“မြေပြင်မှာ ဖြစ်တဲ့ ပြသနာတွေကတော့ လူထုတွေရဲ့အသံ၊ လူထုတွေကနေ ကိုယ့်ကို ရွေးကောက်တင်မြောက်ထားတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ကောင်းကောင်းလေး လူထုအကျိုးကို ပြန်ပြီးတော့ ဆောင်ရွက်စေချင်တယ်” ခူးမီရယ် (လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ၊ KNPP)

0
229

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ဆက်ဆံရေးရုံးတာဝန်ခံ ( လွိုင်ကော်) ခူးမီရယ် နှင့် အမေးအဖြေ

၂၃ နိုဝင်ဘာ ၂၀၂၀

ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ်အတွက် ကယာပြည်နယ်ဟာ အထူးအလေးအနက်ထားကိုင်တွယ်ရဦးမယ့် ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ပြည်နယ်လွှတ်တော်မှတဆင့် ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ အစိုးရအဖွဲ့ရဲ့ အစီအမံအချို့က ဒေသခံတွေအတွက် ဝေဖန်စရာတွေဖြစ်စေခဲ့ပါတယ်။ ပြည်နယ်အစိုးရဦးဆောင်ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ တပ်မတော်၏ တောင်သူများအပေါ် တရားစွဲအရေးယူထားတဲ့ကိစ္စ စသဖြင့် ထင်ရှားပါတယ်။ သို့ပေမယ့်လည်း ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ဟောင်းအပါအဝင် NLD အမတ်လောင်းအများစုအနိုင်ရရှိခဲ့ကြပြန်ပါတယ်။

ဒါကြောင့် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အခြေအနေနဲ့ ဒေသတွင်းအခြေအနေတွေကို အစိုးရသစ်အတွက် သင်ခန်းစာယူနိုင်ဖို့အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံနဲ့ ယခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ၂၀၁၅ ကနေ အခုချိန်ထိ ဆရာတို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘာတွေကို အဓိက လုပ်ဆောင်သွားသလဲ။ ဘာတွေ အောင်မြင်သွားသလဲဆိုတာလေး သိချင်ပါတယ်ရှင့်။

ဖြေ ။ ။ ၂၀၁၅ မတိုင်ခင် ၂၀၁၀ ကနေ ၂၀၁၅ အထိ အစိုးရ ငါးနှစ် သက်တမ်းပေါ့နော။ အဲ့မှာ ၂၀၁၂ ကနေ စပြီးတော့မှ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လုပ်နိုင်ဖို့ နိုင်ငံရေး ဆွေးနွေးမှု လုပ်နိုင်ဖို့ ဆိုပြီးတော့မှ စပြီးတော့ KNPP အဖွဲ့အစည်းနဲ့ အစိုးရနဲ့ စပြီး တွေ့ဆုံခဲ့တယ်။ ဒီ ၂၀၁၂ ကနေပြီးတော့ ၂၀၁၅ အထိကတော့ ဒီနိုင်ငံရေးအရ ကျနော်တို့ KNPP ဖက်က တင်ပြတောင်းဆိုထားတဲ့ အချက်တွေ တော်တော်များများကလည်း အစိုးရနဲ့ ဒီတာဝန်ရှိတဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဦးအောင်မင်းတို့နဲ့ တော်တော်များများ ဆွေးနွေးသဘောတူခဲ့တဲ့ အချက်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒုတိယ သက်တမ်းလို့ ပြောရမယ့် NLD အစိုးရ လက်ထဲမှာကတော့ တွေ့ဆုံဆွေးနွေးမှုက နည်းနည်းပါးတဲ့ အနေအထားမှာ ရှိတယ်။ နောက် တစ်ဖက်မှာလည်း KNPP အနေနဲ့ ဒီ NCA လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စကိုပဲ သွားပြီးတော့ ဆွေးနွေးကြတဲ့ အနေအထားမျိုးကို ကျနော်တို့ သုံးသပ်မိတာပေါ့နော။

