“လူထုရဲ့ကိုယ်စားဖြစ်တဲ့အတွက်ကြောင့် အသုံးချခံရတဲ့လူမျိုးမဟုတ်ဘဲ တကယ်လူထုတွက် မားမားမတ်မတ်ရပ်တည်မယ့် ကိုယ်စားလှယ်မျိုးကို လိုချင်ပါတယ်” ဦးဂျိုဝါးနီ (ဒီးမောဆိုမြို့နယ်)

ရွေးကောက်ပွဲ၊ တိုင်းရင်းသားအရေးနှင့် ကယားပြည်နယ်က အမြင်သဘောထားများ စုစည်းမှု
၁၄ရက် အောက်တိုဘာ ၂၀၂၀

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၇ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်း ပါတီပေါင်း ၁၃ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဆိုရင် ကယားပြည်နယ်မှာ မဲဆန္ဒနယ်( ၃၄) နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD( ၂၆) နေရာအနိုင်ရခဲ့ပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP (၇)နေရာ၊ တသီးပုဂ္ဂလ (၁)နေရာ အနိုင်ရရှိခဲ့ကြပါတယ်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီကိုယ်စားလှယ်တစ်ဦး အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရရှိရေး ကယားပြည်နယ်အတွင်းမှာ ဒေသအခြေစိုက်ပါတီတွေကော လက်ရှိ အာဏာရ ပါတီတွေကော ထောက်ခံသူတွေအသီးသီးက အင်အားပြစီတန်းလှည့်လည်တာတွေက အပြိုင်အဆိုင်ပါပဲ။
ဒီလိုအင်အားအပြိုင်အဆိုင်နဲ့ ပါတီအသီးသီးကို ဝန်းရံသူနေကြသူတွေကတော့ သူတို့ ယုံကြည်ရာကို ထောက်ခံကြပြီး လိုက်ပါဝန်းရံသွားကြတာကို တွေ့ရပါတယ်။ ကယားပြည်နယ်အတွက် ဘယ်လိုကိုယ်စားလှယ်တွေ လိုအပ်နေပါသလဲ၊ ဘယ်လိုအစိုးရပုံစံမျိုးကို မြင်တွေ့လိုပါသလဲ စသဖြင့် သူတို့ရဲ့ အမြင်သဘောထားတွေကို ယခုလိုလိုက်လံမေးမြန်းဖြစ်ခဲ့ပါတယ်။


ဦးဂျိုဝါးနီ (ဒီးမောဆိုမြို့နယ်)

“ပြည်သူကိုကာကွယ်ပေးတဲ့ ကိုယ်စားလှယ်မျိုး ၊ နောက်ပြီးတော့ ကိုယ်စားလှယ်ဆိုတဲ့ဟာမျိုးဟာလည်း လူထုရဲ့ကိုယ်စားဖြစ်တဲ့အတွက်ကြောင့် အသုံးချခံရတဲ့လူမျိုးမဟုတ်ဘဲ တကယ်လူထုတွက် မားမားမတ်မတ်ရပ်တည်မယ့် ကိုယ်စားလှယ်မျိုးကို လိုချင်ပါတယ်။”


စိုင်းနိုင်နိုင်ထွေး(ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ)
“ကျနောတို့ တိုင်းရင်းသားပါတီလို့ ပြောရင် ပြည်နယ်ကိုအခြေခံတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဖော်ဆောင်ဖို့ အတွက် ပြည်နယ်ကိုအခြေခံထားခြင်းဖြစ်တယ်။ ဒါကြောင့် ဖယ်ဒရယ်စနစ်မှန်တည်ဆောက်မယ် ဆိုရင်တော့ ပြည်နယ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ထွန်းကားဖို့ ပြည်နယ်ကိုအခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေသည် ပြည်သူလူထုလက်ဝယ်မှာ ကျနောတို့ ပွင့်လင်းမြင်သာစွာဆောင်ရွက် နိုင်တဲ့အစိုးရကောင်းတစ်ရပ်ရှိဖို့ကတော့ ပြည်နယ်အခြေစိုက်ပါတီတွေကို အားပေးသင့်တယ်လို့ မြင်ပါတယ်။”

ဦးသန့်ဇင်ဝင်း (NLD ထောက်ခံသူ၊ လွိုင်ကော်မြို့)
“မျှော်လင့်ထားတာတွေက အများကြီးပေါ့ ယုံကြည်ပါတယ် လုပ်နိုင်မယ်လို့လည်း ဘယ်လိုကဏ္ဍတွေ လုပ်နိုင်မယ်လို့ထင်လဲဆိုတော့ ကျနောတို့ပြည်နယ်အတွက် ကြည့်မယ်ဆိုရင်တော့ အဓိက တိုင်းရင်းသားပေါ့ တိုင်းရင်းသားအရေးကိုပိုပြီး ဦးစားပေးလုပ်ဆောင်သင့်တယ် ကျနောတို့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေကိစ္စတွေကို အဓိကဖြေရှင်း ပေးသင့်တာပေါ့။ အဲ့ဒါတွေကိုအဓိက လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်။ လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မောင်ဇူ(တစညပါတီ ထောက်ခံသူ၊ ဘောလခဲမြို့နယ်)
“ ကျနော်တို့က ပါတီကိုမကြည့်ဘူးဗျ ပါတီကို အဓိကထားတာ မဟုတ်ဘူး လူကိုရွေးတာ ကျနော်တို့က သူတို့ရဲ့လုပ်ပေးနိုင်စွမ်းကို အဓိကကြည့်တယ်။ သူတို့ဘယ်လောက်ထိလုပ်ပေးနိုင်လဲ ပြည်သူ့အသံကိုနားထောင်ပြီး လွတ်တော်ထဲကိုတင်သွင်းပေးနိင်လာ ကျနော်တို့အဲ့လိုကြည့်တယ် အဲ့လိုကြည့်ပြီးတော့ရွေးချယ်တယ်။”


