ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှုး(၂) Khu Daniel နှင့် အင်တာဗျူး

0
301

မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ KNPP ပါဝင်လာခဲ့တဲ့ သမိုင်းကြောင်းလေး ရှင်းပြပေးပါ။

ဖြေ။ ။ငြိမ်းချမ်းရေးက သမိုင်းကြောင်းပြောရင်တော့ တော်တော်လေးကိုကြာပါပြီ။ ၁၉၇၃ ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကတည်းက ရန်ကုန်အထိ ဆွေးနွေးဖို့သွားခဲ့တာ။ နောက် ၉၃/၉၄ ဦးခင်ညွန့်လက်ထက်တုန်းကလည်း တစ်ခါ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ၉၅ခုနှစ်မှာ သဘောတူညီချက်တွေ သုံးလလောက်ပဲရပြီး နောက်ပိုင်းမှာ ပျက်သွားတယ်။ ၂၀၁၀/၂၀၁၁ ဦးသိန်းစိန်လက်ထက်ရောက်လာတော့ ပြန်စတာပေါ့။ ငြိမ်းချမ်းရေးကြိုးပမ်းမှုကတော့ အမြဲတမ်းပါဝင်တယ် ပြောလို့ရပါတယ်။

မေး။ ။ တစ်ပြည်ထောင်စနစ်နဲ့သွားရတာထက်စာရင် ဖက်ဒရယ်စနစ်က ပိုပြီးတော့ခက်ခဲတယ်လို့ပြောကြတယ်။ ကယားပြည်နယ်အနေနဲ့ ဖက်ဒရယ်စနစ်အရ သွားဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံထဲက နယ်မြေတစ်ခုအနေနဲ့ သွားမယ်ဆိုလို့ရှိရင် ဘာအခက်အခဲတွေရှိနိုင်လဲ။

ဖြေ။ ။ ဖက်ဒရယ်စနစ်ပိုခက်ခဲတယ်ဆိုတာက အခြေခံမူက အဓိက စကားပြောပါတယ်။ ဥပမာ အခြေခံမူမကောင်းဘူးဆိုရင်တော့ ဖက်ဒရယ်က အုပ်ချုပ်ရတာခက်တယ်။ ဒါပေမယ့် လူတိုင်းက ကြိုက်တယ်ဆိုတာက ဖက်ဒရယ်ရှိတဲ့ တိုင်းပြည်အားလုံးပါပဲ သူ့ပြည်နယ်နဲ့သူကတော့ ကိုယ်ပိုင် အခြေခံမူတွေ ရေးဆွဲထားကြတယ်။ အဲဒီဟာကို လူများက ပိုကြိုက်တယ်ပေါ့လေ။ သူ့ပြည်နယ်နဲ့သူ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမူတွေ ရေးဆွဲမယ်။ အခွင့်အရေးတွေကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ထားမယ်။ လိုအပ်တဲ့ အာဏာတွေကိုပဲ ပြည်ထောင်စုတွေကိုပေးတဲ့စနစ် ဖြစ်တော့ လူတိုင်းက အဲဒါကိုကြိုက်တယ်။ အဲဒီမှာ အခြေခံမူတွေက ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်းမလုပ်ထားဘူးဆိုရင်တော့ ဒါခက်တဲ့အနေအထားမျိုးတော့ ရှိတာပေါ့။ အခုလက်ရှိ အခက်အခဲဖြစ်နိုင်တာက ဗဟိုချုပ်ကိုင်မှုအာဏာများမယ်ဆိုရင် ပြည်နယ်တိုင်းကလည်း အခက်အခဲဖြစ်စေမှာပေါ့။ လွတ်လွတ်လပ်လပ် ကိုယ့်ပြည်နယ်နဲ့ကိုယ် အခြေခံမူတွေပြဋ္ဌာန်းနိုင်မယ်ဆိုရင် ဒါကတော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် အဲဒီလောက်ထိ ဖြစ်လာဖို့ကလည်း အခုလက်ရှိ တပ်မတော်ဖြစ်ဖြစ် အစိုးရဖြစ်ဖြစ် ပြည်နယ်တိုင်းပါဝင်မှုက လိုတယ်။ လက်ရှိအနေအထားအရဆိုရင် အဲဒီဟာ မဖြစ်လာနိုင်သေးဘူး။ လောလောဆယ် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမူကိုပဲ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အတွက် အကြီးအကျယ် အဟန့်အတားဖြစ်စေတဲ့ အခြေခံမူတစ်ခုပဲ။ တကယ်လို့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုရင်တော့ ကိုယ့်ပြည်နယ်နဲ့ကိုယ် အခြေခံမူတွေ သီးသန့်ရေးဆွဲရမယ်။

မေး။ ။ ၂၀၀၈ အခြေခံဥပဒေက ဗဟိုချုပ်ကိုင်မှုကြီးတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရလား။