ဆိုတော့ ဘာအတွက် အောင်မြင်မှု ရှိလဲဆိုရင်တော့ ဒီ ၂၀၁၅ ကနေ စပြီးတော့ အစိုးရသစ် တက်လာတဲ့အချိန်မှာ NRPC ဆိုပြီးတော့မှ ဒီ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ပေါ့နော အစိုးရဖက်က ပြန်လည် ဖွဲ့စည်းတယ်။ နောက် KNPP ဖက်မှာကတော့ ကျနော်တို့ ပါတီ ခေါင်းဆောင်နဲ့ ပြန်ပြီးတော့ ဖွဲ့စည်းထားတာ ရှိတယ်။ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ဆိုပြီးတော့မှ ကိုယ်စားလှယ်တွေနဲ့ ပြန်ဖွဲ့စည်းပြီးတော့မှ ဒီ လုပ်ငန်းစဉ်တွေကို သဘောတူညီချက်တွေကို ဆက်ပြီးတော့ အသက်ဝင်လာအောင် ဆက်ပြီးတော့မှ ဒီ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်အောင် ဆိုပြီးတော့ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျနော်တို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် NRPC က တစ်နိုင်ငံလုံးဖြစ်စဉ်ကို သူတို့က ပြည်နယ်အလိုက် ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ရတဲ့ အနေအထားတစ်ခု ဖြစ်တော့ အောင်မြင်မှု ကြီးကြီးမားမားတော့ မရဘူးလို့ ကျနော့်တစ်ယောက်အနေနဲ့ သုံးသပ်မိတယ်။ အောင်မြင်မှု၊ အပြောင်းအလဲ ကြီးကြီးမားမား ရှိတယ်ဆိုတဲ့ အခန်းကဏ္ဍမျိုးတော့ သိပ်မတွေ့ရဘူးပေါ့နော။ အဓိက ကျနော် ဆိုလိုချင်တာက ဒီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကနေပြီးတော့မှ အဖြေတစ်စုံတစ်ရာ အပြောင်းအလဲ ရရှိမှုက သိပ်မတွေ့ဘူး။

နောက်တစ်ချက်က ဒီပြည်နယ်အရေး ကိစ္စတွေမှာလည်းပဲ KNPP နဲ့ အစိုးရနဲ့ ဒီ ၂၀၁၈ ကစပြီးတော့မှ လစဉ် တွေ့ဆုံနိုင်ဖို့ အဲ့လို ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော် ဒီ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ယူတဲ့ ၂၀၁၉ ဇူလိုင်လကနေ စပြီးတော့မှ တစ်ခါပဲ တွေ့ဆုံနိုင်ခဲ့တယ်ပေါ့နော။ ဒီ နောက်ဆုံး ဒီဇင်ဘာထဲမှာ နောက်ဆုံးတွေ့ဆုံနိုင်ခဲ့တယ်။ ဒီ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတဲ့နေရာမှာက အဓိက ပြည်နယ်မှာ ဒီ NRPC ၊ အစိုးရတစ်ခုလုံးနဲ့ ဆွေးနွေးသဘောတူထားတဲ့ အချက်တွေကို ပြည်နယ်မှာ ပြေလည်မှု မရှိတဲ့ အခန်းကဏ္ဍတွေ ဘာတွေ ရှိလဲ၊ အဲ့ဒီဟာကို အခြေခံပြီးတော့မှ ပြည်နယ်အဆင့်နဲ့ ကျနော်တို့ KNPP နဲ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပြသနာ အခက်အခဲတွေကို ကြိုတင်ညှိနှိုင်းပြီးတော့မှ ဖြေရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတာပေါ့။ အဲ့လို စဉ်းစားချက်တွေနဲ့ လုပ်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြတယ်ပေါ့နော။ ဒါပေမဲ့ ကျနော် လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်မယူခင်မှာကတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒီ ဗိုလ်ချုပ်ကြေးရုပ် တည်တဲ့ ကိစ္စတွေမှာလည်း ပြည်နယ်နဲ့ တွေ့တာရှိတယ်။ နောက်ပြီး NRPC နဲ့ တွေ့တာ ရှိတယ်။ ဒီကိစ္စတွေကလည်း ဒါ သဘောတူညီချက်တစ်ခုအရ ကြိုးစားလုပ်နေကြတဲ့ အခန်းကဏ္ဍတစ်ခုလို့ ကျနော် အဲ့လိုပဲ ယူဆတယ်။ နောက်ပြီးတော့ ကျနော် လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ယူတဲ့ အချိန်မှာလည်း တစ်ခါပဲ တွေ့ဆုံဆွေးနွေးခဲ့တယ်ပေါ့ ပြည်နယ် အစိုးရနဲ့။ ဒီတွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ကျနော်တို့ Biliteral Agreement အရ သဘောတူညီထားတဲ့ အချက်အလက်တွေကို အကယ်၍ အကောင်အထည်ဖော်သွားမယ်ဆိုရင် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပြသနာ၊ အခက်အခဲတွေကို အချင်းချင်း ညှိနှိုင်းတိုင်ပင်ဖို့ ဆွေးနွေးဖို့ ဖြေရှင်းဖို့ဆိုတဲ့ စဉ်းစားချက်နဲ့ အဲ့လိုမျိုး သွားချင်တယ်။ ဒါပေမဲ့ ဒီ ၂၀၂၀ ထပ်လာတော့ ဒီမတိုင်မှာ ကိုဗစ်က စလာပြီ။ ကျနော်တို့မြန်မာကတော့ မေလ လောက်မှ စပြီး ပြန့်နှံ့လာတာပေါ့နော။ အဲ့ဒီကနေ ကျနော်တို့ ပြည်နယ်အထိ ဂယက်ရိုက်မှုတွေ အများကြီး ဖြစ်လာတဲ့အပေါ်မှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ကတော့ တော်တော်နဲ့ မဖြစ်တော့ဘူး။ အောင်မြင်မှုကတော့ သိပ်မတွေ့ရဘူးလို့ အဲ့လိုပဲ သုံးသပ်မိတယ်လေ။

