“ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေဖြစ်ဖြစ် ငြိမ်းချမ်းရေး မရှိနေဘူးဆိုရင် ကျန်တဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ၊ ပညာရေးလုပ်ငန်းတွေ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး” ဦးထူးချစ်(ပညာရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ)

ပညာရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

၁၄ အောက်တိုဘာ ၂၀၂၀

ဦးထူးချစ်က ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေအတွက် တန်းတူအခွင့်အရေးရရှိဖို့ကို လုပ်ရှားနေသူ တစ်ဦးလည်းဖြစ်ပြီး ကရင်နီ( ကယား) ပြည်နယ်ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိုလည်း တစိုက်မတ်မတ် လေ့လာခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပညာရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ NLD အစိုးရလက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ငြိမ်းချမ်းဖော်ဆောင်မှု ဘယ်လောက်ထိ ရောက်နေပြီလဲ။ ဆရာ့အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

ဖြေ ။ ။ ကျနော်ကတော့ ဖွံ့ဖြိုးရေးလုပ်တယ်ဆိုပေမဲ့လည်း ပြည်နယ်အတွင်း တချို့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ပြီးခဲ့တဲ့ အစိုးရမှာတောင် ကျနော်တို့ ဝင်ကူပေးတာတွေရှိတယ်။ ကျနော်တို့ ယုံကြည်တာကလေ ကျနော်တို့ ကယား( ကရင်နီ) ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရဘူးဆိုရင် ဘယ်လိုမှ ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပညာရေးလုပ်ငန်းတွေ တခြားလုပ်ငန်းတွေ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးကိုတော့ အဓိက လုပ်ရမယ်လို့ ကျနော်မြင်တယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ အရပ်ဖက် အဖွဲ့အစည်း တစ်ယောက်အနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမြင်လဲလို့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ အစိုးရတွေ လုပ်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာတောင်မှပဲ လက်ရှိအစိုးရက ထပ်ပြီးတော့ တိုးတက်အောင် မလုပ်နိုင်ဘူးလို့ ကျနော်မြင်တယ်။ နောက်တစ်ခုကလည်း ဘာဖြစ်လို့လဲမသိဘူး။ ကျနော်တို့ ဆယ်တောရိုကျောင်းတောင်မှ အစိုးရက KNPP တို့ ကနေပြီးတော့မှ ပံ့ပိုးထားလို့ သူတို့ ဖွင့်ထားလို့ ဆိုပြီးတော့မှ ဆယ်သဲလိုမျိုး လူငယ်တွေ၊ ဆင်းရဲဒုက္ခရောက်တဲ့ကလေးတွေ လာပြီးတော့ တက်နေတဲ့ ကျောင်းတောင်မှ သူတို့အမျိုးမျိုး အနှောင့်အယှက်ပေးတယ်။ ဒုက္ခပေးတာတွေ ရှိတယ်။ အရင်တုန်းက ကျနော်တို့ KNPP က ရဲဘော်တွေ ဆုံးတာလည်း အစိုးရအနေနဲ့ ကျနော်တို့ ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ဘူး အဲ့ဒါကို ကျနော်တို့ တွေ့ရတယ်။ ပြည်နယ်မှာတော့ ကျနော့်အနေနဲ့ကတော့ ဒီအစိုးရက ဒီပုံစံအတိုင်းပဲ သွားနေမယ်ဆိုရင်တော့ အဆိုးဖက်ကိုပဲ ကျနော်တို့က ရောက်မှာဖြစ်တယ်။ နောက်ပြီး ထပ်ပြောချင်တာသည် အဆိုးဖက်ကိုပဲ ကျနော်တို့ မြင်နေရတယ်။ အခုက လက်ရှိလည်း ပြည်နယ်ဝန်ကြီးချုပ်( ဦးအယ်လ်ဖောင်းရှိူ)ရဲ့ လုပ်ရပ်တွေ အဂတိလိုက်စားမှု ကိစ္စတွေကလည်း အားလုံးသိတဲ့အတိုင်းပဲ သူတို့အချင်းချင်း သူတို့ ပါတီအချင်းချင်း အကွဲအပြဲတွေလည်း အားလုံးသိတဲ့အတိုင်းပဲ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်ထောင်စု ပါတီကိုပဲ အားကိုးလို့ မရဘူး။ ပြည်နယ်အခြေစိုက် ပါတီတွေ အားကောင်းမှ ကျနော်တို့ပြည်နယ် ငြိမ်းချမ်းရေး ရမယ်။ ကျနော် အဓိက ပြောချင်တာက ကျနော်တို့ ကရင်နီ ( ကယား) ပြည်နယ်ကို ရခိုင်ပြည်နယ်လိုမျိုး မဖြစ်စေချင်ဘူး။

