ညွှန်ကြားရေးမှူး စောကျော်မင်းထွဋ်နှင့် တွေ့ဆုံခြင်း

0
493

တိုင်းရင်းသားတွေရဲ့စာပေနှင့်ယဉ်ကျေးမှုတွေကို ထိန်းသိမ်းမြှင့်တင်ပြီးတော့အခွင့်အရေးတွေကိုကာကွယ် စောင့်ရှောက်မယ်။̕

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသည် ၂ဝ၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ညွှန်ကြားရေးမှူး ရုံးများ ဖွင့်လှစ်ထားသည်။

ကရင်ပြည်နယ်အတွက် ညွှန်ကြားရေးမှူးရုံးကို ယခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဖားအံမြို့တွင် ဖွင့်လှစ်နိုင်ခဲ့ သည်။ ၎င်းဝန်ကြီးဌာန၏ လတ်တလော လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းဆောင်ရွက်မှုတွင် ကြုံတွေ့နေရ သော အခက်အခဲ၊ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး စောကျော်မင်းထွဋ်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဖြစ်ပေါ်လာပုံကို ပြောပြပေးပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေအားလုံး စုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းက တိုင်းရင်းသားတွေဟာ ဒီအခွင့်အရေးကို တန်းတူမရကြဘူးဆိုပြီးတော့ သမိုင်းအကြောင်းအရာ ပဋိပက္ခ လေးတွေ ရှိခဲ့ကြတာပေါ့။ ဒီအတွက် တိုင်းရင်းသားတွေ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ နိုင်ငံသား အခွင့်အရေးအားလုံး အခွင့်အရေးတွေကို တန်းတူရဖို့ဆိုပြီးတော့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်းခဲ့ကြ တယ်။ အဲ့ဒီဥပဒေအရပဲ ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ကျနော်တို့ သမ္မတ ရုံးရဲ့ကြေညာချက်အမှတ် (၁/၂၀၁၆)နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တယ်။

ဒါပေမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက ကျနော်တို့ ဥပဒေမှာ ပါတဲ့ နာမည်နဲ့ နည်းနည်းလေး ကွဲလွဲနေတယ်။ တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေး စောင့်ရှောက်ရေး ဥပဒေမှာပါတာနဲ့ နည်းနည်းလေး ကွဲလွဲနေတော့ ဒီနာမည်ပြောင်းဖို့ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး သဘောတူညီချက် ရယူပြီးတော့ ကျနော်တို့ ဒီ ၂၅. ၅.၂၀၁၆ ရက်မှာ နိုင်ငံတော် သမ္မတရုံးရဲ့ကြေညာစာ အမှတ် ၂၀/၂၀၁၆ နဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။

မေး။ ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှာ ဌာနဘယ်နှစ်ခုရှိလဲ။ ပြီးတော့ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးရုံးက ကရင်ပြည်နယ်အပြင် အခြားဘယ်ပြည်နယ်နဲ့တိုင်းတွေမှာ ဖွင့်လှစ်ထားတာရှိပါသလဲ။

ကျနော်တို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု ဦးစီးဌာနရယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနဆိုပြီးတော့ ဝန်ကြီးရုံးနဲ့ ဦးစီးဌာန နှစ်ခုတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးရုံးကို တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄)ခု လုံးမှာ ဒီရုံးတွေ ဖွင့်လှစ်ထားတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့ မှာ ၁၉.၃.၂၀၁၈ ရက်နေ့ ၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၁၈.၆.၂၀၁၈ ရက်နေ့၊ နဲ့ ဒီကရင်ပြည်နယ် ဖားအံမြို့မှာ (၂၈.၆.၂၀၁၈)ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်။ ရန်ကုန်တိုင်းမှာတော့ ရုံးအကြီးစား အဆောက်အအုံပြန်ပြီးတော့ ပြင်ဆင်တယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရုံးအဆောက်အအုံသစ် တည်ဆောက်ဖို့ လုပ်ဆောင်နေပြီ ဖြစ်တယ်။