မေး ။ ။ ရွေးကောက်ပွဲလည်း ကျင်းပခဲ့ပြီဆိုတော့ ဒီ အသစ်ဖွဲ့လာမယ့် အစိုးရသစ်ကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။ အကြံပြုတိုက်တွန်းချင်တာများ ရှိသလား။

ဖြေ ။ ။ ၂၀၂၀ အလွန် အသစ်ဖွဲ့လာမယ့် အစိုးရကို ပြောဖို့တော့ နည်းနည်းစောလိမ့်မယ်ပေါ့နော။ ဒါပေမဲ့ ဘာတွေ စိန်ခေါ်မှု ရှိမလဲဆိုတော့ သင်ခန်းစာအရ အတွေ့အကြုံအရဆိုရင် သဘောတူညီချက်တွေက ရှိထားပြီးသား တချို့တွေပေါ့နော။ ဥပမာ ဒီပြည်နယ်အတွင်းမှာ လုပ်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ စီမံကိန်းလုပ်ငန်းတွေ အကြီးစားစီးပွားရေး စီမံကိန်းလုပ်ငန်းတွေ အဲ့ဒါတွေကို ကျနော်တို့နဲ့ KNPP နဲ့ တိုင်ပင် ညှိနှိုင်းမှု လုပ်ပြီးမှသာ ဆက်ပြီး အကောင်အထည်ဖော်ရန်ဆိုတဲ့ သဘောတူညီချက် ရှိထားတယ်။ အထူးသဖြင့် ဒီ ရေကာတာစီမံကိန်းတွေ နောက် တခြား စက်မှုလက်မှု လုပ်မယ့် စက်ရုံကိစ္စတွေပေါ့ ။ ဒီကိစ္စတွေဟာ ကျနော်တို့နဲ့ သဘောတူညီချက်တွေ ရှိခဲ့တယ်ပေါ့နော။ ဒါပေမဲ့ NLD အစိုးရ လက်ထက်မှာ ဖွဲ့စည်းပေးလိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့က ဒီသဘောတူညီချက်တွေကို မလေ့လာတာလား၊ အသိအမှတ်မပြုတာလားဆိုတာ ကျနော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်ရလိမ့်မယ်ပေါ့နော။ ရှေ့ဆက်လည်း ကျနော်တို့ အဲ့လို မဖြစ်စေချင်ဘူး။ ဒါက ပြည်နယ်အရေးဖြစ်တယ်၊ အမျိုးသားအရေးဖြစ်တယ်၊ နိုင်ငံအရေးဖြစ်တယ် ဆိုတော့ အသိအမှတ်ပြုဖို့တော့ လိုအပ်တယ်။ ဒါက စိန်ခေါ်မှုလို့ ကျနော်ထင်တယ်။