ဖြေ။ ။ အဲဒီသဘောမျိုးပါပဲ။ အခု လုံးလုံးလျားလျားက ချုပ်ကိုင်မှုပဲရှိပါတယ်။ ဖက်ဒရယ်နိုင်ငံမဖြစ်သေးဘူး။ အခြေခံမူကတော့ ဖက်ဒရယ်အခြေခံမူပြောလို့မရသေးဘူး။ ဒါက တစ်ပြည်ထောင်စနစ်ကို အခြေခံမူပဲဖြစ်တယ်။ ဥပမာ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် ဋ္ဌာနဆိုင်ရာဝန်ကြီးတွေပဲဖြစ်ဖြစ် ပြည်ထောင်စု ဝန်ကြီးတွေရဲ့အောက်မှာပဲ ရှိနေတယ်ပေါ့။ ဋ္ဌာနတိုင်းမှာ ညွှန်ကြားရေးမှုးရှိတယ်။ အဲဒီညွှန်ကြားရေးမှုးက အစိုးရကိုပဲ တာဝန်ခံရတယ်။ ဒီပြည်နယ်ကြီးတွေရဲ့အောက်မှာတိုက်ရိုက် မရှိဘူးဖြစ်နေတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရအဆက်ဆက်ကြုံရတယ်။ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုကြည့်ရင် ဦးသိန်းစိန်အစိုးရက NCA ကို အခြေခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ လမ်းပြမြေပုံအရပြောရရင်တော့ ဖက်ဒရယ် ကွန်စတီကျူးရှင်းဆွဲဖို့ ဇောင်းပေးတယ်လို့ မြင်ရတယ်ပေါ့နော်။ အဲဒီ၂ခုမှာ ပါဝင်လာခဲ့တဲ့ KNPP အနေနဲ့ ဘယ်လုပ်ငန်းစဉ်က (process) က ပိုပြီးတော့ ရှုပ်ထွေးတယ်လို့ထင်သလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် တစ်ဆင့်ပဲသွားသေးတော့ ဒီ NCA စာချုပ်ထွက်လာဖို့ အဓိကလုပ်ပြီးတော့ တစ်ပိုင်းကတော့ပြီးသွားပြီလို့ရပါတယ်။ သူက အပစ်အခတ်ရပ်စဲရေးတွေ တစ်ဖွဲ့ခြင်းဆီ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လုပ်လာတယ်။ ပြီးတော့ ဒီ NCA စာချုပ်ထွက်လာဖို့ တာဝန်ယူတဲ့ အချိန်ဖြစ်တော့ နိုင်ငံရေးအခန်းကဏ္ဍက မပါလာသေးတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ သူ့လက်ထက်မှာကတော့ ဒီ NCA ထိုးတဲ့အထိက နည်းနည်းတော့လွယ်တယ် ပြောလို့ရတာပေါ့လေ။ အခုဒီအစိုးရလက်ထက်မှာတော့ NCAကို အကောင်အထည်ဖေါ်တဲ့အဆင့်ရောက်လာတဲ့ အချိန်မှာ တကယ်တမ်း NCAစာချုပ်ထဲမှာ မပြည့်စုံသေးတဲ့ အချက်တွေပါလာတော့ အကောင်အထည်ဖေါ်ရတာ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေရော အစိုးရကိုယ်နှိုက်မှာရောပဲ။ တစ်ဆက်တည်း တစ်ဖက်တည်းမှာလည်း ဒီအခြေခံမူကို ကျော်လွှားဖို့ အခက်အခဲတွေ အများကြီးရှိတော့ ဒီအစိုးရလက်ထက်မှာ ပိုအခက်အခဲဖြစ်တယ်ပေါ့လေ။ ကျွန်တော်တို့ဖက်က အနေအထားတစ်ခုအရ ကြည့်မယ်ဆိုလို့ရှိရင် ဒီအစိုးရလက်ထက်မှာတော့ သိပ်မသွားနိုင်ဘူးလို့မြင်တယ်။

မေး။ ။ NCA ကို KNPP က မထိုးသေးပေမယ့် ကယားပြည်နယ်အတွင်းမှာ ကြည့်လိုက်လို့ရှိရင် အေးချမ်းနေတယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ ကျွန်တော်တို့ KNPP ကိုယ်နှိုက်ကတော့ ငြိမ်းချမ်းတယ်လို့ မခံယူသေးဘူး။ ဒီတိုက်ပွဲပြန်မဖြစ်တာတို့ ဖမ်းဆီးမှု စသဖြင့် ဒါတွေမရှိတာတစ်ခုပါပဲ။ ခိုင်မာတဲ့ငြိမ်းချမ်းမှုမရှိသေးဘူးပေါ့။ NCA ထိုးထားတဲ့အဖွဲ့တွေကိုကြည့်လိုက်ရင် NCA ထိုးပြီးတာတောင်မှ တိုက်ပွဲတွေဖြစ်နေတယ် ပြသနာတွေမကြာခဏဖြစ်နေတာ တခြားပြည်နယ်တွေမှာ တွေ့ရတယ်။ ကျွန်တော်တို့ဆီမှာကတော့ တိုက်ပွဲပြန်မဖြစ်ဖို့ ပဋိပက္ခထိပ်တိုက်တွေ မတွေ့ဖို့က အများကြီးရှောင်ရှားရတာပေါ့။ အဲဒါကိုလည်း ထိန်းထားတယ် လူထုကလည်း ပါဝင်မှုအားကောင်းလို့ ဒီလိုပြသနာတွေ မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် ခိုင်မာတဲ့ငြိမ်းချမ်းရေးပြောရင်တော့ အာမခံချက်မရှိသေးတဲ့ ငြိမ်းချမ်းမှုမျိုး ကိုတော့ တွေ့ရတယ်။

