ကချင် ၊ ရှမ်းမြောက် နှင့် ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တပ်မတော် ခေါင်းဆောင်များကို ICC တွင် စစ်ဆေးနိုင်ရေး အကြံပြု

0
264

ကချင် ၊ ရှမ်းမြောက် နှင့် ရခိုင် ဒေသတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များအတိုင်း ကုလ သမဂ္ဂမှ အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း လူ့အခွင့်အရေး လုပ်ရှားသည့် အဖွဲ့အစည်းများက သြဂုတ် ၂၇ တွင် တိုက်တွန်းထားပါသည်။

အထူးသဖြင့် ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း လူနည်းစု ရိုဟင်ဂျာများကို အစုတ်အလိုက် သတ်ဖြတ်မှု၊ ကချင် နှင့် ရှမ်းမြောက်ဒေသ များတွင် စစ်ရာဇဝတ်မှု ချိုးဖောက်မှု၊ လူသားမျိုးနွယ်စုပေါ် ပြစ်မှုကျူးလွန်မှုများကြောင့် တာဝန်ရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေး ဦးစီး ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အပါဝင် အရာရှိ ၆ ဦးကို အရေးယူပေးဖို့ အချက်အလက်ရှာဖွေရေး ကော်မရှင် တနလာၤနေ့မှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

ယခု တွေ့ရှိချက်များအတိုင်း ကုလသမဂ္ဂ မှ ထိရောက်စွာအရးယူခြင်း မပြုလုပ်နိုင်ပါက ကမ္ဘာ့အဖွဲ့အစည်းများအတွက် ဧရာမကျရှုံးမှု ဖြစ်မည်ဖြစ်သောကြောင့်၊ လာမည့် ၃၉ ကြိမ်မြောက် ကုလ လူ့အခွင့်အရေးကောင်စီတွင် အကြံပြုချက်အတိုင်း အရေးယူသင့်သည်ဟု အာရှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖိုရမ်၊ ရှေ့ပြေးအသံအဖွဲ့၊ ညီမျှခြင်း မြန်မာ၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ နှင့် ရိုဟင်ဂျာ အမျိုးသမီးဘဝ ဖူလုံရေး အသင်းတို့ တိုက်တွန်းချက် ထုတ်ပြန်ထားပါသည်။

ထို့ကြောင့် အကြံပြုချက်များအတိုင်း ပြစ်မှုကျူးလွန်မှုများတွင် တာဝန်ရှိ စစ်ဗိုလ်များကို နိုင်ငံတကာ ရာဇဝတ်ရုံး ICC သို့ လွဲပေးရန် သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အထူး ခုံရုံးတည်ထောင်ပြီး လှုပ်ရှားဆောင်ရွက်ရန် အချက်များကို လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားပါသည်။

ကချင်ဒေသများတွင် တပ်မတော်မှ ပြည်သူလူထုရှိရာနေအိမ်များကို ဦးတည်ပြီး လေယာဉ်ဗုံးကျဲခြင်း၊ အရပ်သားများ ပိုင်ဆိုင်မှုကို လုယူခြင်း နှင့် ဖျက်စီးပေးခြင်း အပြင် အမျိုးသမီးများအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများကိုပင် ပြုလုပ် ခဲ့ကြောင်း အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ယခုတွေ့ရှိချက်များကို ကြိုဆိုလက်ခံကြောင်း နှင့် လိုအပ်မှုများကို ကူညီသွားမည်ဟု တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဖြစ်သည့် တအောင်းလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ထုတ်ပြန်ထားပါသည်။

ထို့အပြင် မြန်မာအစိုးရ နှင့် တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံ အရောက်တွန်းပို့နိုင်ရေး အင်္ဂလန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO-UK မှ UK အစိုးရရကို သြဂုတ် ၂၈ ရက်နေ့တွင် တိုက်တွန်းထားသည်ကို တွေ့ရပါသည်။

ယခုအစီရင်ခံစာကို ရေးသားခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် ကို ကုလ သမ္မဂ လူ့အခွင့်အရေး ကောင်စီ မှ ၂၀၁၇ တွင် ဖွဲ့စည်းခဲ့သည်ဟု သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here