ဦးကျော်ဝဏ္ဏအောင် (ဥပဒေအကြံပြု၊ ကယားပြည်နယ်)
“ပြည်ထောင်စုလွှတ်တော်မှာဆိုရင် တိုင်းရင်းသားပါတီတွေ တော်တော်များများ အနိုင်ရခဲ့ရင် အင်အားစုတစ်ခုအနေနဲ့ တိုင်းရင်းသားတွေ ပြည်ထောင်စုလွှတ်တော်ကို တက်လာမှာ ဖြစ်ပါတယ်။
အကယ်၍တိုင်းရင်းသားတွေ အနိုင်ရလာမယ်ဆိုရင် ပြည်မမှာ အနိုင်ရလာမယ့်ပါတီကြီးတွေနဲ့ ပြည်ထောင်စုမှာ မဖြစ်မနေညွှန့်ပေါင်းအစိုးရဖွဲ့ ရပါလိမ့်မယ်။အကယ်၍ သူတို့က တိုင်းရင်းသားတွေနဲ့ ညွှန့်ပေါင်းမဖွဲ့ရင် အဆင့်သင့်ရှိနေတဲ့ တပ်မတော်နဲ့ ပေါင်းမှာလား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ပေါင်းမလားဆိုတဲ့ အနေအထားမှာရှိပါတယ်။ ညွှန့်ပေါင်းအစိုးရဖွဲ့ခဲ့ရင် ပြည်သူတစ်ရပ်လုံးလိုလားနေတဲ့ ဖယ်ဒရယ်စနစ်ကို သွားရတာပိုပြီးတော့ လွယ်ကူနိုင်ပါတယ်။ညွှန့်ပေါင်းဖွဲ့နိုင်ခဲ့မယ်ဆိုရင် ကောင်းကျိုးရှိသလို အခက်အခဲလည်းရှိနိုင်တယ်၊ညွှန့်ပေါင်း အစိုးရဖြစ်တဲ့တွက် တစ်ခုခုဆုံးဖြတ်ရင် ကြာနိုင်တယ်။ ချက်ချင်းဆုံးဖြတ်လို့မရတာမျိုးတွေပေါ့ တစ်ပါတီတည်းမဟုတ်တဲ့အတွက်။ ဒါပေမယ့် ဘာကောင်းလဲဆိုရင်တော့ အရွေ့တစ်ခုကိုသွားတဲ့အချိန်မှာတော့ စုပေါင်းအားနဲ့ သွားတဲ့အရွေ့ရှိတယ်ပေါ့။ ကျနောတို့ကတော့ ဖယ်ဒရယ်ကိုပဲပြောပြော ဒီမိုကရေစီဖယ်ဒရယ်ပဲပြောပြော သွားမယ်ဆိုရင် အားပိုရှိမယ်လို့ ယူဆတယ်ပေါ့။”

မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး)

“တိုင်းရင်းသားအရေးတွေကို NLDက အလေးအနက်ထားတဲ့အကြောင်း တိုင်းရင်းသားတွေနဲ့ပတ်သက်လာရင် ကိုယ်ပိုင်ပြဌာန်းခွင့် အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းတွေကို ၁၉၈၈ ခုနှစ်ကတည်းက ပါတီရဲ့ မူဝါနဲ့ သဘောထားတွေပါရှိထားတယ်။ ငြိမ်းချမ်းရေးမရနိုင်သေးဘူးဆိုတာကတော့ ပြည်နယ်တော်တော်များများမှာလည်း လက်နက်ကိုင်ပဋိပက္ခရှိနေတယ်လေ လက်နက်ကိုင်ပဋိပက္ခဆိုတာက နှစ်ပိုင်း လပိုင်းလောက်နဲ့ လုပ်လို့မရဘူးလေ ဒါတွေက နှစ်ပေါင်း ၇၀ကြာပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခကို အချိန်တိုအတွင်းမှာဖြေရှင်းလို့မရဘူး။ ကျနောကတော့ ဗဟိုချုပ်ကိုင်မှုဆိုတာထက် ဗဟိုကတာဝန်ယူတဲ့ ကိစ္စများနေတယ်လို့ပဲပြောချင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုမဟုတ်ပါဘူး ဗဟိုကနေပြီးတော့ တချို့ကိစ္စတွေမှာ တာဝန်ယူပြီးလုပ်ရတာများလို့ ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုက တာဝန်ယူတာနဲ့တော့ နည်းနည်းရှင်းရှင်းလင်းလင်းတော့ မြင်ဖို့ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။”

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – စုစည်းတင်ပြသည်။

Share me now!