ရှမ်း/‌မြောက်ဒေသ ကျောက်မဲတွင် ဘာတွေဖြစ်နေသလဲ

0
682

၂၅ ရက် နိုဝင်ဘာ ၂၀၂၀

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ရှိသည်။ ပြည်သူ့စစ်အဖွဲ့များ ရှိသည်။ အမည်မသိ လက်နက်ကိုင်အုပ်စုများလည်း ရှိသည်။ မြေမြှပ်မိုင်း များ ရှိသည်။ မြို့နယ်အတွင်း မကြာခဏလက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိသည်။ တိုက်ပွဲကြောင့် ထွက် ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များလည်း ရှိသည်။ အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ ဖမ်းဆီးခံရမှုများ စသဖြင့် စစ်၏ နောက်ဆက်တွဲ သက်ရောက်မှုများ အားလုံးသည် ကျောက်မဲမြို့နယ်အတွင်း ရှိနေ ပါသည်။

လူသိရှင်ကြား ဖြစ်စဥ်

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းဦးထိုက်ဇော်သည် နိုဝင်ဘာလ ၂၁ရက်၊ ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာရှိ နေအိမ်တွင် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် သွားသည့်အတွက် ကျောက်မဲဆေးရုံးသို့ အရောက်တွင် သေဆုံးသွားခဲ့သည်။ တရားခံရာဖွေနေဆဲဖြစ်ပြီး ဖမ်းဆီး နိုင်ခြင်းမရှိသေးပါ။

အလားတူ ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုးထွန်း၏ နေအိမ်သည်လည်း နိုဝင်ဘာလ ၁၄ရက် နေ့က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါ။

ရှမ်းသံတော်ဆင့်သတင်းဌာန၏ အဆိုအရတော့ ကျောက်မဲမြို့နယ်သည် ၂၀၁၅ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးပဋိပက္ခများမကြာခဏ ဖြစ်ပွားရာနေရာဖြစ်သကဲ့သို့ မကြာ ခဏဆိုသလို အရပ်သားများ သေနတ်ပစ်ခံရသည့်နေရာဖြစ်ပါသည်။ ထူးခြားသည်က တရားခံကိုတော့ တစ်ကြိမ် တစ်ခါမျှ ဖမ်းဆီးရရှိမှုမရှိသေးဟု ဆိုပါသည်။

၂၀၂၀အတွင်း အရပ်သားများ ပစ်သတ်ခံရမှုဖြစ်စဥ်များ

ဇန်နဝါရီ ၁၂ရက်တွင် ကျောက်မဲမြို့နယ် ချောင်းချောက်ရွာတွင် နွားတင်လာသည့်ကားကို အမည်မသိလက်နက် ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဥ်နောက်လိုက်အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ မည်သည့် အဖွဲ့မှ ပစ်ခတ်သည်ကိုပင် အတည်မပြုနိုင်ခဲ့ပါ။ ၂၀၁၉ခုနှစ်အတွင်း ကျောက်မဲနှင့် သီပေါမြို့နယ်မှာ ကားများ မကြာခဏသေနတ်ပစ်ခတ်ခံရသဖြင့် အသက်သေဆုံးသူ (၁၀)ဦးအထက်တွင် ရှိနေပြီး တရားခံကိုတော့ ဖမ်းဆီးနိုင် ခြင်း မရှိသေးပါ။

ဇန်နဝါရီ ၁၂ရက် ကျောက်မဲမြို့နယ် ချောင်းချောက်ရွာဖြစ်စဥ်မှ ကျည်စအချို့ကိုတွေ့ရစဥ်(ပုံ – သျှမ်းသံတော်ဆင့်)

ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု မန်ဆန်းရွာတွင် အသက်(၃၀)အရွယ် အရပ်သားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သဖြင့် အသက်ဆုံးရှုံးခဲ့ပါသည်။ ဇန်နဝါ ရီလ ၂၂ရက်ကလည်း မိုင်းတင်းကျေးရွာအုပ်စု ရပ်ကျေးစာရေးအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ပါသည်။ ဇွန်လ ၆ရက် မွန်းလွဲပိုင်းတွင်လည်း မိုင်းတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေး ချယ်ရေးအဖွဲ့ ဥက္ကဌသည် မန်ဆန်းရွာရှိ တောင်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်နေစဥ် အမည်မသိလက်နက်ကိုင် အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ပြီးခဲ့သည့် နှစ်ကလည်း မိုင်းတင်းကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

