29 March 2024 /

See today's Peace Related News

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်သွားပြီးလား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”အထိမ်းအမှတ် စကားသံများ စုစည်းမှု

၂၅ နိုဝင်ဘာ ၂၀၂၀

ယနေ့ နိုဝင်ဘာ ၂၅ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”နှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ အလွှာအသီးသီးမှ ကရင်ခေါင်းဆောင်အချို့၏ ပြောစကား များကို စုစည်းဖော်ပြလိုက်ပါသည်။

ပဒိုနော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌဟောင်း၊ KNU-ကရင်အမျိုးသားအစည်းအရုံး)

ပဒိုနော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌဟောင်း၊ KNU-ကရင်အမျိုးသားအစည်းအရုံး)

ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက တခြားသော နိုင်ငံတွေထက်စာရင် အဲ့လောက်ထိ ဆိုးရွာတာ မရှိဘူး။ ဒါပေမယ့် မြင်တွေ့ရတာက အိမ်တွင်း အကြမ်းဖက်မှုတွေ တွေ့ရ တယ်။ နောက် လူမှုအသိုင်းအဝိုင်းထဲမှာ အဓမ္မပြုကျင့်ခံရတာရှိမယ်။ နောက်ပြီး အမျိုးသမီးတွေ အပေါ် လှောင် ပြောင် ပြောဆိုတာမျိုး ကိုယ်ထိလက်ရောက်မဟုတ်ဘဲနဲ့ စိတ်ပိုင်းဆိုင်ရာ အမြင်သဘောထားတွေနဲ့ အကြမ်း ဖက်တာမျိုးတွေကို ဒုက္ခသည်စခန်းတွေမှာကော ဥပဒေ စည်းမျဉ်းစည်းကမ်းအားနည်းတဲ့ပြီး အမျိုးသမီးတွေ အခွင့် နေရာပေးမှုအားနည်းတဲ့ နေရာတွေမှာ ဒီလိုမျိုးအကြမ်းဖက်ခံရမှုတွေကိုတွေ့ရတုန်းပဲ။

အမျိုးသမီးတွေကို ဒီရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမျိုးက အမျိုးသမီး တွေ အတွက် လုံခြုံရေးကို ထိခိုက်စေတာပဲ။ ဆိုလိုတာက အမျိုးသမီးတွေအနေနဲ့ စိုးရိမ်ကြောက်ကြရတဲ့ အခြေ အနေအောက်မှာ နေနေကြရတာပဲ။ အကြမ်းဖက်မှု တစ်ရပ် ရင်ဆိုင်းခဲ့ရဖူးတာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်း သွားစေတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတယ်။ တခါတလေ အလုပ်ထဲမှာပဲ ဖြစ်ဖြစ် နေအိမ် မှာနေပြီးပဲ ဖြစ်ဖြစ် ဒီလို ဖြစ်ရပ်မျိုးတစ်ခု ကြုံခဲ့ရရင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက မရှိတော့ဘူးဖြစ်သွားတယ်။

ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ ဒီအရပ်သားအကာကွယ်ပေးမှု နဲ့ပတ်သက်တဲ့ ဥပဒေတွေကို လူ တိုင်းအသေအချာ မသိကြတာက အဓိက ပြဿနာပဲ။ ဒီလို ဥပဒေကို မသိတဲ့အတွက် အမှားကျူးလွန်မှုတွေ ကရှိနေတာပဲ။ ဥပမာ ရိုးရိုးအရပ်သားတစ်ဦးက ဒီစည်းကမ်းဥပဒေတွေကို မသိတဲ့အခါ ဒီလိုလုပ်ရင် ဒီလို အ ရေးယူခံရနိုင်ပါလားဆိုတာမျိုးကို မသိကြဘူး။ အလားတူပဲ အမျိုးသမီးတွေအနေနဲ့ကလည်း ဒီလိုကျူးလွန် ခံရပြီးဆိုရင် ဘယ်လို အရေးယူဆောင်ရွက်လို့ရလဲဆိုတာကို သိထားရမယ်။ ဒီလိုမျိုးနှစ်ဖက်စလုံး သိနိုင်ဖို့က အသိပညာပေးမှုတွေက အောက်ခြေအထိ ရောက်ရှိဖို့လိုအပ်တယ်။