နောက်တစ်ခုက ပြီးခဲ့တဲ့ ၂၀၁၀ကနေ ၂၀၁၅ အစိုးရလက်ထက်တုန်းကဆိုရင် ကျနော်တို့ လူထုတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခွင့် ရနိုင်တယ်။ ကျနော်တို့ KNPP ကနေ သွားမယ့် နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို လူထုကို ချပြနိုင်တယ်။ လူထုရဲ့ အကြံဥာဏ်ကို ကျနော်တို့ ရယူတယ်။ အဲ့လိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေကို မကြာခဏ လုပ်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဒီ ၂၀၁၅ ကနေ ၂၀၂၀ အစိုးရကတော့ ကျနော်တို့ကို တော်တော်နဲ့ လုပ်ခွင့်မပြုဘူး။ ကျနော်တို့ လုပ်တော့မယ်ဆိုပြီး လုပ်ခွင့်တောင်းတယ်။ NRPC အထိ တင်ပြတယ်။ ဒါပေမဲ့ လုပ်ခွင့်က မရဘူး။ ဒါက ကျနော်တို့အတွက် အဟန့်အတား ဖြစ်စေတယ်ပေါ့နော။ ကျနော်တို့ တစ်ဖွဲ့တည်းနဲ့ ကျနော်တို့ သဘောထားတစ်ခုတည်းကို ကျနော်တို့ သွားလို့ အဆင်မပြေတဲ့အပိုင်းတွေ ရှိတယ်။ လူထုအမှန်တကယ် လိုလားတဲ့ လူထုဆန္ဒ သဘောထားတွေ ပါဖို့ လိုအပ်တယ် ဆိုတဲ့ အခန်းကဏ္ဍတွေလည်း ယူဆထားတယ်ပေါ့နော။ လက်လည်း လက်ခံတယ် ဒီသဘောတရားက။ လူထုရဲ့အသံ၊ သဘောထား၊ တင်ပြချက်တွေကို ကျနော်တို့ ရယူဖို့ ကျနော်တို့ လူထု တွေ့ဆုံပွဲတွေ လုပ်ခွင့်မရှိဘူး ဒါတွေက ကျနော်တို့အတွက် အဟန့်အတား စိန်ခေါ်မှု တစ်ခုပဲပေ့ါ။

နောက် စိန်ခေါ်မှုတစ်ခုကတော့ အစိုးရဆိုတာက ဒီလက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ သူက တာဝန်ယူပြီးတော့မှ ညှိနှိုင်းဖြေရှင်းပေးရမယ့် အနေအထားတစ်ခုကို ကျနော်တို့ လိုချင်တယ်။ နောက်တစ်ခုက အစိုးရ တပ်မတော်ဖက်က လုပ်ဆောင်နေတဲ့ အလုပ်မှန်သမျှဆိုရင်လည်း ပြသနာဖြစ်ခဲ့ရင် အစိုးရက ဝင်ပြီးတော့မှ တာဝန်ယူညှိနှိုင်းပေးနိုင်တဲ့ အစိုးရမျိုးကို ကျနော်တို့ လိုချင်တယ်။ ဒါပေမဲ့ အတွေ့အကြုံအရ သင်ခန်းစာအရကတော့ အဲ့လို မဖြစ်ခဲ့ဘူးပေါ့နော။

၂၀၁၇ ဒီဇင်ဘာမှာ ကျနော်တို့ ရဲဘော် အသတ်ခံရတဲ့ ကိစ္စတွေကလည်း ဒါက တပ်မတော်ရဲ့ လုပ်ရပ်ဖြစ်တယ်။ အစိုးရနဲ့ မဆိုင်ဘူးဆိုပြီးတော့ ရှောင်ထွက်ထားတဲ့ အနေအထားလည်း ရှိတာပေါ့။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့နော။ အစိုးရဆိုတာက အုပ်ချုပ်ရေးယန္တာရားတစ်ခုလုံးကို သူက စီမံအုပ်ချုပ်ရမဲ့ အနေအထားတစ်ခုဖြစ်တော့ ဒီမြေပြင်အခြေအနေမှာ သူကတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူကတော့ ကြားခံပြီးတော့မှ စေ့စပ်ညှိနှိုင်းပေးတဲ့ စီမံဆောင်ရွက်ပေးတဲ့ အနေအထားတစ်ခုကို သွားခိုင်းစေချင်တယ်။ ဆိုတော့ လာမဲ့ အစိုးရသစ်ကိုတော့ ကျနော့်အနေနဲ့ကတော့ တောင်းလည်းတောင်းဆိုချင်တယ်။ မျှော်လည်း မျှော်လင့်တယ်ပေါ့နော။ ဘယ်လိုတောင်းဆိုချင်လဲဆိုတော့ အဓိကကတော့ ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက်ကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်စေချင်တယ်။ စီမံဆောင်ရွက်စေချင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အသိအမှတ်ပြုဖို့ ဆိုတဲ့ အခန်းကဏ္ဍလည်း အရေးကြီးတယ်။ အသိအမှတ်မပြုဘဲနဲ့ ဒါကျနော်တို့က အစိုးရပဲ အစိုးရမှာ အားလုံးစီမံခန့်ခွဲပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ အာဏာရှိတယ်ဆိုတဲ့ သဘောတစ်ခုတည်းနဲ့ သွားရင်တော့ ကျနော်တို့ ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်နယ်တည်ငြိမ်ရေးအတွက်ကတော့ တော်တော်လေးနဲ့ ဖြစ်လာမှာ မဟုတ်ဘူးပေါ့နော။ နောက်ပြီး လူထုတွေပဲ ပြန်ပြီးတော့ ဒုက္ခရောက်နိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုကို ကျနော့်အနေနဲ့တော့ တင်ပြချင်တယ်။ တောင်းဆိုချင်တယ်။ နောက် မျှော်လင့်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ပြည်နယ်မှာ လိုအပ်နေတဲ့ ဖက်ဒရယ်စနစ်ကို သွားမယ့် အခင်းအကျင်းမှာ ပြည်နယ်ဖွဲ့စည်းပုံဆိုတာ လိုအပ်လာပြီ။ ဆိုတော့ လာမယ့်အစိုးရသက်တမ်းမှာ ပြည်နယ်မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော နောက်ပြီး အစိုးရအဖွဲ့မှာ ပါမယ့် ပုဂ္ဂိုလ်တွေရော ပြည်နယ်အတွက် လိုအပ်မယ့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထဲထဲဝင်ဝင် လူထုရဲ့ ဆန္ဒသဘောထားနဲ့အညီပေါ့နော။ ကြိုးစားပြီးတော့ ပြင်ဆင်ခိုင်းစေချင်တယ်။ ဥပဒေဆိုတာကတော့ တခါတည်းနဲ့ အပြီးပြတ် ရေးဆွဲလို့တော့ မရဘူး။ ဒါပေမယ့် စပြီးတော့ အကောင်အထည်ဖော်ပေးနိုင်ဖို့တော့ လိုအပ်တာပေါ့။