မေး။ ။ ခိုင်မာတဲ့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးမျိုးရဖို့ခက်တဲ့အခြေအနေမျိုးမှာ NCA တစ်ခုထဲထိုးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းသွားပြီလို့ပြောလို့ရလား။

ဖြေ။ ။ လက်ရှိ NCA ကိုပဲ ထိုးမယ်ဆိုရင် မလုံလောက်သေးဘူး NCA ထဲမှာပါတဲ့ အချက်အလက် ဥပမာ နိုင်ငံရေးဘယ်လိုဆက်သွားမလဲ ရှင်းရှင်းလင်းလင်း မရှိနေသေးဘူး။ ရှင်းရှင်းလင်းလင်း ရှိမှသာလျှင် အာမခံချက်ရှိတယ်ပေါ့လေ။ လက်ရှိ NCA ကိုပဲကြည့်မယ်ဆိုရင် လိုအပ်နေတဲ့အချက်တွေ အများကြီးရှိတော့ NCA ထိုးလဲ ဘာမှရှေ့သွားလို့မရတဲ့အနေအထားမျိုးမှာ တွေ့နေရတယ်။ အခုဒီထိုးပြီးသား ဆယ်ဖွဲ့တောင်မှ ခိုင်မာတဲ့စာချုပ်တွေ ရှင်းရှင်းလင်းလင်းရှိနေတဲ့စာချုပ်တွေမရှိလို့ပဲ ရှေ့ဆက်ဖို့ရာတော်တော်လေး ခက်တယ်ပေါ့လေ။ အဲဒါက ကျွန်တော်တို့ရဲ့အမြင် ။ ကျွန်တော်တို့ဖက်ကတော့ တချို့အချက်အလက်တွေရှိပါသေးတယ်။ လူထုကိုယ်နှိုက်က ဒီ NCA က ခိုင်မာတဲ့ NCA မဟုတ်သေးဘူး။ ဒါတွေပြင်သင့်တယ်၊ ရှင်းရှင်းလင်းလင်းဖြစ်သင့်တယ်။ နောက်လာမယ့် အနာဂါတ်မှာ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းလိုက်ရင်တော့ ထိုးသင့်တယ်လို့ လူထုကလည်း ဝိုင်းအားပေးတယ်။ ကျွန်တော်တို့နဲ့ တပ်နဲ့က ဒီဇင်ဘာလတုန်းက ပြသနာတစ်ခုရှိတယ်။ အဲဒီပြသနာကြောင့် ရှေ့ဆက်တိုးလို့မရတဲ့ အနေအထားရှိတယ်။ အဲဒီပြသနာကိုသူတို့ဖက်က ဖြေရှင်းပေးမှသာ ကျွန်တော်တို့က စဉ်းစားမယ်။

မေး။ ။ FPNCC ကထုတ်တဲ့ အပစ်အခတ်ရပ်စဲရေးအခြေခံမူတွေကိုရော ဘယ်လိုသဘောရလဲ

ဖြေ။ ။ ကျွန်တော် အဲဒါကိုသိပ်မလေ့လာအားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ကလည်း တော်တော်လေးရှေ့တိုးရခက်တဲ့ အနေအထားမျိုးမှာရှိတယ်။ ညီလာခံသွားတုန်းက သူတို့အဖွဲ့နဲ့သီးသန့်သွားတွေ့သေးတယ်လေ။ သူတို့လည်းဆွေးနွေးနေဆဲ တချို့ဟာတွေကလည်း အစိုးရတို့ တပ်တို့နဲ့ အဆင်မပြေတဲ့အချက်တွေလည်းပါတယ်။ သူတို့ဆွေးနွေးတင်ပြတဲ့ထဲမှာ လက်မခံတာရှိတယ်။ သွားချင်တဲ့ဟာ ဆွေးနွေးလို့မရတာတွေရှိတယ်။ ရှိနေဆဲပေါ့။

