“ကျွန်တော်တို့လူမျိုးစုရဲ့ တော်လှန်ရေးမဟုတ်ဘဲ အခြားလူမျိုးရဲ့တော်လှန်ရေးက ကျွန်တော်တို့ပလက်ဝဒေသကို အင်မတန်မှ ထိခိုက်နှစ်နာပါတယ်။ အဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေကိုဘက်ပေါင်းစုံမှာ ထိခိုက်နှစ်နာဆုံးရှုံးတွေလည်းအများ ကြီးရှိပါတယ်။ မဖြစ်စေချင်ပါဘူး” ဦးစိုးထက်(ဝန်ကြီး၊ ချင်းအစိုးရအဖွဲ့)

0
361

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး ဦးစိုးထက်နှင့် အင်တာဗျူး

၂၀ နို၀င်ဘာ ၂၀၂၀

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ခြေကုတ်ယူ လှုပ်ရှားလာတဲ့နောက်ပိုင်းကစပြီး တပ်မတော်နဲ့ ထိပ်တိုက်တွေ့ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာတာကြောင့် ပလက်၀ မြို့နယ်ဟာ စစ်တလင်းနယ်မြေဖြစ်ခဲ့ရသလို တိုက်ပွဲကြောင့် အပစ်မဲပြည်သူအမြောက်အများ နေရပ်စွန်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တပ်မတော် နဲ့ AA တပ်ဖွဲ့ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ယခင်ကထက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ပလက်၀ြမ်ို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ အပစ်မဲပြည်သူ သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်ဘ၀ ရောက်ခဲ့ရပါတယ်။ ချင်းပြည်နယ် ပလက်၀မြို့နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။ ပလက်၀မြို့နယ်မှာ စစ်ရေးပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာနိုင်သလား၊ စစ်ရေးပဋိပက္ခကို ဘယ်လိုငြိမ်းသတ်ကြမလဲ၊ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ထားရှိပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်၊ စက်မှုလက်မှု၀န်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ခုချိန်ထိ ပလက်ဝဒေသမငြိမ်းချမ်းသေးတဲ့အပေါ်မှာ ပလက်ဝသားတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ဒေသက တော်လှန်ရေးလည်း မလုပ်ဘူး၊ သူများတွေ လုပ်တဲ့တော်လှန်ရေးအပေါ်မှာ ဒေသခံတွေ သေဆုံး၊ ပျောက်ဆုံး အများကြီးဖြစ်တယ်။ အခုလည်း အဖမ်းခံရပြီး ပြန်မလွတ်တဲ့သူတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ လူတွေက လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူသူတွေပျောက်ဆုံး သွားတဲ့သူတွေလည်း အများကြီးရှိတယ်။ ဒီစစ်ပွဲတွေက ပြည်တွင်းစစ်ပွဲဖြစ်တာ နှစ်ပေါင်း ၇၀ကျော်သွားပြီ လက်နက်ကိုင်တော်လှန်နေလို့ကတော့ ဒီလိုဟာမျိုးကပြီးမှာ မဟုတ်ဘူး။ ငြိမ်းချမ်းဖို့အတွက် တက်ညီလက်ညီ ဝိုင်းတည်ဆောက်မှ ရမှာ။ နိုင်ငံတော်အပိုင်းကရော၊ တပ်မတော်ပိုင်းကရော၊ သူတို့ငြိမ်းချမ်းရေးလုပ်ချင်ရင် ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ရမှာပေါ့။ ဒါပေမယ့် သူတို့လုပ်တဲ့ လမ်းစဉ်တွေအတွက် သူတို့ဖက်က ဆွေးနွေးဖို့အတွက် နည်းနည်း ခက်ခဲတဲ့အနေထားမှာ ဖြစ်တယ်။ နိုင်ငံတော်ဖက်ကနေပြီးတော့ တည်ဆောက်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ NCA လက်မှတ်ထိုးတဲ့လမ်းစဉ်ထဲမှာ ပေါင်းပြီးမှ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကိုဝင်မှ အေးချမ်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ချင်းလူထုဖြစ်ဖြစ်၊ ရခိုင်လူထုဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ဝင်မှအေးချမ်းသွားမယ်လို့ ထင်တယ်။

မေး။ ။ ပလက်ဝဒေသအနေနဲ့စစ်ပွဲဖြစ်တဲ့အတွက် ဘယ်လောက်ထိ ဆုံးရှုံးနစ်နှာမှုတွေကြုံနေရလဲ။