ဆိုတော့ လိုအပ်ခဲ့မယ်ဆိုရင်လည်း ကျနော်တို့ KNPP ဖက်ကနေ ပူးပေါင်းပါဝင်ဖို့တော့ ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဖက်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာရှိတယ်။ အဲ့ဒီဟာကို အခြေခံပြီးတော့မှ ဒါကိုပဲ ဆက်ပြီးဆွေးနွေးသွားလို့ရတယ်ဆိုတဲ့ အပိုင်းပေါ့။ ဒီလိုအနေအထားတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီပြည်နယ်အစိုးရက ၂၀၀၈ အောက်ကနေပဲ သွားရမယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးပေါ့နော။ ဖက်ဒရယ်ဒီမိုကရေစီကို ကျနော်တို့ သွားမယ်ဆိုရင်တော့ သီးသန့်ပြည်နယ်ဖွဲ့စည်းပုံတစ်ခု ရှိသင့်တယ်။ ဒါပေမဲ့ ၂၀၀၈ အောက်ကနေပဲ ဒီပြည်နယ်ဖွဲ့စည်းပုံကို ရေးမယ်ဆိုရင်တော့ ကျနော်တို့ကတော့ နည်းနည်းတော့ အခက်အခဲ ရှိတယ်ပေါ့နော။ အခက်အခဲ ရှိတာထက် ဘယ်လိုမှ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နိုင်မှာ မဟုတ်ဘူးပေါ့။ အဲ့လို အနေအထားလေးတွေ ရှိပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ တပ်မတော်ဖက်က ထုတ်ပြန်ထားတာတွေ ရှိတယ်ပေါ့နော။ ဒီ တက်လာမဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ရည်ညွန်းပြီး ထုတ်ထားတယ်ပေါ့နော။ ပြီးတော့ တပ်မတော်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဆိုပြီးတော့ ဖွဲ့စည်းလိုက်တယ်ပေါ့နော။ဆိုတော့ ရွေးကောက်ပွဲရလဒ်အရတော့ NLD ကပဲ ပြန်ပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမှာ ရှိတယ်ပေါ့နော။ ဆိုတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင်ထားတာ ရှိလဲ။