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောခဲ့ဖူးတဲ့သူတွေ ရှိတယ်။ ငြိမ်းချမ်းရေးကို သူတို့အနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာတွေပေါ့နော။ ဆိုတော့ လုပ်ပိုင်ခွင့်မရှိတာလား ဘာတွေက သူတို့ကို အဟန့်အတားဖြစ်စေတာလဲ။ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ သူတို့လက်ရှိ အစိုးရအနေနဲ့ အမြဲတမ်းပြောတာ သူတို့ လုပ်လို့ မရဘူးဆိုရင် သူတို့ အခြေခံ ဥပဒေကို လွဲချတဲ့ အကျင့်ရှိတယ်။ ဥပဒေရဲ့ အဟန့်အတားကြောင့် သူတို့ လုပ်လို့ မရဘူးလို့ ပြောတယ်။ ဒါပေမဲ့ အခြေခံဥပဒေက သူတို့ နဂိုကတည်းက လွှတ်တော်အမတ်တွေက လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ကျေကျေညက်ညက် လေ့လာထားပြီးသားလို့ ကျနော်တို့ နားလည်တယ်။ အခြေခံဥပဒေကို အလုပ်လုပ်လို့ မရတော့မှ လွဲချလို့မရဘူး။ စောနက ပြောသလိုပဲ အကန့်အသတ် ရှိတယ်ဆိုတဲ့ နေရာမှာလည်း ကျနော်တို့ ဆိုလိုချင်တာက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ကျနော်တို့ အဆင့်တွေက အများကြီး ရှိတယ်ပေါ့နော။ သူတို့အစိုးရလုပ်နိုင်တဲ့ အဆင့်တွေ အများကြီး ရှိသလို စစ်တပ်က လုပ်ရမဲ့ အဆင့်တွေလည်း ရှိတယ်။ ကျနော်တို့ ပြောနေတဲ့ဟာတွေ လက်ရှိသူတို့ပဲ ယုံယုံကြည်ကြည်နဲ့ သူတို့ကိုယ်တိုင် ကျမ်းကျိန်ပြီးတော့ လက်ခံ ထားတဲ့ ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံအောက်မှာပဲ လုပ်လို့ရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကို သူတို့အနေနဲ့ လုပ်လို့ရတာကို မလုပ်လို့ ကျနော်တို့က ပြောနေတာ။ လုပ်လို့မရတဲ့ ကိစ္စတွေကို မလုပ်တာမျိုးကို ကျနော်တို့ ပြောတာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရအနေနဲ့သာ ကျနော်တို့ တိုင်းရင်းသားဒေသ၊ တိုင်းရင်းသားပြည်နယ်တွေမှာ တကယ်လို့သာ စေတနာ တကယ်ရှိတယ် ငြိမ်းချမ်းရေးကိုလည်း သူတို့အနေနဲ့ ယုံယုံကြည်ကြည် မြင်ချင်တယ်၊ တွေ့ချင်တယ်ဆိုလို့ရှိရင် သူတို့လုပ်လို့ရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