ဖြေ။ ။ စစ်ပွဲတွေကြောင့် ကျွန်တော်တို့စားဝတ်နေရေးတွေအင်မတန်မှ ခက်ခဲတယ်။ စစ်ပွဲတွေကြောင့် သေဆုံး၊ အဖမ်းခံပျောက်ဆုံးတဲ့သူတွေလည်း ရှိပါတယ်။ လူ၁၀၀ကျော်လောက် ဒီစစ်ပွဲကြောင့် ဖမ်းဆီးခံရတာရှိတယ်၊ ပြန်လွတ်တဲ့သူတွေလည်းရှိတယ် ၊၂၀ကျော်လောက် ပြန်မလွတ်သေးဘူး။ သေဆုံးတဲ့သူတွေလည်း ၅၀ လောက်ရှိမယ်ဒဏ်ရာရတဲ့သူတွေရော အဲ့ပတ်ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒီအပြင် စားဝတ်နေရေးမပြေလည်ပဲ ပလက်ဝမှာ IDP လုပ်ထားတယ်။ ဆမီးမှာ IDP လုပ်ထားတယ်၊ မီးဇာမှာလုပ်ထားတယ်။ စိမ်းဆင်းဝ IDP ဆိုပြီး (၄)နေရာမှာလုပ်ထားတယ်။ အဲမှာရှိတဲ့သူတွေက ကိုယ့်ရွာကိုပြန်ချင်ကြတယ်၊ အဲ့ရွာကို ပြန်လို့မရသေးတဲ့အတွက် လက်ရှိ စစ်ရေးမအေးချမ်းသေးတဲ့အတွက် ပြန်လို့မရဘူး။ ကျွန်တော်တို့ချင်းလူမျိုးတွေက ကိုယ့်ဒေသ၊ကိုယ့်ရွာကို ခင်တွယ်မြတ်နိုးတဲ့သူတွေဆိုတော့ ပြန်ချင်ကြတယ် စစ်ရေးကြောင့်မပြန်နိုင်ကြဘူး။

မေး။ ။ ခုလက်ရှိ ပလက်ဝဘက်အခြေအနေ ဘယ်လိုရှိလဲ၊ စစ်ပွဲဆက်တိုက်ဖြစ်နေလား။

ဖြေ။ ။ မိုးတွင်းကာလဖြစ်တဲ့အတွက် ငြိမ်နေပေမယ့် အေအေတွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်တဲ့အခါ သူတို့လိုချင်တာမဖြစ်တဲ့အတွက် ခုရွေးကောက်ပွဲဆိုရင် သူတို့ဒေသမှာ မဖြစ်တာတော်တော်များတယ်။ တကယ်လို့သူတို့တောင်းဆိုတာ မဖြစ်လာဘူူးဆိုရင် စစ်ရေးပဋ္ဋိပက္ခ ဖြစ်လာနိုင်တယ်။ ခုပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ပိုဖြစ်လာနိုင်တယ် အဲ့လိုဆိုရင် လူထုကဒုက္ခရောက်လာနိုင်တယ်။ အဲ့လိုဖြစ်မဲ့အစား ငြိမ်းချမ်းတဲ့စကားဝိုင်းထဲမှာရောက်ပြီးတော့ ငြိမ်းချမ်းတဲ့အရာကို ဖော်ဆောင်သင့်တယ်လို့ ကျွန်တော်တို့ဒေသခံတွေကမျှော်လင့်တာပေါ့၊

မေး။ ။ ပလက်ဝဒေသ ငြိမ်းချမ်းရေးအတွက် ဆရာတို့ချင်းပြည်နယ်အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ စိတ်ကူးထားလဲ။

