စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို ထိရောက်စွာ အရေးယူပေးရန် အရပ်ဖက်အဖွဲ့များ တောင်းဆို

0
217

၂၃ နို၀င်ဘာ ၂၀၂၀။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသည့် အသက် (၂၃) နှစ်ရွယ် စစ်ဘေးရှောင် မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူကို တရားဥပဒေလမ်းကြောင်းအတိုင်း ထိထိရောက်ရောက် အရေးယူပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း(၁၂) ဖွဲ့က ပလက်၀မြို့နယ် တရားသူကြီးနှင့် ရှေ့နေများထံ တောင်းဆိုလိုက်သည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၁၇ ရက်နေ့က အောက်သဲမ၀ကျေးရွာသူ မသန်စွမ်း အမျိုးသမီး(အမြင်အာရုံအားနည်း)ကို စစ်ဘေးရှောင်စခန်းတွင် အတူနေထိုင်သူ အသက် (၄၀) ခန့်ရှိသည့် ရခိုင်အမျိုးသားတစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျေအေးခွင့်မပြုဘဲ တရားဥပဒေ အတိုင်းဆောင်ရွက်ပေးရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဆမီးချင်းအမျိူးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။

“ကျမတို့က တရားမျှတမှုကိုဖြစ်စေချင်တယ် ဒီအမျိုးသမီးကျတော့ သာမာန်အမျိုးသမီးမဟုတ်ဘူး ချို့ယွင်း အမြင်အာရုံ အားနည်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်၊ တရားမျှတမှု ရရှိချင်လို့ အဖွဲ့အစည်းတွေအားလုံးသဘောတူပြီး ဒီသဘော တူစာအိတ်ကိုပို့ရခြင်းဖြစ်တယ်၊ တရားခံကို တကယ်ပဲ ကျမတို့က အရေးယူစေချင်ပါတယ် လျော့လျော့ ပေ့ါပေ့ါဖြစ်သွားမှာ ကိုမလိုချင်ဘူး ကျမတို့အမျိုးသမီးဖက်ကနေဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအဖွဲ့နဲ့ဆိုတာထက် ကံယာကံရှင်ရဲ့ သဘောထားကိုပဲ ကျမတို့အလေးပေးတယ် ကံယာကံရှင်ကပြောတာက သူလိုချင်တာက ဒီအမျိုးသားကို ထောင်ချစေ ချင်တယ် သူနဲ့ ထိုက်သင့်တဲ့အပြစ်ကိုရစေချင်တယ် ဆိုတော့ ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ သူ့ဆန္ဒကို ဦးစားပေးတယ် ကျမတို့ကိုယ်တိုင်ကလည်း အဲလိုဖြစ်စေချင်တယ်” ဟု ဆမီးချင်းအမျိုးသမီးအဖွဲ့မှ ဒေါ်ပွီးပွီးကပြောသည်။

အဆိုပါမသန်စွမ်းအမျိူးသမီးသည် မိဘများမရှိတော့သည့်အတွက် အဖေဘက်မှတောစပ်သော ဦးလေးမိသားစုနှင့်အတူ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူဖြစ်သည်ဟု သိရသည်။ ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလေးတော်စပ်သူမှ ကျပ်ငွေငါးသိန်းဖြင့် တောင်းပန်လျှင် အမှုကျေအေးနိုင်သည်ဟုပြောဆိုမှုရှိခဲ့သည့်အတွက် အမှုကျေအေးခွင့်မပြုဘဲ တရားဥပဒေအတိုင်းပြစ်ဒဏ်ချမှတ်ရန်တောင်းဆိုရခြင်းဖြစ်သည်ဟု ဒေါ်ပွီးပွီးကပြောသည်။

“ ဦးလေးတော်စပ်သူ၏ ငါးသိန်းကျပ်တိတိဖြင့် တောင်းပန်အလျှော်အစားလုပ်လျင် အမှုကို ပိတ်ကျေအေးနိုင်သည်ဆိုသည့် အချက်သည် အမျိူးသမီးနှင့် မိန်းကလေးများ တရားမျှတမှုကို လက်လှမ်းမှီရန်အတွက် အဟန့်အတားတစ်ခုဖြစ်ပါသည်။ (ဗဟုတရားမှျှတမှုစနစ်) ခေါင်းစဉ်ဖြင့် ချင်းဓလေ့ထုံးတမ်းကို အသုံးပြုခြင်းသည်လည်း ချင်းအမျိူးသမီးနှင့် မိန်းကလေးများအတွက် တရားမျှတမှုကို ဆုံးရှုံးရသည့်အကြောင်းရင်းများဖြစ်တတ်သည်ကိုလည်း သတိချပ်စေလိုသည်’’ ဟု အရပ်ဖက်အဖွဲ့အစည်း (၁၂) ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။

ယခုအိပ်ဖွင့်ပေးစာပေးပို့သည့် အရပ်ဖက်အဖွဲ့အစည်းများမှာ ဧဒင်မသန်စွမ်းကလေးများပြုစုရာရိပ်မွန်-ဟားခါး၊ ဟားခါးတာရ် အမျိုးသမီးအဖွဲ့၊ မသူ အမျိုးသမီးအဖွဲ့အစည်း၊ ရီဇွာအမျိုးသမီးအဖွဲ့၊ ဆပ်သားအမျိုးသမီးအဖွဲ့၊ ဟားခါးချင်း အမျိုးသမီးအဖွဲ့အစည်း၊ ဒါရ်ဒီမ်ပါရ်အဖွဲ့၊ ဌာနေတိုင်းရင်းသူကွန်ယက်၊ ချင်းမိသားစုအဖွဲ့၊ Shine Di ၊ BOOM Women ၊ ရသေ့တောင်လူငယ်ကွန်ယက်စသည်တို့ဖြစ်သည်။

မသန်စွမ်းအမျိူးသမီးအား မုဒိမ်းပြုကျင့်သူအမျိုးသားကိုလည်း ဆမီးရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားစွဲဆိုရန် ပလက်၀မြို့သို့ ခေါ်ဆောင်သွားပြီဟုသိရသည်။

လားနွန် (KMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here