အရပ်သားပြည်သူတွေအနေနဲ့ က ဒီအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဥပဒေ ထုတ် ပြန်မှုတွေ ရှိနေတယ်ဆိုတာကို သိအောင် လုပ်ရမှာဖြစ်သလို ဒီဥပဒေကနေ တဆင့်အရေးယူဆောင်ရွက်နိုင် တာမျိုးကို သိလာအောင် လုပ်ဆောင်ပေးဖို့လိုအပ်လိမ့်မယ်။ အခုတွေ့မြင်နေရတာက အမှုကိစ္စတွေကို လိုက် လံ ဖုံးအုပ်ကာကွယ်ချင်တဲ့ မှန်ကန်ဖြောင့်မတ်မှုတွေ မရှိတာပေါ့။ ဖြစ်ရပ်တစ်ခုဖြစ်လာရင် တိုက်တွန်းအားပေး မှု မလုပ်ဘဲ ဖုံးဖိပပျောက်စေချင်တာမျိုးလုပ်ချင်ကြတယ်။ ဒါကြောင့် ဒီပြဌာန်းထားတဲ့ ဥပဒေတွေကို လူထုတွေ သိအောင် လုပ်ပေးရမှာဖြစ်သလို ကျောင်းစာသင်ခန်းတွေမှာလည်း ဒီအမျိုးသမီးနဲ့ပတ်သက်လို့ အကြမ်းဖက်မှု ပုံစံတွေက ဘယ်လိုရှိလဲ ဒါကကျူးလွန်ရင် ပြစ်မှုမြောက်တယ်ဆိုတာမျိုးကို ပြဌာန်းသင်ကြားပေးဖို့လိုတယ်။

နော်ဝါးခူရှီး (ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSN)

ယခုလက်ရှိအချိန်မှာဆိုရင် ဒီဒုက္ခသည်စခန်းတွေမှာဆိုလို့ရှိရင် မူးယစ်ဆေးဝါးသုံးစွဲတာတွေပိုများလာ တယ်လို့ကြားရတယ်။ နောက်ဒီအကြမ်းဖက်မှုတွေလည်းရှိသေးတယ်လို့တော့ သိရတယ်။ ပြည်တွင်း ဖက်မှာ ပြန်ကြည့်လိုက်ရင်လည်း ဒီဟာတွေကရှိနေသေးပါတယ်။ အမျိုးသားတွေရဲ့ကြီးစိုးမှုတွေရှိနေသေးတယ်။ အိမ်တွင်းအကြမ်းဖက်မှုပိုင်းတွေမှာတော့ တွေ့နေရသေးတယ်။ အကြမ်းမှုလိုပြောတဲ့နေရာမှာတော့ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတစ်ခုထဲကိုဆိုလိုတာမဟုတ်ဘူးပေါ့၊ စိတ်ပိုင်းဆိုင်ရာတွေမှာလဲပါတာပေါ့နော်။

အကြမ်းဖက်မှုပိုင်းမှာ ပြန်ကြည့်မယ်ဆိုရင် သက်ရောက်မှုဆိုးကျိုးတွေကအမျိုးမျိုးရှိတယ်။ နိုင်ငံတစ် နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု အပိုင်းမှာပြန်ကြည့်ရင်လည်း မိန်းကလေးတွေက နောက်ကျကျန်နေတာကို တွေ့ ရ တယ်။ နောက်တစ်ခုက ဒီအကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးသွားတဲ့အထိဖြစ်သွားတာတွေအများကြီးရှိ တယ်။ နောက်အကြမ်းဖက်မှုကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတာတို့၊ တစ်ချို့ဆိုရင် မသန်စွမ်းဖြစ်သွားတာ တို့၊ တချို့အမျိုးသမီးတွေဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး၊ မဖြစ်သင့်တဲ့ဆုံးဖြတ်ချက်မျိုးချမိပြီးကိုယ့်ကိုယ် ကို အဆုံးစီရင်တာတို့၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး စိတ်ရောဂါဝေဒနာ ခံစားရတာမျိုးတို့တွေရှိပါတယ်။ နောက် တစ်ခုက တိုးတက်ပြောင်းလဲမှုအပေါ် သူတို့ကအဖက်ဖက်က ထိခိုက်တာမျိုးတွေရှိပါတယ်။ အိမ်တွင်းရေး ပျော်ရွှင်မှု တွေမရှိတော့တာကြောင့် သူတို့ကိုအများကြီးထိခိုက်သွားတာပေါ့။

အခုဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးကလည်း လုပ်ဆောင်တာတွေရှိပါတယ်။ ဥပဒေတွေ ထိထိရောက်ရောက်ချမှတ်ဖို့၊ နောက်တစ်ခုက ကျမတို့နိုင်ငံမှာဆိုရင် အိမ်တွင်းရေးအကြမ်းဖက်မှုကို မိသားစု ပြဿနာလိုမြင်ကြတယ်။ ဒီအကြမ်းဖက်မှုတွေကို ကျမတို့ဖြစ်နေကျ ပြဿနာလိုမြင်တဲ့အပေါ်မှာ အ သက်ဆုံးရှူံးရတဲ့ အမျိုးသမီးငယ်လေးတွေအများကြီးရှိတယ်။ ဒီအကြမ်းဖက်မှုကို ကျမတို့ကမိသားစု ပြဿနာ၊ လင်မယားချင်းပြဿနာလို့မြင်ကြပြီး ကျမတို့ဝင်စွက်ဖက်တာမျိုးမရှိဘူး။ အဲ့အတွက်ကြောင့်အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်သွားတယ်၊ အဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ကျမတို့ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရမယ်။ ဒီဥပဒေဟာဆိုရင် သြဇာအာဏာရှိတဲ့လူတွေအတွက်တစ်ခုထဲမဟုတ်ပဲနဲ့ အောက် ခြေလူတန်းစားတွေဖြစ်တဲ့ အမျိုးသမီးနှင့်ကလေးတွေအားလုံးအတွက် ထိရောက်မှုရှိနေရမယ်။

ဒီအကြမ်းဖက်မှုတွေပပျောက်ဖို့အတွက်ဆိုရင် ကျမတို့ပညာပေးမှုတွေအများကြီးလိုအပ်တယ်။ ပညာ ပေးတွေလုပ်တဲ့နေရာမှာလည်း အောက်ခြေအနေနဲ့ အခြေခံအထက်တန်းကျောင်းတွေမှာစတင်ပြီး သင်ကြားပို့ချ ပေးရမယ်။ ကလေးတွေကအစ သိထားဖို့လိုအပ်ပါတယ်၊ ဒီအရာတွေကမကောင်းတဲ့အတွက်ကြောင့်မို့လို့ မပြု လုပ်မိအောင် စောင့်ထိန်းရမယ်။ နောက်ပြီးတော့ဒီအကြမ်းဖက်မှုက ပေါ့သေးသေးကိစ္စ တစ်ခုလိုသက်မှတ်မ ထားသင့်ဘူး။ ဒီကိစ္စက လူထုတွေအထဲမှာ ဆိုးကျိုးရှိတဲ့ပြဿနာတစ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် ပညာပေး သင်တန်းတွေအများကြီးပို့ချဖို့လိုတယ်၊ နောက်ပြီးတော့ဒီကိစ္စက လူထုတစ် ရပ်လုံးနဲ့ဆိုင်တဲ့ အရာဖြစ်တဲ့အတွက်ကြောင့်မလို့၊ အမျိုးသမီးဖြစ်စေ၊ အမျိုးသားများဖြစ်စေအတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ကျမတို့ ဥပဒေနှင့်အညီအရေးယူဆောင် ရွက်သွားဖို့လိုပါတယ်။

ဒေါက်တာ စောနေဆဲ (မျက်စိခွဲစိတ်ဆရာဝန်)

ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးအရင်က ကျနော်ဒုက္ခသည်စခန်းထဲမှာလုပ်တုန်းက တော်တော်များများ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ LAC အဖွဲ့အစည်းတွေက ပညာပေးသင်တန်းတွေကိုပို့ချလာတဲ့ နောက်ပိုင်း မှာ တော်တော်လေးကိုနည်းလာတာတွေ့ရတယ်။ အရင်ကနဲ့အခုအချိန် ပြန်နှိုင်းယှဉ်မယ်ဆိုရင် ဒီအကြမ်း ဖက်မှုတွေက အနည်းအကျင်းပဲ ကျန်တာကို တွေ့ရတယ်။ ပြောချင်တာကတော့ လူထုတွေက ပိုပြီးနားလည် လာတယ်၊ ပညာပေးသင်တန်းတွေပို့ချမှုများလာတော့ ပိုနားလည်လာတယ်လို့ပြောလို့ရတာပေါ့။ ယခုလက် ရှိအချိန်မှာဆိုရင် တစ်ကမ္ဘာလုံးက ဒီအကြမ်းဖက်မှုကို ပိုမိုတားဆီးလာတာကြောင့် နေရာတော်တော်များများ မှာ သိပ်မရှိတော့ပါဘူး၊ တကယ်လို့ရှိတယ်ဆိုပေမဲ့လည်း အနည်းအကျင်းပဲကျန်ရှိတာပါ။