ပြီးခဲ့တဲ့ ဒုတိယပင်လုံညီလာခံတုန်းကဆိုရင် အစိုးရနဲ့တပ်မတော်ကတော့ ထွက်လာတဲ့အချက်အလက်အပေါ်မှာ သူတို့က ထိုးလို့ရတယ် တိုင်းရင်းသားကြားမှာက တစ်ဖွဲ့ကသဘောတူပေမယ့် နောက်တစ်ဖွဲ့က အဆင်မပြေတာတွေရှိတယ်။ ထိုးပြီးသားဆယ်ဖွဲ့ကလည်း ပြောပြတာအဲလိုပဲ။ ဖြစ်ချင်တဲ့အချက်အလက်တွေ ဆွေးနွေးရင်လည်း တခါတလေအခွင့်မရတာ ပယ်ချခံရတာ ရှိနေဆဲပဲပေါ့။

တကယ်တမ်းဖက်ဒရယ်ကိုအခြေခံပြီးပြောမယ်ဆိုရင်တော့ ပြည်နယ်တစ်ခုနဲ့ တစ်ခုကလည်း အခြေခံမူတူချင်မှတူမယ်ပေါ့။ ကိုယ်လိုချင်တဲ့အခွင့်အရေး၊ ဖြစ်ရမယ့် အခွင့်အရေးနဲ့ တပြေးညီ တချို့ကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့ကလည်းကာလဒေသအရ လူဦးရေအရ အခြေအနေ ယဉ်ကျေးမှုအရ မတူညီနိုင်ဘူး။ အဲဒါကို တပြေးညီဖြစ်လို့လည်းမရဘူး။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေမှာ တရုပ်နိုင်ငံရဲ့လွှမ်းမိုးမှုရှိတယ်လို့ မြင်ကြတယ်။ KNPP ရဲ့ရပ်တည်မှုနဲ့ဘာကွာလဲ။

ဖြေ။ ။ ဗမာပြည်တစ်ခုလုံးအနေနဲ့ပြောရရင်တော့ အရင်တုန်းက ဒီတောင်ပိုင်းအဖွဲ့တွေ ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီမိုကရေစီစနစ်ကို သွားတဲ့အဖွဲ့တွေလို့ ကိုယ့်ကိုယ်ကို ပြောလို့ရတယ်။ ဒီမိုကရေစီနဲ့ ကွန်မြူနစ်စနစ်၂ခုအောက်မှာ ရောက်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေက တရုပ်နဲ့မကင်းဘူးဆိုတာကတော့ ဒီစနစ်၂ခုအောက်မှာ သွားတယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ ဘယ်သူ့လွှမ်းမိုးမှုအောက်မှာမှ မရှိဘူး။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကိုအခြေခံပြီးတော့မှ ရပ်တည်နေတယ်။ မြောက်ပိုင်းအဖွဲ့တွေကလည်း အဲဒါဖြစ်ချင်မှဖြစ်မှာပါ။ ကချင်လိုမျိုး ရှမ်းလိုမျိုးကလည်း အရင်တုန်းက UNFC ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ ဒါပေမယ့် အနေအထားတစ်ခုအရ ဝနဲ့ မြောက်ပိုင်းအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လိုက်ရတဲ့ အနေအထားမျိုး တစ်ခုကတော့ အခြေအနေအရ ဖြစ်လိုက်ရတဲ့ဟာတွေပဲရှိတယ်။

မေး။ ။ UNFC ရဲ့ လက်ရှိအနေအထားကျတော့ရော

ဖြေ။ ။ လက်ရှိအနေအထားက ကျွန်တော်တို့မထိုးသေးတာ ၂ဖွဲ့ရှိမယ်။ KNPP နဲ့ ANC ရခိုင်အဖွဲ့တစ်ဖွဲ့ကျန်တယ်။ ထိုးပြီးသားအဖွဲ့ လားဟူတို့လည်း အဖွဲ့ဝင်အဖြစ်နဲ့ ရှိနေသေးတယ်။

မေး။ ။တည်ငြိမ်မှုမရှိရင် စီးပွါးရေးလုပ်လို့မရဘူး။ စီးပွါးရေးနဲ့ငြိမ်းချမ်းရေးက အမြဲတမ်းဒွန်တွဲနေတာပေါ့။ အဲဒီဟာနဲ့ပါတ်သက်လို့ ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်မယ့် စီးပွါးရေးအခြေခံနဲ့ပါတ်သက်တဲ့ မူဝါဒတွေ KNPP မှာရှိပါသလား။