မေး။ ။ ဒီရုံးနဲ့ ဦးစီးဌာန နှစ်ခုရဲ့ တစ်ခုချင်းစီက ဘယ်လို လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါသလဲ။

ကျနော်တို့ ဝန်ကြီးဌာနက သူ့ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု တွေကို ထိန်းသိမ်းမြှင့်တင်မယ်။ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ပြီးတော့ ပြည်ထောင်စု စိတ်ဓာတ်ကို တိုးတက်ခိုင်မာစေပြီးတော့ တိုင်းရင်းသားတွေရဲ့ လူမှုဘဝကို ဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်မှန်းချက်နဲ့ ပြည် ထောင်စုဝန်ကြီးရုံးက တိုင်းရင်းသားရေးရာဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးတယ်။ အဲ့ဒီမူဝါဒတွေကို ကျနော်တို့ ဦးစီးဌာန နှစ်ခုစလုံးက သူ့သက်ဆိုင်ရာ ဌာနအလိုက် ကနေပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဝန်ကြီးရုံးက အခြားဌာနတွေလည်း ဒီတိုင်းရင်းသားရေးရာကိစ္စတွေ ဆောင်ရွက် တဲ့နေရာမှာ ဆက်စပ်ပြီးတော့ ဝန်ကြီးဌာနအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေလည်း ရှိတယ်။ ဒါက ဝန်ကြီးရုံးရဲ့ လုပ်ငန်းပေါ့နော်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန အနေနဲ့ကတော့ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာပေါ့။ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမှာပေါ့။ နောက်ပြီးတော့ ဒီတိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားပြီး စည်းလုံးညီညွတ်စွာနဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆောင်ရွက်မှာပေါ့။

တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနအနေနဲ့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမှာ ပါတဲ့ တိုင်းရင်းသား လူမျိုး များရဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့ အညီ အပြည့်အဝ ရရှိစေဖို့ ကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့ တိုင်းရင်း သားလူမျိုးတွေ ကြားမျာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ ပေါင်းစပ်ညှိနှိုင်း ပြီးတော့ ဖြေရှင်းခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။

မေး။ ။ ယခုလက်ရှိ အနေအထားအရ ကရင်ပြည်နယ်မှာဆိုရင် ဘာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပြီလဲ။

ကျနော်တို့ ဒီကရင်ပြည်နယ်ရုံးကို ၇.၄.၂၀၁၇ မှာ ယာယီစပြီးတော့ ဖွင့်လှစ်ခဲ့တာပေါ့။ ပြည်နယ် အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကျနော်တို့ ရုံးကို ဖွင့်လှစ်ခဲ့တယ်။ အခုရုံးအသစ်ကိုတော့ ၂၈.၆.၂၀၁၈မှာ ဒီရုံးအဆောက်အအုံ အသစ် ဖွင့်ပွဲကျင်းပခဲ့တယ်။ ကျနော်တို့ ကရင်ပြည်နယ်မှာ ဖွင့်တာ သိပ်မကြာသေးဘူး။ ဒီကာလမှာ ကျနော်တို့ ပြည်နယ် ဝန်ကြီးအဖွဲ့ရဲ့ ပံ့ပိုးမှု၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အနီးကပ် လမ်းညွှန်မှု နဲ့ ကျနော်တို့က ဒီတိုင်းရင်းသား စာပေ ယဉ်ကျေးမှု အသင်းတွေ မှတ်ပုံတင် ဆောင်ရွက်ခြင်းတွေ ကို လုပ်ဆောင်ပေးတယ်။ နောက်ပြီးတော့ ဒီတိုင်းရင်းသား ဘာသာသင်တဲ့ နေ့စားလပေးသင်ဆရာမ TA ( Teacher Assistant) တွေကို ထပ်ပြီးတော့ ခန့်ထားပေးနိုင်တယ်။ တိုင်းရင်းသားကလေးငယ် တွေ မြန်မာစာပေ သင်တဲ့အခါမှာ နားမလည်တာတွေ ရှိမယ်။ အဲ့ဒါ ဆရာမတွေက သူတို့ဘာသာနဲ့ နားလည်အောင် သင်ပြပေးဖို့ သင်ထောက်ကူဆရာမ TA တွေကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ၅၄၅ဦးကို ပညာရေး ဝန်ကြီးဌာန နဲ့ ပူးပေါင်းပြီးတော့ ခန့်ထားပေးနိုင်ခဲ့တယ်။