စစ်၊ စစ်ဒဏ်သင့်မှုနှင့် စစ်ဘေးရှောင်များ

ကျောက်မဲမြိုနယ်အတွင်း တပ်မတော်နှင့် RCSS/SSAတို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိသလို တပ်မတော်နှင့် TNLA အကြားလည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ တိုက်ပွဲကြောင့် နောက်ဆက်တွဲအကျိုးဆက်များဖြစ်သည့် စစ် ဘေးရှောင်ပြည်သူများ၊ လက်နက်ကြီးကျည်ထိက အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ပါသည်။

၂၀၂၀ပြည့်နှစ် ဧပြီလ ၅ရက်တွင် တပ်မတော်နှင့် TNLA အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၅၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဇွန်လ ၂၈ရက်နေ့၊ တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် ပန် လော့ကျေးရွာအုပ်စုအတွင်း ရွာသားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရွာသား ၃၀၀ကျော် ဘေးလွတ်ရာ သို့ တိမ်းရှောင်ခဲ့ရသည်။

ဇွန်လ ၂၇ရက်ကလည်း ကျောက်မဲမြို့နယ် ဟိုင်းကွီးကျေးရွာသားနှစ်ဦးကို တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပြီး ၂၈ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။ ဇွန်လ ၂၉ရက်တွင်တော့ ဟိုင်းကွီးကျေးရွာအုပ်စု ပန်ကျန်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါ သည်။

စက်တင်ဘာလ ၃၀ရက်က စတင်ကာ ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS/SSA အကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေသည်ကို သတိပြုမိပါသည်။ အောက်တိုဘာလ ၇ရက်တွင် ဖြစ်ပွားသည့် တပ်မတော် နှင့် RCSS/SSAအကြား တိုက်ပွဲတွင် တပ်မတော်ဖက်မှ ရဟတ်ယာဥ်နှစ်စီးအထိ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုပါသည်။

အထွေထွေရွေးကောက်ပွဲမတိုင်ခင် နှစ်ရက်အလို နိုဝင် ဘာ(၆)ရက်တွင်တောင် ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာ အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ကျေးရွာသား ၅၀၀နီး ပါး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ပါသည်။

ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးရှိ စာရင်းအရ အောက်တိုဘာလ ၉ရက်အထိ ကျောက်မဲမြို့နယ် အတွင်း စစ်ဘေးရှောင်အရေအတွက်သည် ၂၅၀၀နီးပါး ရှိနေကြောင်း သိရပါသည်။

(သရုပ်ဖော်ပုံသာဖြစ်သည်)

ကျောက်မဲမြို့နယ်အတွင်းက မြေမြှုပ်မိုင်းအန္တရယ်

ဇန်နဝါရီလ ၂၁တွင် တော့ဆန်ကျေးရွာအုပ်စု တောင်ပို့လိုရွာ အသက်၂၆နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာရရှိခဲ့ပါသည်။ ဖေဖော်ဝါရီ ၃ရက်၊ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ မန်ကန်ရွာအနီး ထင်းသွား ခုတ်သည့် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။ ကျောက်မဲလူမှုကူညီ မှုအသင်းများ၏ အဆိုအရတော့ ၂၀၂၀ နှစ်ဆန်းပိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူ (၁၀)အထိ ရှိလာပြီဟု သိရသည်။

ဇူလိုင်လ ၂၈ရက်တွင်လည်း နောင်ပိန်ကျေးရွာအုပ်စု ကျောင်းကုန်ရွာတွင် ဗုံးအဟောင်းပေါက်ကွဲရာမှ တောင်သူ တစ်ဦး သေဆုံးသွားခဲ့သည်။

အထက်ပါတွင် တင်ပြခဲ့သည့် စစ်နှင့် ဆက်စပ်သော ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် ကျောက်မဲမြို့နယ်၏ အခြေအနေကို အကဲခတ်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။

သုံးသပ်

သေနတ်ဖြင့် ပစ်ခတ်ခံရမှုမဟုတ်သော၊ စစ်၏ သက်ရောက်မှုကြောင့် မဟုတ်သည့် လူသတ်မှုများ၊ ရာဇဝတ်မှုဖြစ် စဥ်များလည်း ကျောက်မဲမြို့နယ်အတွင်းတွင် ရှိနေပါသေးသည်။ အထက်ပါတင်ပြမှုများတွင် မပါဝင်ဘဲ ကျန်ရစ် နေဦးမည့် ကျောက်မဲမြို့နယ်အတွင်းက ထူးခြားဖြစ်စဥ်များလည်း ရှိကောင်းရှိနေနိုင်ပါသေးသည်။