ဖြေ။ ။ အဲဒါက ကျွန်တော်ကိုယ်တိုင်လုပ်နေရတော့ အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ ဥပမာ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီးမှ ရပ်တည်မှု စီးပွါးရေးမှမဟုတ်ဘူး အလုပ်ရပ်တည်မှုက ဒီဟာကိုအခြေခံမယ် အခုလက်ရှိစီးပွါးရေးလုပ်တာက ကျွန်တော်တို့က အရဲစွန့်ပြီးမှလုပ်တာတွေရှိတယ်။ ခိုင်မာတဲ့ ငြိမ်းချမ်းရေးမရှိသေးတော့ ရေရှည်ရင်းနှီးမြုပ်နှံမှုလုပ်တာတော့ ကျွန်တော်တို့စဉ်းစားရမယ်။ဒီကြားထဲမှာတော့ တချို့ကလည်း မလုပ်မဖြစ် လုပ်ရတဲ့အလုပ်မျိုးရှိတော့ ရင်းနှီးမြုပ်နှံမှုတချို့တော့လုပ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးက ဘယ်လိုလာမလဲ ကိုယ်က ယတိပြတ်ပြောလို့တော့ မရသေးဘူးပေါ့။ ကျွန်တော်တို့မှမဟုတ်ပါဘူး တခြားစီးပွါးရေးလုပ်နေတဲ့သူတွေလည်း တူတူပါပဲ။ ဒီအချိန်မှာ ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမားတော့ မလုပ်ရဲသေးတဲ့အနေအထားမှာရှိပါတယ်။ တပိုင်တနိုင်လုပ်နေရတဲ့အလုပ်လောက်ပဲရှိတယ်။ အစိုးရနဲ့တိုက်ရိုက်ဆိုင်တဲ့ လုပ်ငန်းမျိုးကတော့ လူများလုပ်ရဲတယ် ဥပမာ လမ်းတံတားဆောက်တာ အဆောက်အဦးတွေဆောက်တာ အဲလောက်အဆင့်ပဲရှိပါတယ်။ တကယ့်ရေရှည် ရင်းနှီးမြုပ်နှံမှုလုပ်ရမယ့် အလုပ်မျိုးကတော့ မရှိသလောက်ဖြစ်တယ်။ ကယားပြည်နယ်မှမဟုတ်ပါဘူး။ ဗမာပြည်တစ်ခုလုံးလည်း အဲလိုမျိုးအနေအထားမျိုး ပဲရှိပါတယ်။

မေး။ ။ လက်ရှိ တတိယပင်လုံအစည်းအဝေးမှာ KNPP ပါဝင်ခဲ့တဲ့ အနေအထားကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အစုအဖွဲ့လိုက်ဆွေးနွေးတဲ့အချိန်မှာပဲ ပါဝင်ခွင့်ရှိတယ်။ အဲဒီဆွေးနွေးတဲ့ဟာလည်း KNPP ရဲ့သဘောထားတစ်ခုထဲမဟုတ်ဘူး။ ဒီက ဒေသခံလူထုတွေ ပါတီတွေ CBO တွေနဲ့ workshop တွေလုပ်တယ် ဆွေးနွေးတယ် အဲဒီကထွက်လာတဲ့ ဆွေးနွေးတဲ့အချက်အလက်တွေကိုပဲတင်ပြတယ်။ ဆွေးနွေးပြီးမှ သူတို့ဆုံးဖြတ်ချက်တွေချတယ်။ ဒီကြားမှာတော့ ကျွန်တော်တို့မပါဘူး။ ဒါပေမယ့် ကယားပြည်နယ် ကရင်နီပြည်ကိုယ်စားကတော့ ပါဝင်ခွင့်ရှိတဲ့သူတွေရှိပါတယ်။ ဥပမာ အနိုင်ရပါတီတွေရှိတယ်။ ကိုယ်စားလှယ်တွေတချို့ရှိပါတယ်။ အဲဒီကအချက်အလက်ကိုပဲ သယ်ဆောင်သွားတယ်။ ဘယ်လောက်အထိ ကျွန်တော်တို့အတွက် cover လုပ်နိုင်မလဲ ဆိုတာကတော့ ပြောလို့တော့ အဖြေမရှိသေးဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဖြစ်စေချင်တဲ့ဟာ လူထုနဲ့ပေါင်းတယ်။ ဒေသခံအဖွဲ့တွေနဲ့ပေါင်းတယ်။ နိုင်ငံရေးပါတီတွေနဲ့ပေါင်းတယ်။ ပြီးရင်တော့ တင်လိုက်တာပါပဲ။ ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမလဲဆိုတာကတော့ သိပ်အားမရသေးဘူး။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်ပေးပါအုန်း။ တချို့အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ဆို့နေတယ်လို့မြင်ကြတယ်။ KNPP အနေနဲ့ ဘယ်လိုမြင်လဲ။ ဒီတိုင်းပဲတစ်ဆို့နေမှာလား နောက်ပိုင်းမှာရော အပြောင်းအလဲရှိလာနိုင်မယ်လို့ထင်သလား။