ပြီးတော့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွေက ထုတ်တဲ့ စာအုပ်စာတမ်းတွေ အခွေတွေတွေကိုလည်း စုဆောင်းထားတယ်။ အဲ့ဒါတွေကို လာပြီးတော့ လေ့လာလို့လည်း ရတယ်။ ကိုးကားချင်လည်း ကိုးကားလို့ရတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ ဖားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ် နဲ့ လှိုင်းဘွဲ မြို့နယ်တွေမှာရှိတဲ့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းတွေ တိုင်းရင်း သားဘာသာသင် ဆရာမတွေကို ကျနော်တို့ရဲ့ လုပ်ငန်းဆောင်တာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြား ခြင်းတွေလည်း ပြုလုပ်ခဲ့တယ်။ ကရင်ပြည်နယ်မှာ တိုင်းရင်းသားဘာသာ သင်ရိုး ညွှန်းတမ်းရေးဆွဲတာကို ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးခဲ့တယ်။

ကရင်ပြည်နယ်မှာရှိတဲ့ ကရင်လူမျိုးတွေအပြင် မွန် ၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးဆိုင်ရာတွေ အကုန်လုံးနဲ့ သက်ဆိုင်တယ်။ ကျနော်တို့ကလည်း တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရဲ့ အနီးကပ်လမ်းညွှန်မှုနဲ့ အဓိက လုပ်ဆောင်တာဖြစ်ပြီး ဒီရုံးကလည်း တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရဲ့ ရုံးသဘောမျိုးဖြစ်တဲ့အတွက် တိုင်းရင်းသားရေးရာ ကိစ္စတွေကို သူတို့နဲ့ အကုန် ပူးပေါင်း လုပ်ဆောင်ကြတယ်။

မေး ။ ။ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတာတွေ ရှိပါသလဲ။

ဝန်ကြီးဌာနကို စတင်ဖွင့်လှစ်တာ နှစ်နှစ်ကျော် ကာလပဲ ရှိတဲ့အတွက် ဝန်ကြီးဌာန အသစ်လို ဖြစ်နေပါတယ်။ ရုံးအသစ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ အတွက် ဝန်ထမ်းတွေကို စုဖွဲ့ရတယ်။ လုပ်ငန်းတာဝန်တွေ စတင်ထမ်းဆောင်တဲ့ နေရာမှာ လုပ်ငန်းအသစ်ဖြစ်တဲ့ အတွက် အခက်အခဲလေးတွေတော့ ကြုံတွေ့ရပါတယ်။

တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေး နည်းဥပဒေကို ပြုစုတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ နည်းဥပဒေကို ပြုစုခဲ့ပြီး လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက စိစစ်ရာမှာ နည်းဥပဒေမူကြမ်းမှာပါတဲ့ အချို့အချက်တွေက ဥပဒေမှာ ပြဌာန်းထားခြင်း မရှိတဲ့အတွက် နည်းဥပဒေမူကြမ်းကို ပြန်လည်ပြုစု ရတာတွေကြောင့် ယခုအချိန်ထိ နည်းဥပဒေကို မထုတ်ပြန်နိုင်သေးတဲ့ အခက်အခဲနဲ့ နည်းဥပဒေကို ကျောထောက်နောက်ခံပြုပြီး အလုပ်လုပ်ရမယ့် အပိုင်းတွေအတွက် အခက်အခဲတွေ ရှိပါတယ်။

မေး။ ။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ရော ဒီဌာနနဲ့က ဘယ်လို ဆက်စပ်မှုတွေရှိလဲ။