မေး ။ ။ ဟုတ်ကဲ့။ ပြည်နယ်အဆင့် သဘောတူညီချက်ထဲမှာ ဆိုရင်လည်း အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ KNPPနဲ့ ဆွေးနွေးဖို့လိုတယ် ဆိုတဲ့အချက်တွေပါတယ်ပေါ့နော။ သို့ပေမဲ့ အခုက ဥပမာ လမ်းတစ်လမ်း လုပ်တော့မယ်ဆိုရင် ဘတ်ဂျက်ကျပြီး ပလန်( Plan) ချပြီးမှ KNPPကို အသိပေးတာမျိုး ဖြစ်တယ်လို့ သိရတယ်ပေါ့နော။ ပြီးတော့ ပြီးခဲ့တဲ့ လတွေမှာ ဒေါတမကြီးဖက်မှာ အစိုးရက လုပ်လက်စ လမ်းကို KNPP ဖက်က ကန့်ကွက်တော့ မလုပ်ဖြစ်တော့ဘူး။ အဲ့ဒါကို ဒေသခံတွေက ဒီလမ်းကို လိုချင်တယ် ဆိုတဲ့ ပုံစံမျိုးဖြစ်ခဲ့တယ်ပေါ့နော ဒါတွေက ဥပမာ တစ်ခုပေါ့။ ဆိုတော့ ဒီအပေါ်မှာရော ဆရာဘာများ ပြောချင်ပါသလဲ။ အကြံပြုချင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လုပ်မယ်ဆိုတဲ့ စေတနာ မမှန်တာက တစ်ကြောင်းပေါ့။ နောက်တစ်ခု ပိုအရေးကြီးတာက လုပ်ချင်လို့ရှိရင် အမှန်မှာက သူတို့မှာ တခြားအတွေ့အကြုံ ဗဟုသုတတွေက အကန့်အသတ် တအားဖြစ်တယ်လို့ ကျနော်မြင်တယ်။ ဆိုလိုချင်တာက သူတို့ မလုပ်တတ်ဘူးပေါ့နော။ အဲ့ဒါကြောင့်မို့လို့ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာတာပဲ။ စောနက ပြောသလိုပါပဲ။ ကျနော်က KNPP ဖက်က လိုက်ပြောတာတော့ မဟုတ်ဘူး။ KNPP ဆိုတာကလည်း သူတို့ရဲ့ ပြည်နယ်မှာ ရှိတဲ့ လူမျိုးတွေရဲ့ ဖွံ့ဖြိုးရေး၊ တိုးတက်ရေး၊ ငြိမ်းချမ်းရေး ဒီမိုကရေစီအရေး အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလို့ ကျနော်တို့ နားလည်တယ်။ ဒါကြောင့်မို့လို့ အခုပုံစံက ရွာသားတွေနဲ့ ကျနော်တို့ KNPP နဲ့ကိုပါ ရန်တိုက်ပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဥပမာအားဖြင့် တချို့လူတွေက KNPP က လမ်းဖောက်ပေးလို့လားတဲ့ KNPP က အစိုးရမှ မဟုတ်တာကို လမ်းဖောက်၊ တံတားဆောက်လို့ မရသေးဘူး။ ဆိုလိုချင်တာက အဲ့လိုမျိုးတွေ မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အခုလက်ရှိ ငြိမ်းချမ်းရေးကို ပြည်နယ်အတွင်းမှာပဲ တကယ့်အကြီးဆုံးနဲ့ အစဉ်အလာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့ KNPP နဲ့လည်း သူတို့ စနစ်တကျ ဆွေးနွေးသင့်တာပေါ့နော။ အခုတော့ မဆွေးနွေးပဲအပြင်တောင်မှပဲ KNPP က ဖွင့်ထားတဲ့ ကျောင်းကစ လိုက်ပိတ်တာတို့ ဒါမျိုးတွေပေ့ါ နောက် ဒီကျနော်တို့ကျောင်းဖက်မှာ လမ်းတောင်းထားတာလည်း နှစ်နဲ့ချီကြာမှ ပေးတာမျိုး အဲ့လိုမျိုးပေါ့။ မီးတောင်းထားတာတွေ မပေးတာတို့ပေါ့။ နောက် ကျနော်တို့ ဆယ်တောရိုမှာတက်မဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အစိုးရကျောင်းမှာ လက်မခံဘူးဆိုတဲ့အထိ ဖြစ်ခဲ့တယ်။ ဒါကတွေက အမှန်တရားဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ကတော့ သူတို့အနေနဲ့ ကျန်တဲ့ကိစ္စတွေမှာလည်း ပြည်နယ်အတွင်းမှာ သွေးကွဲအောင်လုပ်ခဲ့တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရကို ပြန်ကောက်မယ်ဆိုရင် လက်ရှိ ကယားဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီကို ဝန်းရံနေတဲ့ လူငယ်တွေဟာ ၂၀၁၅ မှာတုန်းက သူတို့က တကယ့် NLD ကို အင်တိုက်အားတိုက် ဝန်းရံခဲ့တဲ့ လူတွေပဲ ဖြစ်တယ်။ လူငယ်တွေကို သူတို့ မတရားသဖြင့် ဖိနှိပ်ခဲ့တယ်။ ထောင်ချခဲ့တယ်။ အဲ့ဒါတွေက ကျနော်တို့ရဲ့ ပြည်နယ်မှာ တကယ့်ကို သင်ခန်းစာ ယူစရာဖြစ်တယ်။ ကျနော်တို့ ပြည်ထောင်စုပါတွေကို လုံးဝ အားကိုးလို့မရဘူး။ ဖြစ်နိုင်လို့ရှိရင် ဒီပြည်ထောင်စုပါတီတွေက ဒီကယားပြည်နယ်ထဲမှာ ရပ်တည်လို့ မရနိုင်တဲ့ အနေအထားဖြစ်အောင်ကို ကျနော်တို့ ကရင်နီလူငယ်တွေအနေနဲ့ ကြိုးစားသင့်တယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ ဆိုတော့ ဆရာ့အနေနဲ့ မြင်နေရတဲ့အရာတွေကို သုံးသပ်ပေးပါဦးရှင့်။ ဒီကရင်နီ(ကယား)ပြည်နယ်ရဲ့ အခြေအနေကို။