အစိုးရဖြစ်ဖြစ် ဒီအဖွဲ့အစည်းတွေကဖြစ်ဖြစ်ပေါ့နော် အခုတစ်ဆို့မှုဖြစ်တယ်ဆိုတာကတော့ ဟုတ်တယ်။ ဒါကလည်း အခုလက်ရှိအနေအထားအရ တစ်ဆို့မှုဖြစ်နေလို့ NCA မထိုးနိုင်တာ။ ရှေ့ဆက်အလားအလာက ဒီလိုပဲသွားနေရင် သိပ်တော့အဆင်မပြေလောက်ဘူး။ ဒီပင်လုံညီလာခံရဲ့ မိန့်ခွန်းမှာ တပ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဖြစ်ဖြစ် အတိုင်ပင်ခံရဲ့မိန့်ခွန်းဖြစ်ဖြစ်ကြည့်လိုက်ရင်တော့ တစ်ယောက်နဲ့တစ်ယောက် အပစ်တင်နေတဲ့ပုံစံမျိုးသက်ရောက်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြသနာတက်ရတာက အစိုးရကြောင့်လို့ ထည့်ပြောသွားတာတွေရှိတယ်။ အဲလိုမျိုးဟာတွေက တစ်ယောက်နဲ့တစ်ယောက် အပစ်တင်နေတဲ့ပုံစံမျိုးထွက်တယ်။ ကျွန်တော်တို့အနေနဲ့ Force ပေးခံရတဲ့အနေအထားမျိုးရှိတယ်။ NCA မြန်မြန်ထိုးဖို့၊ ထိုးပြီးရင် ရှေ့ဆက်ဘာလုပ်ကြမလဲဆိုတဲ့ ရှင်းလင်းတဲ့ Roadmap မရှိဘူး။ အဲဒါကြောင့် ရေရှည်မှာ ဒီလိုဆက်သွားနေရင်တော့ သိပ်တော့မလွယ်လောက်ဘူး။ ဒါပေမယ့် တကယ်တမ်း တိုင်းပြည်အပေါ်မှာ တကယ်စေတနာရှိတယ် အမှန်အကန်ငြိမ်းချမ်းစေချင်တယ် ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်က အလျော့အတင်းကတော့ လုပ်ရလိမ့်မယ်။ တပ်ကဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖြစ်ဖြစ်၊ အလျော့အတင်းကတော့ ရှိနေရမှာပဲလေ၊ တစ်ဖက်က ကိုယ်လိုချင်တာချည်းပဲ ပြောနေရင်တော့ တစ်ဖက်ကရှုံးမှာပဲ။ ရှုံးတဲ့အဖွဲ့ကလည်း ဘယ်လိုဖြစ်ဖြစ် သူကတော့ အရှုံးခံမှာ မဟုတ်ဘူး။ ဥပမာ ကျွန်တော်တို့ win-win စနစ် သွားတဲ့ဟာမျိုးဖြစ်သင့်တယ်ပေါ့လေ။ ကိုယ်ကနိုင်ရမယ် ကိုယ်က ရှုံးရမယ်ဆိုတဲ့ ပုံစံမျိုး နဲ့ သွားနေရင်တော့ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဒါကတော့ ကျွန်တော့်ရဲ့အထင်ပေါ့လေ။ တကယ်တမ်း အခုလက်ရှိအနေအထားအထိ ကတော့ ညှိနှိုင်းနေဆဲ သွားနေဆဲပဲ။ ဒါပေမယ့် တကယ့် အဆုံးစွန်က ဘယ်နားမှာရှိလဲ ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်ဘူး။

ခုနကပြောသလိုပေါ့လေ တပ်မတော်ကတော့ NCA ထိုးပါ။ နိုင်ငံရေးဆွေးနွေးပွဲဝင်ပါ။ လက်နက်စွန့်ပါ စသဖြင့် အဲလိုမျိုးလမ်းစဉ်ပဲရှိနေတယ်။ ဒါပေမယ့် ဒီ NLD ကတော့ NCA ထိုးပါလို့ပြောတယ်။ ပြီးတော့ သူနဲ့ပူးပေါင်းပါ။ ပြီးရင် အခြေခံမူတွေပြင်ဆင်မယ်။ သူ့ရည်ရွယ်ချက်က အဲလိုမျိုးရှိတယ်။ တစ်ဖက်ကကြည့်လိုက်ရင် ဥပမာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီးတော့မှ အခြေခံမူတွေထွက်လာတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် (ဖက်ကလည်း) ထွက်လာတယ်။ ထွက်တာခြင်းက မတူဘူးဖြစ်နေတယ်။ တပ်မတော်ဖက်ကထွက်လာတဲ့မူတွေက နိုင်ငံရေးဆွေးနွေးပွဲပြီးရင်တော့ လက်နက်စွန့်မယ်။ ရွေးကောက်ပွဲဝင်မယ်။ သူကတော့ လက်နက်စွန့်ခိုင်းတဲ့သဘောမျိုးဖြစ်တယ်။ NLD ကတော့ ဒီ NCAထိုးပြီးရင် သူနဲ့ပူးပေါင်းမယ်။ အခြေခံမူတွေပြင်ဆင်မယ် လုပ်ထားတော့ တပ်မတော်ရဲ့ အခြေခံမူမှာ တစ်ခုပါတာက အခုလက်ရှိသုံးနေတဲ့အခြေခံမူကို အသက်နဲ့ရင်းပြီးမှ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ အခြေခံမူတွေက ရှိတယ်ဆိုတော့ ဒီနှစ်ယောက်ရဲ့ Principle တွေက မတူကြဘူးပေါ့။ ကျွန်တော်တို့ကတော့ ဘယ်သူနဲ့ပေါင်းပေါင်း ပြသနာတစ်ခုမဟုတ်တစ်ခုကတော့ တက်လာမှာပဲလို့ ယုံကြည်တယ်။

