နေရပ်ပြန်ချိန် လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေး အာမခံချက်ပေးရန် စစ်ရှောင်ပြည်သူများ တောင်းဆို

0
79

နိုဝင်ဘာလ ၂၀ ရက်။ ၂၀၂၀ ခုနှစ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ယာန်ကျေးရွာသို့ ပြန်ရန် စာရင်းပေးထားသည့် စစ်ဘေးရှောင်များ တွက် လုံခြုံရေးအပြင် ပြန်လည်ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်များ အားလုံးကို အစိုးရ တာဝန်ရှိ သူများက ကူညီလုပ်ဆောင်ပေးရန် အလိုအပ်သည်ဟု စစ်ရှောင်များက ပြောသည်။

လုံခြုံရေးအပြင် နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အာမခံချက်ရှိရှိဖြင့် ကူညီလုပ်ဆောင်ပေးရန် လိုအပ်သည်ဟု စစ်ရှောင်များက ပြောသည်။

မိုင်းနား (KBC) စခန်းမှ စစ်ရှောင် ကိုဆွတ်အောင်က “အဓိကက ကျနော်တို့ရဲ့ ဒေသခံ ပြည်သူတွေက ခြံ တွေ တောင်ယာတွေ အဓိက လုပ်ကိုင် စားသောက်နေရတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော ကျနော်တို့ ဒီမှာ ပြန်လာနေထိုင် ရပြီ ဆိုက တည်းကနေ တောင်ယာတို့ ခြံတို့ကို အဓိက ပြန်ပြီးမှ လုပ်ကိုင် စားသောက်ကြ မှာ ဖြစ်ပါတယ်လို့ အဲလိုဆိုတော့ နှစ်ဖက်စလုံးပေါ့နော အစိုးရ နှစ်ဖက်စလုံးကနေပြီးတော့ ကျနော်တို့ ပြည်သူ တွေကို ဘာမှ ထိခိုက်မှု မရှိအောင်တော့ လုံလုံခြုံခြုံနဲ့ လုပ်ကိုင်စားသောက် နိုင်ဖို့ အတွက်တော့ ဆန္ဒရှိတာပေါ့” ဟု ပြောသည်။

ဒဘတ်ယာန်ကျေးရွာသို့ နေရပ်ပြန်ကြရန် လက်ရှိ စာရင်းလာပေးထားသည့် စစ်ရှောင်များမှာ အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေးထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည် ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ၏ စာရင်းများအရ သိရသည်။

“စစ်ရှောင်ပြီး ကျနော်တို့ ကိုယ့်ဒေသကို ကိုယ်ပြန် လာရမယ် ဆိုတော့ အတိုင်းမသိ ၀မ်းသာပါတယ်။ ပြီးလို့ ရှိရင် အဓိကကတော့ လုံခြုံမှုပေါ့ လုံခြုံမှုကို အဓိက ရချင်တာပေါ့နော်။ ကျနော်တို့ ဒီမှာ ပြန်လာနေတယ် ဆို တာကလည်း ဒီ KIA နဲ့ စစ်ဖက်ဆိုင်ရာဌာနက နေပြီးတော့ လက်မှတ်ရေးထိုးထား ပြီးနောက် ပြန်လာနေ တာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒါကို လုံခြုံမှု အဓိက ရချင်တယ်” ဟု ကိုဆွတ်အောင် က ဆက်ပြောသည်။

စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအပြင် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ကြမည့် စစ်ဘေး ရှောင်များ၏ နေထိုင်စားသောက်ရေးအတွက်လည်း KHCC မှ အနည်းဆုံး ၃ လမှ အများဆုံး ၆ လအထိ တာ၀န်ယူသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဒေသခံများ ဒေသတွင်း သွားလာလုပ်ကိုင်စားသောက် နိုင်ရန် အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဦးခါးလီက “ဒီမှာပြန်လာရင်တော့ ဒီဖက်မှာ သူတို့ရောက်ရောက်ချင်းတော့ သူတို့ တွေရဲ့ ဆန်၊ဆီ၊ဆား၊ ပဲပေါ့ နော ဆန်၊ ဆီ၊ဆား၊ပဲ အနည်းဆုံး ၃ လကနေ အများဆုံး ၆ လအထိ ကျနော်တို့ တစ်ခါတည်း ကူညီ ပေးနိုင် အောင်လို့ ကျနော်တို့ စီစဉ်နေတယ်။ ပြီးတော့ လုပ်ကိုင်စားသောက်ဖို့နေရာ ကိုယ့်ခြံ၀န်းမှာ နေပြီးတော့ လုပ် ကိုင်စားသောက်မယ့် အသက်မွေးကြောင်း လုပ်ငန်းပြုမယ့်ဟာလည်း ကျနော်တို့ စီစဉ်နိုင်အောင်လို့တော့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီထက် ကျယ်ပြန့်ပြီးတော့ လုပ်မယ်ဆိုရင် တော့ ခုနပြောတဲ့ မိုင်းရှင်း လင်းရေး ဘာတို့ တစ်ခေါက်ပြီးစီစဉ်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်” ဟု ပြောသည်။

ဒေသခံများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲမျိုးစုံကြားက ကြာရှည်စွာ နေထိုင်နေရသည့် အတွက် ယခုကဲ့သို့ နေရပ်ပြန်ရမည်ဖြစ်သည့်အတွက် စိတ်လွတ်လပ်ပေါ့ပါးမှုနှင့်အတူ ပျော်ရွှင်မှုကို လည်း ခံစားရသည်ဟု ဝိုင်းမော်မြို့နယ် မိုင်းနား(RC) စစ်ဘေးရှောင်စခန်းမှ ဒေါ်ဇနန်း က ပြောသည်။

“ကျမတို့ရွာမှာ ပြန်လာနေပြီဆိုတော့ စိတ်ပျော်တာပေါ့ ဟိုမိုင်းနားမှာနေတော့ ကျမတို့ တောကလူတွေ တော့ ရှာစားလည်း မတတ်ဆိုတော့ တောမှာပဲ နေချင်တာပေါ့ အခုခြံမှာနေလည်း ဒီမှာ လွတ်လွတ်လပ် လပ် မနေရ လို့ မပျော်ဘူးပေါ့။ အခုအိမ်ပြန်မယ်ဆိုတော့ အခုတော့ စိတ်ပျော်သွားတယ်လေ။ အိမ်မှာ ပြန် လာနေ ရပြီဆို တော့ အခုစိတ်ပျော်သွားလို့ ဒီအတိုင်း နေတာပေါ့။ ကျမတို့က ကုန်းမှာဟုတ်တယ်။ ဟိုတ လောက ၃၄ ဦးမှာ ပါတယ်။ အဲမှာပါပြီးတော့ ဒီနေ့ ဒီမှာတော့ နာမည်လည်းထည့်စရာ မလိုတော့ဘူး။ ကောင်စီရုံးမှာပဲ သွားတာ ဒီနေ့ ဒီမှာ နာမည်မထည့်တော့ဘူး။”

ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၀၂၁ နှစ်ဆန်းပိုင်း တွင် နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်လျှက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် စတင်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက် ရေး ကော်မတီ KHCC က ပြောသည်။

KHCC မှ ဒုတိယ အတွင်းရေးမှူး (၃) ဦးခါးလီ က “အားလုံး စီစစ်ပြီးမယ် မိုင်းလည်း ရှင်းလင်းပြီးမယ် ဆိုရင် တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နို၀င်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ၀င်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါရီမှာ ပြီးမယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ပြော သည်။

နောက်အကျဆုံး ၂၀၂၁ ခုနှစ် မတ်လအတွင်း အပြီးသတ် ပြန်ပို့နိုင်ရေး စီစဉ်ထားသည်ဟု ကချင်ဒေသ စစ် ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။

အစိုးရ ဧရိယာထဲတွင်ရှိသည့် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်သကဲ့သို့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် အတွက်လည်း KHCC အနေဖြင့် အစိုးရ၊ တပ်မတော်၊ KIO တို့နှင့် ညှိနှိုင်းထားမှုများအရ သဘောတူမှုများလည်း ရရှိ ထား သည်ဟု KHCC က ဆိုသည်။

ဦးခါးလီ က “ဒီလက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တဲ့ သက်ဆိုင်ရာ တာ၀န်အရှိဆုံး အဖွဲ့အစည်း များလည်း ညှိ နှိုင်းပြီးသား ဖြစ် တဲ့အတွက် ညှိနှိုင်းပြီးသား ဆိုတာ ဒီနေရာမှာ ပြန်မယ်လို့ ကျနော်တို့ တင်ပြပြီးသား ဖြစ်တဲ့ အတွက် ကျနော် တို့ အတွက်တော့ ဒါ အတိုင်းအတာ တစ်ခုမှာ လုံခြုံတယ်လို့ ကျနော်တို့ ခံယူလို့ရပါတယ်။ ယူဆလို့ရပါတယ်။ သက်ဆိုင်ရာ KIA/KIO အဖွဲ့ကိုလည်း ကျနော်တို့ ဒီ ၁၇ ရွာမှာ ပြန်မယ်လို့ ပြောတဲ့အ ပိုင်း သူတို့လည်း သဘောတူပြီးသား ရွာဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေလည်း တပ်ပိုင်းဆိုင်ရာ က အစ အကုန်လုံး ဒီနေရာမှာ ပြန်မယ်လို့ အားလုံးသဘောတူတဲ့ နေရာဖြစ်တဲ့အတွက် ဒါတော့ ကျနော်တို့ အတိုင်း အတာ တစ်ခုမှာ လုံခြုံတယ် စိတ်ချရတယ်လို့ ကျနော်တို့ ဆိုနိုင်ပါတယ်ခင်ဗျာ” ဟု ပြောသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နို၀င်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာ ရင်းဌာန နှင့် လူ၀င်မှုကြီးကြပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှုများကို လုပ် ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း ကောက်ယူ လျက် ရှိသည်။

ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက် ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

အားမီ(NMG) – ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here