွေ စစ်ပွဲတွေနဲ့သာ ဆက်ပြီးတိုက်ခိုက်နေကြမယ်ဆိုရင် ဘယ်သောအခါမှ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး၊ ဘယ်လိုပဲ ပစ်နေခတ်နေတိုက်ခိုက်နေကြပါစေ နောက်ဆုံးတစ်နေ့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာကြရမှာ ဖြစ်တယ်၊ အဲဒီလို နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ဆွေးနွေးအဖြေရှာတဲ့အခါ မွန်တစ်မျိုးသားလုံး ညီညီညွတ်ညွတ်နဲ့ တစ်သံတည်းတောင်းဆိုနိုင်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

-ကျေးဇူးတင်ပါတယ်။