ဖြေ ။ ။ ကျနော်တို့ KNPP တစ်ခုလုံးနဲ့ ခြုံပြီးပြောရင်တော့ ပြင်ဆင်မှုတွေကတော့ သူ့ ကဏ္ဍအလိုက်တော့ လုပ်နေပါတယ်ပေါ့နော။ ကျနော်တို့က ဒီဆက်ဆံရေးမှာပဲ နေရတာများတော့ ဗဟိုမှာတော့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတော့ကြားရတယ်ပေါ့နော။ ကိုယ်တိုင်ကိုယ်ကျလည်း ကျနော်တို့ မပါဝင်နိုင်ဘူး။ ပြင်ဆင်ချက်တွေတော့ လုပ်နေတယ်။ ဒီ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ ကျနော်တို့ ကြည့်လိုက်လို့ရှိရင် ဒါကတော့ နိုင်ငံရေး ကစားကြတာပဲပေါ့နော။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတွေပဲဖြစ်ဖြစ် တခြားနိုင်ငံတွေနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံတကာနဲ့ ကျနော်တို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တပ်မတော်ဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိသင့်တယ်ပေါ့နော။ ဒါပေမဲ့အခုက သူ့ဟာသူ သီးသန့်တစ်ဖွဲ့လို ရှိနေတယ်ပေါ့။ ဆိုတော့ တော်တော်လေးတော့ အခက်အခဲ ရှိတယ်။

ဟိုး ၂၀၁၀ ရွေးကောက်ပွဲမှာ တက်လာတဲ့ အစိုးရနဲ့ ၂၀၁၅ တက်လာတဲ့ အစိုးရကို ပြန်ပြီးနှိုင်းယှဉ်မှပဲ အဖြေထွက်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ ၂၀၁၀ က တက်လာတဲ့ အစိုးရကျတော့ ဗိုလ်ချုပ်ဟောင်းတွေ ပါတယ်။ တပ်ထွက်တွေ ပါတယ်။ ဆိုတော့ အစိုးရဝန်ကြီးဌာနမှာ ဝင်ပြီးတော့ တာဝန်ယူတဲ့အချိန်မှာ သူတို့ ကာကွယ်ရေး စစ်ဦးစီးချုပ်ကို သူတို့က တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်လို့ရတယ်။ မေးမြန်းညှိနှိုင်းလို့ ရတယ်ပေါ့နော။ ဒါပေမဲ့ ၂၀၁၅ NLD ကနေပြီးတော့ ဖွဲ့တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ NRPC တို့ PC တို့ကတော့ ဗိုလ်ချုပ်တော့ ပါခဲ့တယ်။ ဒါပေမဲ့ အဲ့လောက်ထိ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုလည်း အားနည်းတယ်။ ဒါကတော့ ကျနော့်အမြင်ပေါ့။ နောက်ပြီးတော့ တိုက်ရိုက်မေးမြန်းဆောင်ရွက်ဖို့ကလည်း အားနည်းချက်ရှိတယ်လို့ သုံးသပ်မိတယ်ပေ့ါနော။

ဆိုတော့ တပ်မတော်ကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်အရ ကြည့်လိုက်လို့ရှိရင်တော့ သူတို့ကလည်း နိုင်ငံရေး ဝင်ပြီးတော့ ကစားတယ်ပေါ့။ အဲ့လိုပဲ ကျနော်တို့က သုံးသပ်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအရကတော့ ဒီ election ပြီးရင် ရက်ပေါင်း ၆၀ လား၊ ၉၀ လား အစိုးရ မဖွဲ့နိုင်ဘူး၊ လွှတ်တော်မဖွဲ့နိုင်ဘူးဆိုရင် အော်တိုမက်တစ် တပ်မတော်က အုပ်ချုပ်ရေး ယန္တာရားကော အကုန်လုံးအာဏာရောက်တယ်။ ဒါက ၂၀၀၈ အရက အော်တိုမက်တစ် အာဏာလွှဲထားပြီးသား။ ဆိုတော့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုရင်တော့ တော်တော်လေးတော့ စဉ်းစားရခက်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ စဉ်းစားရခက်တယ်ဆိုတာက တပ်မတော်ဖက်ကလည်း သီးသန့်တစ်ဖွဲ့လို ဖြစ်နေတယ်။ အစိုးရရဲ့ လုပ်ဆောင်ရမဲ့ အခန်းကဏ္ဍတွေကလည်း သီးသန့်လုပ်ချင်တယ်။ ဒါကတော့ ၂၀၁၅ ကနေ ၂၀၂၀ အစိုးရ သက်တမ်းကာလမှာ ကျနော်တို့ ကောင်းကောင်းလေး ရှင်းရှင်းလင်းလင်းတွေ့ရတယ်ပေါ့နော။ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ NRPC နဲ့ တပ်မတော်နဲ့ကတော့ သဘောထားချင်းကတော့ ဟိုးအရင် ၂၀၁၀ – ၂၀၁၅ ရဲ့ သွားနေတဲ့ လမ်းကြောင်းပုံစံမျိုး သိပ်မတွေ့ရဘူးလို့ ကျနော်တို့က အဲ့လိုမျိုး ယူဆရတယ်။

