လာမည့်နှစ်ဆန်းပိုင်းအတွင်း စစ်ရှောင်အချို့ နေရပ်ပြန်ရေး လုပ်ဆောင်နေကြောင်း KHCC ပြော

0
170

ဓာတ်ပုံ – ကချင်စစ်ရှောင်ပြည်သူများအချို့အား တွေ့ရစဥ် (kbckachin)

နိုဝင်ဘာလ ၂၀ ရက် ၂၀၂၀ ခုနှစ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင် စခန်းများသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ရှစ်ရာနီးပါးခန့် မတ်လအတွင်းတွင် နေရပ်ပြန်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည် သူ များအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။

လာမည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ဘေးရှောင် ရှစ်ရာနီးပါးခန့်ကို ၎င်းတို့၏ နေရင်းဒေသဖြစ်သည့် ဒဘတ်ယာန်ကျေးရွာသို့ ပြန်လည် နေထိုင်နိုင်ရန်အတွက် နယ်မြေရှင်းလင်း ခြင်း၊ အိမ် ထောင်စု စီစစ်ခြင်း၊ မြေစာရင်းများ တိုင်းယူခြင်း စသည်တို့ကို စတင်လုပ်ဆောင်နေသည် ဟု KHCC မှ ဒုတိယ အတွင်းရေးမှူး (၃) ဦးခါးလီ က ပြောသည်။

ဦးခါးလီက “လူဦးရေက ခုနှစ်ရာ ကျော် ရှစ်ရာ နီးပါး ရှိပါတယ်ခင်ဗျား။ အားလုံး စီစစ်ပြီးမယ် မိုင်းလည်း ရှင်း လင်းပြီးမယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်တာက ကျနော်တို့ ဒီ နို၀င်ဘာ ၂၅ ရက်နောက်အကျဆုံး ဆောက်လုပ်ရေးတွေ ၀င်နိုင်မယ်။ အဲဒါပြီးလို့ရှိရင် ဆောက်လုပ်ရေးက ဖေဖော်ဝါ ရီမှာ ပြီးမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် မတ်လတော့ နောက်အကျဆုံးနဲ့ မတ်လလောက်တော့ အားလုံးလည်း ပြန်နိုင် မယ်။ ဆောက်လုပ်ရေးလည်း ပြီးစီးမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်ခင်ဗျာ” ဟု ပြောသည်။

လက်ရှိစာရင်းများအရ နေရပ်ပြန်မည့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၁၆ စု နှင့် ယခင်က အစိုးရကို စာရင်း ပေး ထားသည့် အိမ်ထောင်စု ၃၇ စု စုစုပေါင်း အိမ်ထောင်စု ၂၅၃ စုမှ လူဦးရေ ရှစ်ရာနီးခန့်ဖြစ်သည် ဟု ဆရာခါးလီက ပြောသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်အတွက် နို၀င်ဘာလ ၁၂ ရက်နေ့က ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန နှင့် လူ၀င်မှုကြီးကြပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းစစ်ဆေးမှု များကို လုပ်ဆောင်နေသည်သာမက နေရပ်ပြန်မည့်သူများ၏ စာရင်းများကိုလည်း စတင်ကောက်ယူ လျက် ရှိသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းရေးကိုလည်း မြောက် ပိုင်း စစ်ဌာနချုပ်မှ လုပ်ဆောင် ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