လက်တလော မြန်မာ့လူ့အဖွဲ့အစည်းတွင်သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဝေဖန်ရှုံ့ချနေကြသည့် ကျောက် မဲမြို့နယ်မှ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်လောင်း သေနတ်ဖြင့် ပစ်ခတ် အသတ်ခံရမှုဖြစ်စဥ်သည် ထူးခြားပြီး နိုင်ငံရေးဖြစ်စဥ်၊ ငြိမ်းချမ်းရေးဖြစ်စဥ်များနှင့်ပါ ပတ်သက်ဆက်နွှယ်နေမည်ဟု သုံးသပ်မှုများရှိနေပါသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကတော့ အနိုင်ရအမတ်လောင်းဦထိုက်ဇော် အသတ်ခံရသည့် ဖြစ်စဥ် နှင့်ပတ်သက်ပြီး “ဒီဒေသတစ်ဝှိက်မှာ မြောက်များစွာသော ရာဇဝတ်မှုတွေ၊ ပြစ်မှုတွေဖြစ်နေတဲ့အရာ”ဟု ဆိုထားပါ သည်။ ငြိမ်းချမ်းရေးမရရှိသည့်အတွက် တရားဥပ‌ဒေစိုးမိုးမှုမရှိခြင်းကြောင့် ပြစ်မှုတွေကို လက်ရဲဇက်ရဲချိုးဖောက် နေကြသည်ဟု ဝန်ကြီးချုပ်က 7Day သတင်းစာတွင် ပြောဆိုထားပါသည်။

ကျောက်မဲမြို့နယ်သည် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအပြင် RCSS/SSA (သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – သျှမ်းပြည်တပ်မတော် တောင်ပိုင်း)၊ SSPP/SSA(သျှမ်းပြည်တိုးတက်ရေးပါတီ – သျှမ်းပြည်တပ်မတော် မြောက်ပိုင်း) ၊ ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး(PSLF/TNLA) ၊ ဒေသအလိုက် ပြည်သူ့စစ်အဖွဲ့များတို့ လှုပ် ရှားတည်ရှိရာ အရပ်ဒေသဖြစ်ပါသည်။

ဒေသခံအရပ်သားပြည်သူများအတွက် လက်သည်မပေါ်သော အသတ်ခံရမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် မည်သူက တာဝန်ယူ တာဝန်ခံပြီး ဖြေရှင်းပေးနိုင်မည်နည်း။ ဘဝအာမခံချက် ပျောက်ဆုံးကာ သေနတ်သံ၊ ဗုံးသံ ကြားတိုင်း၊ စစ်ကြောင်းမြင်တိုင်း တိမ်းရှောင်ထွက်ပြေးနေရသည့် ဒုက္ခတွေအတွက် မည်သူက ကုစားပေးနိုင်မည် နည်း။ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ထောင်ထားသည်မှန်းမသိရသော မြေမြှုပ်မိုင်းအန္တရယ်ကိုလည်း မည်သူကများ ကိုင်တွယ်ဖြေရှင်းပေးနိုင်မည်နည်း။ ဆိုခဲ့ပါမေးခွန်းများသည် ကျောက်မဲမြို့နယ် ဒေသခံပြည်သူများ အတွက် ဖြေမည့်သူမရှိသည့် မေးခွန်းများဖြစ်နေပါလိမ့်မည်။

အနိုင်ရအမတ်လောင်း အသတ်ခံရမှုအတွက် အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက ပြောဆိုထားပါသည်။ တရားခံ ပေါ်ခြင်း၊ မပေါ်ခြင်းကတော့ စောင့် ကြည့်ရမည်ဖြစ်သည်။

သတိပြုရမည်က မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားရာ အရပ်ဒေသတိုင်းတွင် ကျောက်မဲမြို့နယ်ကဲ့သို့သော တရားဥပဒေမစိုးမိုးသည့်၊ မငြိမ်းချမ်းသည့်၊ လူအသက်တစ်ချောင်းကို တန်ဖိုးမထားသည့် အရပ်ဒေသပေါင်း မည်မျှ ရှိနေဦးမလဲဆိုသည်ပင်။ ။

နှင်းကို – ရေးသည်။

(နှင်းကိုသည် လူငယ်သတင်းသမားတစ်ဦးဖြစ်ပြီး BNI – Myanmar Peace Monitor တွင် သုတေသနတာဝန် ထမ်းဆောင်နေပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here