ထိုင်း – မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းအတွင်း ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိ

0
270

နိုဝင်ဘာ ၂၃ရက်၊ ၂၀၂ဝပြည့်နှစ်။

ထိုင်း-မြန်မာ နယ်စပ်၊ အုန်းဖျန်ဒုက္ခသည်စခန်း၌ Covid-19 အတည်ပြု လူနာတစ်ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

အုန်းဖျန် ဒုက္ခသည်စခန်း၏ ရပ်ကွက်(၄)၊ အိပ်နံပါတ် (၈၅)တွင် နေထိုင်နေသူ အသက် ၄၈ နှစ်အရွယ် စောကနဲ ဆိုသူ အမျိုးသားသည် အပြင်းဖျားပြီး နှာစေးချောင်းဆိုးဖြစ်ပွားခြင်းကြောင့် စခန်းတွင်း ဆေးခန်းသို့ သွားရောက် ပြသရာ ကျန်းမာရေး တာဝန်ရှိသူများမှ အာဂေါင်တို့ပတ် ရယူစစ်ဆေးရာတွင် ကိုဗစ် Positive ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။

၎င်းက “သူဖျားတော့ ဆေးခန်းသွားပြတဲ့ အခါ သူ့ကို နှာခေါင်းတို့ပတ်တွေ ယူစစ်တယ်။ အဲ့ဒါ မနေ့က positive ပေါ်တဲ့အတွက် သူ့ကို ဖုတ်ဖရာ ဆေးရုံကို ခေါ်သွားလိုက်တယ်။ သူ့မိသားစုဝင် ၄ယောက်ကိုလည်း စခန်းထဲက Quarantine ထဲမှာ ထားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီးမှ တာဝန်ရှိသူများ ၎င်း ဒုက္ခသည် စခန်းသို့ သွားရောက်၍ လူဦးရေ ၁၀၀ ခန့်လောက်ကို နှာခေါင်းတို့ပတ် ရယူစစ်ဆေးမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်းလည်း စောထွန်းထွန်းက ဆက်ပြောသည်။

အဆိုပါ ကိုဗစ်အတည်ပြုလူနာသည် ဒုက္ခသည်စခန်းပြင်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်နေ့က စခန်းတွင်းသို့ ပြန်ရောက်လာခဲ့ကာ အိမ်တွင်(Stay Home) နေထိုင်ခိုင်းပြီး နောက် ယခုလို ရောဂါကူးစက်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သလို ၎င်း၏ မိသားစုဝင် ၄ဦး၏ ဓါတ်ခွဲစစ်ဆေးမှု နမူနာများ ကို ရယူစစ်ဆေးနေကြောင်း သိရသည်။

သို့သော် စခန်းတွင်းထွက်ပေါ်လာသည့် သတင်းများအရ အဆိုပါ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားသည် စခန်းပြင်ပသို့ ပြီးခဲ့သည့် နှစ်ကတည်းက နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်နေ့ တွင် စခန်းတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး စခန်းတွင်း ကျန်းမာရေး တာဝန်ရှိသူ များကိုလည်း အသိမပေးခဲ့ကြောင်း ဆိုသည်။

လက်တလော ကိုဗစ်ကာလ၌ နယ်စပ် ဒုက္ခသည်စခန်းများအတွင်း ဝင်ထွက်သွားလာမှုများကို ပြီးခဲ့သည့် လများကစ၍ ကန့်သတ် ပိတ်ပင်မှုများပြုလုပ်ခဲ့သလို လတ်တလောတွင်လည်း အုန်းဖျန် ဒုက္ခသည်စခန်းတွင်း ဝင်ထွက်သွားလာမှုများကို ပိုမို တင်းကြပ်ထားပြီး ဘာသာရေး၊ လူမှုရေး စသည့် လူစုလူဝေးပြုလုပ်ခြင်းများကို တားမြစ်ထားပြီး စခန်းတွင်း သွားလာမှုများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်ခံရသူ (၄) ဦးထပ်တိုး တွေ့ရှိခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူပေါင်း (၃,၈၉၂)ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ (၃,၇၄၅) ရှိကာ (၆၀) ဦးသေဆုံးခဲ့သည်။ အလားတူ အိမ်နီးချင်း မြန်မာနိုင်ငံ၌လည်း ရွေးကောက်ပွဲအပြီး ကိုဗစ်ကူးစက်ခံရသူဦးရေ ထပ်တိုးလာပြီး (၇၆,၄၁၄)ဦး ကူးစက်ခံခဲ့ရာကာ (၅၆,၆၀၁)ဦး ပြန်လည်ကောင်းမွန်လာခဲ့ပြီး (၁,၆၉၅)ဦးသေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

စအိုင်ဆူး (KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here