မေး ။ ။ ခုနက ဆရာပြောသွားတာက ဒီ ၂၀၁၅ -၂၀ မှာ NLD အစိုးရနဲ့ပေါ့နော ဒီ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးမှုတွေက အားနည်းတယ်လို့ ပြောတယ်ပေါ့နော။ ကိုဗစ်ကြောင့်လည်း ပါတာပေါ့နော။ ဆိုတော့ ဒီ အသစ်တက်လာမဲ့ အစိုးရကိုပေါ့နော။ ဆရာတို့အနေနဲ့ ကမ်းလှမ်းချင်တာမျိုးတွေ ရှိလား၊ သို့မဟုတ်ရင် တောင်းဆိုချင်တာမျိုးတွေ ရှိလားပေါ့နော။ ဘယ်အစိုးရပဲ အသစ်ဖွဲ့ဖွဲ့ပေါ့နော။

ဖြေ ။ ။ ဒီငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ကတော့ ဆက်သွားရမဲ့ လုပ်ငန်းစဉ်တစ်ခုလို့တော့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံ၊ ဘယ်လိုလမ်းကြောင်းနဲ့ သွားရမလဲဆိုတာ ကျနော့်တစ်ယောက်တည်းတော့ ပြောဖို့ခက်တယ်။ ကျနော်တို့ ဗဟိုတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်နဲ့၊ ဗဟိုတစ်ခုလုံးရဲ့ တိုင်ပင်ညှိနှိုင်းမှုနဲ့ ကျနော်တို့ သွားရမဲ့ လုပ်ငန်းစဉ်ဖြစ်တယ်ပေါ့။ ဒီကိစ္စကတော့ ကျနော့်တစ်ယောက်တည်း သဘောထားနဲ့ ပြောလို့ အဆင်မပြေဘူး။

မေး ။ ။ ဟုတ်ကဲ့ပါ။ ဒီနှစ်ရဲ့ ရွေးကောက်ပွဲရလဒ်ကလည်း NLD ကပဲ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာ ရှိသလို ကျမတို့ ကယားပြည်နယ်မှာဆိုရင်လည်း NLD က အများဆုံးအနိုင်ရထားတယ်ပေါ့နော။ ဆိုတော့ ဒီ NLD စတက်လာတဲ့အခြေအနေကို ချပြမယ်ဆိုရင် ကယားမှာ အကြီးမားဆုံးဖြစ်သွားတာက ဗိုလ်ချုပ်ကြေးရုပ်၊ ပြီးတော့ တောင်သူတွေကို တရားစွဲထောင်ချတဲ့ကိစ္စပေ့ါနော်။ ဆိုတော့ ၂၀၂၀ အလွန်မှာ သူတို့ကပဲ အစိုးရဖွဲ့ခွင့် ပြန်ရမယ်ဆိုရင် ဆရာ ဘာများ အကြံပြုချင်ပါသလဲ။

ဖြေ ။ ။ NLD ရဲ့ သွားနေတဲ့ နိုင်ငံရေးသွားတဲ့ ဖြစ်စဉ်ကတော့ တော်တော်လေးတော့ ပြောရခက်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆို ကျနော်တို့ လိုချင်တဲ့ စနစ်ကတော့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ အစိုးရတွေက ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့် ရှိသင့်တယ်ပေါ့နော။ ရှိကို ရှိရမယ်။ ဖက်ဒရယ်စနစ်ကို ကျနော်တို့သွားမယ်ဆိုရင် ရှိကို ရှိရမယ်။ ဒါပေမဲ့ လက်ရှိ NLD လုပ်သွားတဲ့ ပုံစံက ဗဟိုချုပ်ကိုင်မှုက များနေတယ်လို့ ကျနော်တို့ကတော့ အဲ့လို သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆို ဒီမှာက တောင်သူလယ်သမား မြေယာသိမ်းတဲ့ ကိစ္စတွေ နောက်ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေ ဒါက ဗဟိုရဲ့ ချုပ်ကိုင်မှုတွေ အများကြီး ပါလာတယ်။ ကျနော် ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ တွေ့ဆုံညှိနှိုင်းတဲ့ထဲမှာ မပါတောင်မှ ကျနော်တို့ဖက်က ခေါင်းဆောင်တွေ သွားပြီးတော့ တွေ့ဆုံညှိနှိုင်းတဲ့ အနေအထားမှာကျတော့ ဗဟိုရဲ့ ညွန်ကြားချက်ကို စောင့်နေတယ်။ မဟုတ်ရင် ကျနော်တို့ဖက်က တင်ပြတဲ့ အကြောင်းအရာတစ်ခုကို NRPC ကို တင်ပြမယ်၊ ဗဟိုတင်ပြမယ်ဆိုတဲ့ အကြောင်းပြန်ချက်ပဲ ကျနော်တို့က ခပ်များများ တွေ့ရတယ်ပေါ့နော။ အဲ့လိုမျိုး အနေအထားနဲ့ ကြုံတွေ့နေရတယ်။