ဆက်စပ်မှုကတော့ ရှိပါတယ်။ ဥပဒေမှာကတည်းက ပါပြီးသားလေ။ ပြည်နယ်နဲ့ တိုင်းတွေမှာ ရှိတဲ့ တိုင်းရင်း သားတွေက သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်ဆိုရင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဆီကို တိုက်ရိုက် တင်ပြရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေက သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တာဝန်ပေးတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက သွားပြီးတော့ ဆုံးရှုံးမှု ရှိမရှိ ဆန်းစစ်ပြီးတော့ စိစစ်တွေ့ရှိချက်ကို ပြည်နယ်အစိုးရကို ပြန်ပြီးတော့ တင်ပြရတယ်။ ပြည်နယ်အစိုးရက စိစစ်ပြီးတော့ ပြည်နယ်အဆင့်နဲ့ မရတော့ဘူးဆိုရင် ပြည်ထောင်စု အဆင့်နဲ့ ညှိနှိုင်းဆောင်ရွက်မှ ရမယ်ဆိုပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြန်လည်တင်ပြရတယ်။ အဲ့လိုမျိုး အဆင့်ဆင့် ဆက်စပ်နေတယ်။ ဒီတိုင်းရင်းသားလူမျိုးရေးရာဌာနနဲ့လည်း ပူးပေါင်း ဆောင်ရွက်ရတာတွေ ရှိတယ် ။ အကုန်လုံးက ဆက်စပ်နေတာပဲပေါ့။

မေး။ ။ တိုင်းရင်းသားအရေးကို ဆောင်ရွက်ရာမှာ ဘယ်လိုမူဝါဒတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဝန်ကြီးဌာန အနေနဲ့ တိုင်းရင်းသားတွေရဲ့ စာပေနှင့် ယဉ်ကျေးမှုတွေကို ထိန်းသိမ်းမြှင့်တင်ပြီးတော့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာက်ကို တိုးတက်ခိုင်မာစေပြီးတော့ တိုင်းရင်းသားတွေရဲ့ လူနေမှု ဘဝမြင့်မားတိုးတက်စေဖို့ မျှော်မှန်းချက်တွေနဲ့ ချမှတ်ဆောင်ရွက်တာတွေ ရှိတယ်။

တိုင်းရင်းသားလူမျိုုးတွေအားလုံး တန်းတူညီမျှတဲ့ နိုင်ငံသား အခွင့်အရေးများနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခွင့်အရေးတွေကို အပြည့်အဝရရှိစေဖို့၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ ချစ်ကြည် လေးစားကြဖို့ နဲ့ အချင်းချင်းရိုင်းပင်းကူညီကြဖို့ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီးတော့ အတူတကွ လက်တွဲနေထိုင်ကြဖို့၊ တိုင်းရင်းသားတွေရဲ့ စာပေ ၊ ရိုးရာ ယဉ်ကျေးမှုတွေ၊ သမိုင်းအမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တွေ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသေးတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မူဝါဒတွေ ချမှတ်ပြီးတော့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုမျိုး ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်ဖို့တွေ ရှိပါသလဲ။

ကျနော်တို့ အနေနဲ့ ဒီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဒီညွှန်မှူးရုံးတွေ ဖွင့်ဖို့ရှိတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဝန်ထမ်းအသစ်တွေ ထပ်ပြီးတော့ ခန့်ဖို့ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ Documentary တွေကို လုပ်သွားဖို့ရှိတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး တော့ သုတေသန လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ တိုင်းရင်းသားဝန်ကြီးဌာန Website လုပ်ပြီးတော့ လွှင့်တင်ဖို့ ရှိတယ်။ တိုင်းရင်းသားကလေးငယ်တွေ စာသင်တဲ့နေရာမှာ လွယ်ကူစေဖို့ တိုင်းရင်းသားရိုးရာ ပုံပြင်တွေ စာအုပ်တွေကို ထုတ်ဝေသွားဖို့တွေ ရှိတယ်။

ကျနော်တို့ ကရင်ပြည်နယ်ရုံးအနေနဲ့ ဝန်ကြီးဌာနက ချပေးတဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ပြီးတော့ အစိုးရအဖွဲ့တွေ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလွှတ်တော်ကော်မတီ၊ တိုင်းရင်းသားစာပေအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တိုင်းရင်းသားရေးရာ ကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here