ဖြေ။ ။ ကျွန်တော်တို့က လက်ရှိ စစ်ရေးလှုပ်ရှားနေတဲ့စစ်ရေးပဋ္ဋိပက္ခတွေကို ကျွန်တော်တို့ဖက်ကတော့ အမြဲတမ်းအစိုးရဖက်နဲ့ NCA လက်မှတ်ထိုးစေချင်တာပေါ့။ ဒါပေမယ့် ရေရှည်တော့ စစ်ရေးပဋိက္ခတွေကို ဘယ်တော့မှ အဆုံးမသတ်နိုင်ကြဘူး။ စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ ပြီးမယ့် ကိစ္စရပ်တွေဖြစ်တဲ့အတွက် အခုလည်း နိုင်ငံတော်အဆင့်ကနေ ငြိမ်းချမ်းရေးဖက်ကို ထဲထဲ၀င်၀င် လုပ်ဆောင်နေတယ်၊ ပင်လုံဆွေးနွေးပွဲတွေကို လုပ်နေတယ်။ အဲ့ဘောင်ထဲမှာ ဆွေးနွေးမှ အဆင်ပြေမှာ၊ အဲ့တာတောင်မှ ညှိနှိုင်းပေါင်းစပ်လုပ်ရမဲ့အရာတွေအများကြီးရှိတယ်။ တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်ခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီ ဒါကအဖြေမထွက်နိုင်ဘူး။ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာဆွေးနွေးမှ ကိုယ့်ဒေသဖွံ့ဖြိုးရေး၊ ကိုယ်ဒေသတည်ဆောက်ရေးပဲဖြစ်ဖြစ် ပြီးစီးသွားမှာဖြစ်ပါတယ်။ အဲ့တာကြောင့် လက်နက်ကိုင်ဖက်က ဖြစ်ဖြစ်၊ နိုင်ငံရေးသဘောတူတဲ့ဖက်ကဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲမှာ အကုန်ပါဝင်နိုင်မှ အေးချမ်းနိုင်မှာ အဲ့လိုမျှော်လင့် ပါတယ်။

မေး။ ။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အစိုးရဘက်ကနေပြီးတော့ ဘယ်လိုထောက်ပံ့တာတွေ ဆောင်ရွက်နေလဲ။

ဖြေ။ ။ ခုနိုင်ငံတော်အဆင့်ကနေပြီး လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဖက်ကနေပြီး ထောက်ပံတာတွေလည်း တောက်လျှောက်လုပ်နေတယ်။ စားဝတ်နေရေးအတွက်ကို ထောက်ပံ့ပါတယ်။ WFP ကလည်းထောက်ပံ့ ပါတယ် ICRC ၊ MRCS ကလည်းစပြီးတော့ထောက်ပံ့နေပါတယ်။ ပြီးတော့ ပြည်တွင်းပြည်ပကရောက်တဲ့ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေလည်းငွေကြေးထည့်ဝင်ပြီးတော့ အဓိက ဆန်တွေ၊ ခုရက်ပိုင်းက အေးလာတော့ အဝတ်အထည်တွေ အလှူခံပြီး ပို့ပေးတာတွေရှိတယ်။ ငွေကြေးနဲ့ပါဝင်တဲ့သူရှိသလို၊ ပစ္စည်းနဲ့ပါဝင်ပေးတဲ့ သူတွေလည်းရှိတယ်၊ အဓိကတော့ နိုင်ငံတော်ကပံ့ပိုးတဲ့ဟာတွေကို အဓိကယူပြီး ဒေသခံတွေလက်ထည့် ဆန်၊ဆီ၊ပဲ၊ ရအောင်လုပ်ပေးတယ်၊ အဝတ်အထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေ လုပ်ပေးတာပေါ့၊ IDP မှာနေနိုင်အောင် နိုင်ငံတော်ကဘတ်ဂျက်တွေ ချပေးတယ်။ ပြည်နယ်ဘတ်ဂျတ်နဲ့လက်ရှိ IDPမှာနေလို့ရအောင် တဲတွေဆောက်ပေးတယ်လက်ရှိက၊

မေး။ ။ စစ်ဘေးရှောင်တွေအတွက် ပြန်လည်နေရာချထားရေးတွေကိုရော လုပ်ဆောင်သွားဖို့ရှိလား။

ဖြေ။ ။ နောင်တချိန် ဒီထက်ပိုအေးချမ်းတဲ့အခါကြရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ထုတ်ပြန်ချက် ထုတ်ထားတယ် အေးချမ်းသာယာတဲ့အခါကြရင် လိုအပ်တဲ့လူမှုဒုက္ခတွေအတွက်ကိုဖြေရှင်း ပေးဖို့အတွက် အိမ်ယာတွေ၊လူမှုရေးအဆင့်တန်းတစ်ခု လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်လို့ လမ်းညွှန်တာရှိပါတယ်။ ခုကမအေးချမ်းသေးတော့ ဘာမှလုပ်လို့မရသေးဘူး အနေအထားဖြစ်နေတယ်။ ခုက မိုးရာသီဆိုတော့ ခဏပစ်ခတ်ရပ်ဆဲသလို ဖြစ်နေပေမယ့် ပွင့်လင်းရာသီဆိုရင် စိုးရိမ်တယ်။ ပွင့်လင်းရာသီဖြစ်ရင် စစ်ရေးပဋ္ဋိပက္ခတွေ ပိုပြီးတော့ ဆိုးလာနိုင်တယ်။