ဆိုတော့ ဘယ်အစိုးရပဲ တက်တက်ပေ့ါ ဒီပြည်နယ်မှာ ဘယ်အဖွဲ့ပဲ အစိုးရဖွဲ့ဖွဲ့ ကျနော့်အနေနဲ့ကတော့ ကိုယ့်ပြည်နယ်အရေး၊ ကိုယ့်လူထုအရေးကိုတော့ လူထုတွေရဲ့ တင်ပြတောင်းဆိုမှုအရ ကိုယ်ပိုင်စီမံဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရဖြစ်အောင်တော့ ကြိုးစားသင့်တယ်ပေါ့။ ကိုယ့်ကိုယ်ကိုလည်း လုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုး ထားဖို့လိုအပ်တယ်။ အထက်ကနေ ညွန်ကြားမှ ကျနော်တို့ လုပ်မယ်ဆိုတဲ့ စိတ်မျိုးထားရင်တော့ ကျနော်တို့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်က ဘယ်တော့မှ ရမှာ မဟုတ်ဘူးပေါ့နော။ ဆိုတော့ ဒီလာမဲ့ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပေါ့ အစိုးရထဲမှာ ပါလာမယ်ဆိုရင်တော့ ဗဟိုရဲ့ ညွန်ကြားချက်ကို ယူသင့်တဲ့ အခန်းကဏ္ဍတော့ ယူပေါ့။ ဒါပေမဲ့ အခုလိုမျိုး မြေပြင်မှာ ဖြစ်တဲ့ ပြသနာတွေကတော့ လူထုတွေရဲ့အသံ၊ လူထုတွေကနေ ကိုယ့်ကို ရွေးကောက်တင်မြောက်ထားတယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ကောင်းကောင်းလေး လူထုအကျိုးကို ပြန်ပြီးတော့ ဆောင်ရွက်စေချင်တယ်။

မေး ။ ။ ဟုတ်ကဲ့ ထပ်ပြီးတော့ ဖြည့်စွက်ချင်တာများ ရှိသေးလားရှင့်။

ဖြေ ။ ။ အဓိကကတော့ ဒီပြည်နယ်မှာရှိတဲ့ တပ်မတော်သော်လည်းကောင်း အစိုးရသော်လည်းကောင်းပေါ့နော ပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် တည်တည်ငြိမ်ငြိမ်လေး လုပ်ဆောင်နိုင်အောင် နောက်ပြီးတော့ ကျနော်တို့ တစ်ဖက်နဲ့တစ်ဖက် အဓိက အပြန်အလှန်နားလည်မှုရှိအောင်ပေါ့။ နောက်တစ်ခုက ဒီ သဘောတူညီထားတဲ့ အချက်တွေအပေါ်မှာ အသိအမှတ်ပြုကြဖို့ အလေးထားကြဖို့ အဲ့ဒီအပေါ်မှာ စီစဉ်ညှိနှိုင်းဆောင်ရွက်သွားကြဖို့ ဒါအရေးကြီးတဲ့အပိုင်းလို့ ကျနော်ကတော့ ထပ်ဖြည့်စွက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သဘောတူညီချက်တွေကို ကျနော်တို့ အခြေမခံပဲနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးလာခဲ့တဲ့ ကာလတစ်လျှောက်လုံးက သဘောတူညီချက်တွေက အလဟသ ဖြစ်သွားမယ်လေ။ ဆိုတော့ ဒါတွေကို ပြန်ပြီးတော့ အသက်သွင်းပြီးတော့မှ လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အာဏာ ရလာပြီ ကြိုက်သလိုလုပ်မယ်ဆိုတဲ့ အပိုင်းမျိုးကတော့ ကျနော်တို့အနေနဲ့ကတော့ လက်မခံနိုင်ဘူးပေါ့နော။ ကလေးကစားနေတာ မဟုတ်ဘူး။ နိုင်ငံအရေးဖြစ်တယ်။ ပြည်နယ်အရေးဖြစ်တယ်။ လူထုအရေးဖြစ်တယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – မေးမြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here