မေး။ ။ တပ်ကလည်း ၂၀၀၈ အခြေခံဥပဒေကို အသက်နဲ့လဲပြီးကာကွယ်မယ်။ NLD ကလည်း ဒီအခင်းအကျင်းကိုသုံးပြီးတော့ ၂၀၀၈ကိုပြင်မယ်။ ဖက်ဒရယ်အခြေခံမူကိုရေးဆွဲမယ်။ NCA ထိုးထားတဲ့ EAO တွေကလည်း NLD နဲ့ ပေါင်းပြီးတော့ အခြေခံမူကိုပြင်ကြမယ်။ ဆိုတော့ တပ်ကလည်း အဲဒီဟာကို ကြိုက်တဲ့ပုံတော့ မရှိဘူး။ အဲဒီဟာက conflict ဖြစ်နေတာပေါ့။

ဖြေ။ ။ အဲဒါကိုလည်း အနာဂါတ်အတွက် ဘယ်လိုရှင်းရှင်းလင်းလင်း သွားကြမလဲဆိုတဲ့ Framework မရှိဘူးလို့ပြောလို့ရတယ်။ သူတို့လည်းအခုကြိုးစားဆွဲနေကြတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆွဲရင်းနဲ့လည်း အခက်အခဲတွေအများကြီးရှိတယ်။

မေး။ ။ KNPP အနေနဲ့ တပ်က Roadmap အတိုင်း NCA ထိုးမယ် နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်။ လက်နက်စွန့်မယ်ဆိုတဲ့ လမ်းစဉ်နဲ့ ဒီဖက်က အခြေခံမူတွေဆွဲပြီးတော့ ရွေးကောက်ပွဲဝင်မယ်ဆိုတာနဲ့ ဘယ်ဟာကပိုပြီးတော့ KNPP အတွက် လုပ်သာကိုင်သာရှိတယ်ထင်လဲ။

ဖြေ။ ။ NLD ကဆွဲတဲ့ Plan ကတော့ ပိုပြီးမှ အများအတွက်တော့ ပိုအသုံးတည့်မှာပေါ့။ ဒါပေမယ့် တစ်ဖက်မှာက သူ့ကို အဟန့်အတားပေးတဲ့ တပ်ကရှိနေတယ်။ တပ်ရဲ့မူကလည်း အဲလိုမျိုးရှိနေတယ်။ အဲတော့ သူဆက်သွားလို့ရမရ အဲဒါကလည်းရှိသေးတယ်။ အမှန်ကတော့ တကယ်တမ်း တစ်ခုတည်းပဲ အခု ဒေါ်စုချမှတ်တဲ့ Principle အတိုင်းသွားရင်တော့ တပ်ကလည်း သဘောတူတယ်။ အဖွဲ့အစည်းတွေကလည်းသဘောတူတယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

မေး။ ။ ဒီဖြစ်စဉ်ကြီးမှာ တစ်ဆို့စေတဲ့ အခြေခံအကြောင်းရင်းက ၂၀၀၈ အခြေခံဥပဒေထဲမှာပိတ်မိနေသလိုဖြစ်နေတယ်။ ဆိုတော့ ၂၀၀၈ ကိုဆွဲကိုင်ထားတဲ့ powerful အဖြစ်ဆုံးတပ်မတော်က တစ်ဆို့စေတဲ့အကြောင်းရင်းလို့ မြင်နေကြတယ်။ အဲဒါကိုဘယ်လိုသဘောရလဲ။

ဖြေ။ ။ အဓိကကတော့ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဘယ်သူမှကျော်လို့မရဘူး။ ဒီတိုင်းပဲ လုပ်နေရတော့ နောက်ဆုံးအနေအထားတစ်ခု ပြောရရင်တော့ ဒီ၂၀၀၈ ဖွဲ့စည်းပုံ ရှိနေသရွေ့ကတော့ ကျွန်တော်တို့ နိုင်ငံရေးက ဒီလိုပဲသွားနေမှာပဲ။ တစ်ခုခုအပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ၇၅+၁ ပါမှဖြစ်မယ် ဆိုတော့ အပြောင်းအလဲတစ်ခုခုလုပ်ချင်တယ်ဆိုရင် ဒီဟာကို ဘယ်လိုမှကျော်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ အဲဒီတစ်ခုရှိနေသရွေ့ကတော့ ဆက်သွားဖို့ရာ တော်တော်လေး အခက်အခဲရှိနေမှာပဲ။