ဖြေ ။ ။ သူတို့ပြောတဲ့ လူထုရွေးချယ်တင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရ ဆိုတဲ့ဟာမျိုးတော့ သူတို့အမြဲတမ်းပြောတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါကတော့ ဘယ်ဖက်မှ ကျနော်တို့က ဘက်မလိုက်ဘူး။ ဘယ်အစိုးရဖြစ်ဖြစ် ကျနော်တို့ကလည်း ကျနော်တို့ ယုံကြည်တယ်။ မှန်ကန်တယ်ဆိုရင် ကျနော်တို့ ထောက်ခံခဲ့တယ်။ မယုံကြည်ဘူး မမှန်ကန်ဘူးဆိုရင် ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ KNPP ဖက်ကလည်း လိုက်ပြောစရာ မရှိသလို အစိုးရဖက်ကလည်း လိုက်မပြောဘူး။ ဒါပေမဲ့ ကျနော်တို့ အမြင်တိုင်း ပြောမယ်ဆိုလို့ရှိရင်တော့ ဒီလက်ရှိ အားလုံးလည်း သိကြတယ်။ မလိုလားအပ်တဲ့ဟာတွေကျတော့ တခုပြီးတခုဖြစ်တယ်။ ဒီကယားဒေးကွင်းက မြေတွေကို ရောင်းစားတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ အဂတိလိုက်စားမှုတွေ ရှိတယ်။ ပြင်ပကနေလာတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကပဲ တင်ဒါရတယ်ဆိုတဲ့ စကားတွေကပဲ ကျနော်တို့ ကြားရတယ်။ အဲ့အမှုတွေကလည်း မပြီးနိုင်ဘူး။ ဒီလောက်ထိ ရှူပ်ထွေးအောင် လုပ်ခဲ့တဲ့ ဝန်ကြီးချုပ်( ဦးအယ်ဖောင်းရှိူ) ကိုဘာဖြစ်လို့ ဗဟိုကနေပြီးတော့ ကာကွယ်ပေးနေတာကလည်း ဆိုတာကတော့ ကျနော်တို့တွေလည်း စိတ်ဝင်စားတဲ့ဟာဖြစ်တယ်။ တကယ်လို့ ဒီထက်မကပဲ ကျနော်တို့ ပြည်ထောင်စု အစိုးရအနေနဲ့ ပြည်နယ်အတွင်းမှာ ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သိသိသာသာ ဖြစ်ခဲ့တဲ့ ပြသနာတွေကို လျစ်လျူရှူ့ပြီးတော့ သူတို့ရဲ့ လူ့ပဲ သူတို့ ပါတီဝင်ပဲ သူတို့ အကာအကွယ်ပေးမယ်ဆိုရင် မလိုလားအပ်တဲ့ ကျနော်တို့ ပြသနာတွေက ကျနော်တို့ ကရင်နီပြည်နယ်ထဲမှာ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မြင်နေရတယ်။

မေး ။ ။ ဟုတ်ကဲ့။ ၂၀၂၀ အလွန်မှာ အစိုးရဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို အဓိက ဘာများ လုပ်စေချင်ပါသလဲရှင့်။

ဖြေ။ ။ အဓိကကတော့ ငြိမ်းချမ်းရေးကို လိုလားတဲ့လူတွေ ခေါင်းဆောင်တွေ ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေဖြစ်ဖြစ် ငြိမ်းချမ်းရေး မရှိနေဘူးဆိုရင် ကျန်တဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ၊ ပညာရေးလုပ်ငန်းတွေ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဘယ်အစိုးရပဲတက်တက် နံပါတ်တစ်အနေနဲ့ ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

‌မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – တွေ့မေးသည်။

Share me now!