မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

0
308

မိုးကုတ်မြို့မြင်ကွင်း (ဓာတ်ပုံ – ဝီကီပီးဒီယား)

တပ်မတော်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား မိုးကုတ်မြို့နယ်အတွင်း နိုဝင်ဘာ ၂၄ရက် ည ၈ နာရီ ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညက ဖြစ်ပွားခဲ့သည့် မိုးကုတ်မြို့နယ်အတွင်း က တိုက်ပွဲသည် ရွေးကောက်ပွဲပြီး နောက်ပိုင်း ဒုတိယအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဟုတ်ကဲ့ မနေ့ညက ၈ နာရီ လောက်ပေ့ါ၊ မိုးကုတ်နားက လွယ်ဦးရပ်ကွက်နားကပေါ့၊ ကျောက်ဝါဘက်ကနေ ကျနော်တို့ဘက်က တစ်ဖွဲ့ က ဆင်းလာတယ်။ ဆင်းလာတော့ လွယ်ဦးနားရောက်တော့ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ ပြီးမှ တိုက်ပွဲဖြစ်တာပါ။ တို်က်ပွဲ မိနစ် ၂၀ လောက်ဖြစ်သွားတယ်။ လမ်းထိပ်တိုက်တွေ့တော့ ရင်ဆိုင် တိုက်ပွဲဖြစ်တာပါ။ အခု မိုးကုတ်မှာ ဖြစ်တာ နှစ်ခေါက်ရှိပြီပေါ့၊ ဒီလထဲမှာပဲလေ။ တခြားမြို့နယ်တွေမှာတော့ တိုက်ပွဲမရှိဘူး။ အဲ့မိုးကုတ်ဘက်မှာပဲ။ ဒီမနက်ပိုင်းတော့ ငြိမ်နေတယ်” ဟု ပြောသည်။

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွင် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်တွင် ထိခိုက်ဒဏ်ရာ ရရှိမှု၊ ကျဆုံးမှုများ မရှိကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

မိုးကုတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ လီဆူအမျိုးသားဖွံ့ ဖြိုးတိုး တက် ရေးပါတီ(မိုးကုတ်) ဗဟို ဒု-ဥက္ကဋ္ဌ ဒေါ်ခင်မာဦး က “ဖြစ်တယ်ဆိုတာက မိုးကုတ်မြို့ ရဲ့ အထက်တောင် ပေါ်မှာ ဖြစ်တာ။ မိုးကုတ်တစ်မြို့လုံးကနေတော့ ပစ်ခတ်သံတွေက ကြားကြတယ်လေ။ လွယ်ဦးနဲ့ နီးနီးလေးပဲ။ လော လောဆယ် အဲ့ရွာတွေထဲမှာ တပ်မတော်က ရှိနေတုန်းပဲ။ ကျောက်ဝါ၊ ကျောက်ပုံတို့၊ မန်နားတို့၊ ပိန်းပစ်တို့ဆို တာကလည်း ကိုယ့်လီဆူတွေကြီးပဲ နေတဲ့နေရာတွေပဲ ဖြစ်နေတာကိုး။ အဲမှာ တပ်မတော်က ရွာထဲမှာလာထိုင် နေတာကိုး၊ တောထဲကလူတွေကတော့ တောအစပ်မှာ နေနေတော့ ရွာကလူတွေကတော့ ဒီဘက်ကို ဆင်းပြေး လာကြပြီ” ဟု ပြောသည်။

မိုးကုတ်မြို့ ရှိ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေပါတီ(ဒူးလေးပါတီ) ရုံး တွင်လည်း စစ်ဘေးရှောင်လာကြသူများ ရှိနေပြီဖြစ်ပြီး အခြားသော ဘုန်းတော်ကြီးကျောင်းများ၊ အဆောင်များနှင့် နီးစပ်ရာဆွေမျိုးများ၏ အိမ်များတွင် လည်း စစ်ဘေးရှောင်လာကြသူများ ရှိနေပြီဟု ဒေါ်ခင်မာဦး က ဆက်ပြောသည်။

“အခုအစ်မတို့ ရုံးကိုရောက်နေတာ ဆယ်ယောက်လောက်ရှိပြီ။ တချို့လည်း တခြားနေရာတွေရောက်နေပြီ။ ထပ်လာမယ့်ဟာတွေလည်းရှိသေးတယ်။ ဘုရားကျောင်းအဆောင်တွေမှာ နေကြတာလည်းရှိတယ်။ ခရစ် ယာန်မဟုတ်တဲ့လူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ တချို့ ရှိနေပြီ။ ရွာထဲမှာရော စစ်သားတွေရှိနေတယ်၊ တောထဲမှာလည်း ရှိနေတယ်ဆိုတော့ ညအတွက် ကြောက်ပြီး အခု ရွာတွေကနေ လူတွေက ထွက်ပြေးလာ နေကြတာ။ ကြောက်လို့ ရှောင်လာကြတာမျိုးပေါ့။”

မိုးကုတ် နှင့် မိုးမိတ်ကြားတွင်လည်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ကျနော်တို့ မိုးကုတ်-မိုးမိတ်ကြားပေါ့ လွယ်ဆာရွာမှာလည်း တိုက်ပွဲအသံတွေကြားတယ်။ ပစ်ခတ်တာတွေ ရှိ တယ်ပေါ့နော်။ လွယ်ဆာကတော့ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာပဲ။ ဒီမှာတော့ ကျနော်တို့ တအန်းတွေလည်းများ တယ်။ ပြီးတော့ လီဆူတွေလည်းရှိတယ်။ ဒီနေ့ပေါ့ ပစ်ခတ်သံတွေကြားရတာက။ ရွာသားတွေကတော့ တစ် ချက်စောင့်ကြည့်နေတာပေါ့ဗျာ။”

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ အင်တာနက် စာမျက်နှာ တွင်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မိုးကုတ်မြို့နယ် ရွှေညောင်ပင်နှင့် လွယ်ယောက်နားတဝိုက်တွင် တပ်မတော် နှင့် TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်အတွင်းက နေရာနှစ်နေရာ ခန့် တွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here