မေး။ ။ ၂၀၀၈ကို သွားမထိပဲနဲ့ အားလုံးပါဝင်ပြီးဆွဲထားတဲ့ ပြည်ထောင်စုသဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ ဖက်ဒရယ်ကွန်စတီကျူးရှင်းအသစ်ဆွဲဖို့သွားတယ်ဆိုရင်ရော ဖြစ်နိုင်ခြေရှိလား။

ဖြေ။ ။ အဲလိုမျိုးဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လက်ရှိဟာကို လုံးဝမစဉ်းစားပဲ မပြင်ဆင်ပဲနဲ့ အသစ်ရေးဆွဲတယ်ဆိုတဲ့ Roadmap ရှိရင်တော့ အကောင်းဆုံးပေါ့။ လူတိုင်းကတော့ပါဝင်လာမှာပဲ။ ဒါပေမယ့် အဲဒီလမ်းကြောင်းကိုသူမတင်ထားဘူး။ ကျွန်တော့်အနေနဲ့ သိရသလောက်ကတော့ အခြေခံမူကိုပြင်ဆင်မယ်လို့ပဲလုပ်ထားတာ ပြောထားတာ တကယ်လို့ အသစ်ရေးဆွဲမယ်လို့ပြောရင်တော့ အကောင်းဆုံးပေါ့။

မေး။ ။ တခြားထပ်ဖြည့်စွက်ပြောချင်တာများရှိပါသေးလား။

ဖြေ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြာလာလေ ငြီးငွေ့လာတယ်လို့ ထင်ရတယ်။ သွားသင့်သလောက် မရောက်တော့ ပြည်နယ်တွေကလည်း ပမ်းလာတာဖြစ်မယ်။ ငြီးငွေ့လာတာဖြစ်မယ်။ Roadmap အရတော့ ဘယ်နှစ်ကျရင် ဘာဖြစ်ရမယ်လို့ ရေးတော့ရေးထားတာပဲ။ ခြောက်လတစ်ကြိမ်လုပ်မယ်လို့ ပြောပေမယ့်လည်း ပြောတဲ့အတိုင်းက မဖြစ်လာဘူး။ ဒီလာမယ့် ၂၀၁၉အထိက ၃ကြိမ်ထပ်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား စဉ်းစားစရာပဲ။ NCA မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိတယ်။ NCA ကိုလက်မခံတဲ့ အဖွဲ့တွေလည်းရှိတယ်။ NCA ထိုးပြီးမှ နိုင်ငံရေးအရ သွားလို့မရတဲ့ အဖွဲ့တွေကလည်းရှိတယ်။ NCA အပေါ်မှာ အယုံအကြည်မရှိဘူး။ ညီလာခံအပေါ်မှာလည်း အယုံအကြည်မရှိဘူး ဆိုတဲ့အဖွဲ့တွေကလည်း ရှိနေတော့ မြန်မာပြည်နိုင်ငံရေးက ရှေ့ဆက်ဘယ်လိုသွားမလည်း ကျွန်တော်လည်း ရှင်းရှင်းလင်းလင်းမသိဘူး။

၂၀၀၈ အခြေခံမူက တစ်နေ့နေ့ကျရင် Deadlock ဖြစ်မယ်။ ဘယ်သူ့ကိုပဲ Benefit ရှိတယ်ဆိုတာကတော့ သိပြီးသား။ ဒါပေမယ့် ပြင်လို့ကိုမရတဲ့အနေအထားမျိုးရှိတယ်။ အဲဒီအခြေခံမူရေးဆွဲတုန်းကလည်း စစ်အုပ်ချုပ်ရေးအောက်မှာရေးဆွဲနေရတော့ တိုင်းရင်းသားအားလုံးအတွက်ရော လူတိုင်းအတွက်ပါ Cover မဖြစ်ဘူးဆိုတာ နိုင်ငံရေးပညာရှင်တွေ NLD ထဲက ဥပဒေ ပညာရှင်အမျိုးမျိုး သုံးသပ်လာပြီးပြီဆိုတော့ အဲဒီဟာက မကောင်းဘူးဆိုတာ လူတိုင်းကတော့ သိထားပြီးသားပါ။ အခုလည်းကျော်လွှားလို့မရလို့သာ ကျင့်သုံးနေရတာပဲရှိတယ်။ NLD အစိုးရတက်လာတော့လည်း ပြောင်းလဲဖို့လုပ်တာပဲ ဒါပေမယ့် အခြေခံမူကို သူကျော်လွှားလို့မရတော့ ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။

MPM Interview

LEAVE A REPLY

Please enter your comment!
Please enter your name here