မေး။ ။ ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတွေများတော့ ဒီဟာက အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ထင်လား။

ဖြေ။ ခုလည်းပဲ နိုင်ငံရေးအခင်းအကျင်းက ရခိုင်မြောက်ဖက်ခြမ်းမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်တာ (၇)မြို့နယ်လောက် ရှိတယ်။ ရွေးကောက်ပွဲလုပ်နိုင်တာကလဲ တဝက်လောက်ပဲရှိတယ်။ ထုတ်ပြန်ချက်တွေကို ဖတ်ကြည့်တာ စိုးရိမ်စရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပလက်ဝမှာပဲ ရွေးကောက်ပွဲပဲကျင်းပခဲ့တာပါ အောင်မြင်စွာပြီးသွားပါတယ်။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ တောင်းဆိုတာနဲ့ပဋိပက္ခအသွင်ကိုဆောင်တဲ့ ဟာတွေလည်း တွေ့ရတယ်၊ ဒါမျိုးတွေက ကျွန်တော်တို့ဖက် က စိုးရိမ်စရာတွေဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် NCAနဲ့လက်မှတ်ထိုးပြီးတော့မှ နိုင်ငံတော်နဲ့ ညှိနှိုင်းပြီးဆွေးနွေးပြီးမှ အဖြေရှာသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လူမျိုးစုရဲ့ တော်လှန်ရေးမဟုတ်ဘဲ အခြားလူမျိုးရဲ့တော်လှန်ရေးက ကျွန်တော်တို့ပလက်ဝဒေသကို အင်မတန်မှ ထိခိုက်နှစ်နာပါတယ်။ အဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေကိုဘက်ပေါင်းစုံမှာ ထိခိုက်နှစ်နာဆုံးရှုံးတွေလည်းအများ ကြီးရှိပါတယ်။ မဖြစ်စေချင်ပါဘူး။

မေး။ ။ နောက်လာမယ့် အစိုးရသက်တမ်းမှာ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးကြတာ တချို့ရှိတယ်၊ တကယ်လို့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် ပလက်ဝဒေသ ငြိမ်းချမ်းရေးအတွက် ဘာတွေလုပ်ဆောင်မလဲ။

ဖြေ။ ။ ပြည်သူလူထုကပဲဖြစ်ဖြစ် ၊အစိုးရကပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ပြောချင်ပါ တယ်။ ပြည်တွင်းပြည်ပက ပေးတဲ့အတွေ့အကြုံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့ အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ နောက်တခုက အမြင့်ဆုံးရာထူးပဲဖြစ်ဖြစ် ခုလို အစိုးရအဖွဲ့ဝင် ဝန်ကြီးပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော် တာဝန်ကျေဖို့အဆင်သင့်ပါ။ လက်ရှိလည်း ပြည်နယ်အတွင်းမှာ လုပ်ရမဲ့အရာတွေကို ခွဲခြားမှုမရှိဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ရအောင်သွားပြီးမှ လက်ရှိဆောင်ရွက်နေတယ်။ စစ်ရေးပဋိပက္ခဖြစ်တဲ့ဟာဆိုရင်လည်း စစ်ရေးဖြစ်တဲ့အတွက် သာမန်အားဖြင့် ဘယ်သူမှ ဒီဒေသမျိုးကို သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြားက ကိုယ့်ဒေသကို သွားပြီး လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာ၊ နိုင်ငံတော်ကိုယ်စား၊ ပြည်နယ်အစိုးရကိုယ်စား၊ နယ်မြေအဖွဲ့အစည်း တွေမျိုးလုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကို ခံရတဲ့ထိဖြစ်ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမျိုးတွေကို သွားဖို့အင်မတန်မှ ခက်ပါတယ်။ အဲလိုဒေသကိုလည်း ဖွံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင်လုပ်ဖို့ကလည်း အင်မတန်မှခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူပြီးမှလုပ်ရမယ့် အနေအထားပါပဲ။ အချိန်ယူ လုပ်မယ်၊ နောက်သဘောထားတွေပြောင်းအောင် ဆွေးနွေးမယ်။ နောက်လိုအပ်တဲ့ဖြည့်ဆည်းမှုတွေလုပ်ပြီးမှ ပြီးသွားမယ့်ဟာတွေဖြစ်ပါတယ်။ တာဝန်ပေးမယ်ဆိုရင် မလုပ်နိုင်စရာမရှိပါဘူး။

ခိုနူမ်းသုန် မှ ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here