မိုင်းရှင်းလင်းရေးကို ဦးဆောင်ကာ တာ၀န်ယူလုပ်ဆောင်သွားမည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက “ကျနော်တို့ ဒီ ဒဘတ်ယာန်ကျေးရွာမှာ မိုင်းရှင်းဖို့ စေလွှတ်လိုက်လို့ ကျနော်တို့ ရောက်လာပါ တယ်။ ရောက်လာတဲ့အတွက် ကျနော်တို့ ဟိုဖက်မှာ အိမ်ထောင်စု ၃၇ စုရှိတယ်။ ဟိုဖက်မှာ ၃၇ စုကတော့ အဲဖက်ကို အရင်စရှင်းခဲ့လိမ့်မယ် ကျနော်ပြီးမှ ဒီဖက် ခြမ်းကိုလာမယ် ဒီဖက်ခြမ်းကို လာလို့ရှိရင် အုပ်ချုပ် ရေးမှူးတို့က တောင်းဆိုတဲ့ အုပ်ချုပ်မှု အဆောက်အဦး ဆိုတာရှိပါတယ်။ စာသင်ကျောင်းတို့ ဘုရားကျောင်း တို့ ဆေးခန်းတို့ ဆေးရုံတို့ အုပ်ချုပ်မှု အဆောက်အဦးတို့ အဲဒါတွေကို ကျနော်တို့ ဦးစားပေး အရင်ရှင်းမယ်။ ရှင်း ပြီးသွားရင်ဒါ ဒေသခံပြည်သူတွေ နေတဲ့ နေအိမ် တွေ နေအိမ်မရှိတော့ရင်လည်း ခြံ၀န်းတွေကို ကျနော် တို့ ဆက်လက်ရှင်းပေးမှာ ဖြစ်ပါတယ်။ အဲတော့ ကျ နော်တို့ တစ်ရက်တည်းနဲ့တော့ အိမ်ထောင်စု နှစ်ရာ လုံးတော့ ရှင်းပေးလို့တော့ မရပါဘူး။ အဲတော့ တစ်နေ့ ကို ကျနော်တို့ အိမ်ထောင်စု ၆ စုဖြစ်ရင်ဖြစ်မယ် ၈ စုဖြစ် ရင်ဖြစ်မယ်” ဟု ပြောသည်။

ဦးခါးလီကလည်း “မိုင်းရှင်းလင်းရေးက သူကတော့ ၂ ပိုင်းရှိပါတယ်ခင်ဗျာ။ ပထမဆုံးက ဒီကိုယ့်ရဲ့ ခြံ၀န်း ပေါ့နော်။ ဒီ Public Area လို့ ပြောရမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ရှင်းမယ်ပေါ့နော အဲဒါ ရှင်းပြီးလို့ရှိရင်တော့ ကိုယ်လုပ်ကိုင်စားသောက်မယ့် နေရာမှာ စိုက်ပျိုးမြေတို့ စိုက်ပျိုးဧကပေါ့နော လယ် ယာ မြေလုပ် ကိုင်စားသောက်မယ့်နေရာ ပြန်ရှင်းဖို့ရှိပါတယ်။ ဆိုတဲ့အကြောင်း မိုင်းရှင်းလေးရေး ကိစ္စက ကျနော်တို့ အဲလိုမျိုး အကြမ်းအားဖြင့် စီစဉ်ထားတာ ရှိပါတယ်ခင်ဗျာ” ဟု ပြောသည်။

ဒဘတ်ယာန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေး ရွာ ဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိလာပြီ ဖြစ်သည်။

ဒေသခံများအနေဖြင့် စစ်ဘေးရှောင်စခန်းများတွင် အခက်အခဲမျိုးစုံကြားက ကြာရှည်စွာ နေထိုင်နေရသည့် အတွက် ယခုကဲ့သို့ နေရပ်ပြန်ရမည်ဖြစ်သည့်အတွက် စိတ်လွတ်လပ်ပေါ့ပါးမှုနှင့်အတူ ပျော်ရွှင်မှုကို လည်း ခံစားရသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့အပြင် နေရပ်ရင်းကို ပြန်မည့် စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် ပညာရေး၊ ကျန်း မာရေးတို့ကိုလည်း သက်ဆိုင်ရာ အစိုးရတာ၀န်ရှိသူများဖက်မှ ကူညီလုပ်ဆောင်ပေးရန် လိုသည်ဟု စစ် ဘေးရှောင်များ က ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရ သည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here