ကျနော်တို့ပြန်ကြည့်ရမယ်ဆိုရင် အရင်ကဆို မိန်းကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက ဆိုး ကျိုး သက်ရောက်မှုကပိုများတယ်။ ဒီအိမ်တွင်းအကြမ်းဖက်မှုတို့ ရန်ဖြစ်တာတို့က ဆိုးကျိုးသက်ရောက်မှု ပိုနည်းတယ်။ မိန်းကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကတော့ ဆိုးကျိုးသက်ရောက်မှု အရမ်းများတယ်လို့တော့ ကျနော်မြင်ပါတယ်။

ဒီကိစ္စကတော့ ကျနော်တို့ပြန်ကြည့်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်၊ ကျနော်တို့ ရဲ့ပြည်သူလူထုတွေကြားမှာ မရှိဖို့ဆိုရင် ပထမ တစ်ချက်အနေနဲ့ အရင်တုန်းက ကျနော်တို့ ဒုက္ခ သည်စခန်းထဲမှာနေတုန်းက ကျနော်တို့ စခန်းကော်မတီတွေ၊ အမျိုးသမီအသင်းအဖွဲ့တွေ၊ လူငယ်အဖွဲ့အစည်း တွေ၊ နောက်ကျန်းမာရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ကျနော်တို့ပူပေါင်း၊ ဆွေးနွေးတိုင်ပင်ပြီး ကျနော်တို့ သင် တန်းပို့ချမှုတွေ ပြုလုပ်ပေးလေ့ရှိတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ်မှာမှ ဒီအကြမ်းဖက်မှုကြီးကို ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ၊ လူထုတွေကြားထဲမှာ မရှိတော့အောင် ကျနော်တို့အတူတကွ တိုက်ထုတ်ကြတာဖြစ်ပါတယ်။

နော်ကညောဖော (အထွေထွေအတွင်းရေးမှူး ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO )

ကျမတို့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေကတော့များသောအားဖြင့် ရိုက်နှက်ထိုးကြိတ်တာတွေ အခု ဆို ပိုဆိုးလာတယ် ကိုဗစ်ကြောင့်။ ဘာဖြစ်လဲဆိုတော့သွားရလာရ၊ အလုပ်ရှာရခက်ခဲတယ်ဆိုတော့ အကြောင်း အမျိုးမျိုးကြောင့် စကားများကြတယ်။ လင်ယောက်ျားတွေက သားမယားပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေများ လာတယ်လို့ တွေ့ရတယ်။ ပြီးတော့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်းရှိတယ်။ အဓမ္မပြု ကျင့်မှုတွေ ကရင်အသိုင်းအဝိုင်းထဲမှာ မိသားစုဆွေမျိုးသားချင်းအရင်းတောင်မှ အဲဒီလိုအကြမ်း ဖက်မှုတွေရှိ တယ်။ ကရင်ပြည်နယ်ထဲမှာလည်း လူ့အခွင့်အရေးဆိုင်ရာ အကြမ်းဖက်မှုတွေလည်းရှိတယ်။ သမီး ၊ မယားတွေကိုထိန်းချုပ်ပြီး အပြင်ပေးမထွက်တာမျိုး။ ပညာသင်ခွင့်လည်း မပေးဘူး။ အဲဒါလည်း အကြမ်းဖက်မှု တစ်ခုပဲ။ ရိုးရာဓလေ့အကြမ်းဖက်မှုလည်း ရှိတယ်။ အမျိုးသမီတွေကိုအထင်သေးပြီး အဖွဲ့အစည်းထဲမှာ အလုပ်ပေးမလုပ်တာမျိုး၊ အမျိုးသမီးတွေ ဦးစီးဦးဆောင်လုပ်ဖို့အတွက် အားမပေးတာမျိုး ကျမတို့အသိုင်းအဝိုင်းထဲမှာလည်း ရှိတယ်။

ဒီလို အကြမ်းဖက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျတော့ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာ ရတာမျိုးခံစားရပြီး စိတ်ပိုင်းဆိုင်ရာကျတော့ စိတ်ဒဏ်ရာရပြီး အသိစိတ်တွေကိုပါထိခိုက်စေတာပေါ့။ ကိုယ့် ကိုယ်ကို အားငယ်စိတ်ဝင်ပြီး ကြောက်စိတ်တွေဝင်လာတယ်။ အတွေးစိတ်တွေ အရမ်းများပြီး စိတ်ကျရောဂါလည်း ဖစ်နိုင်တယ်။ အဆိုးဆုံးမှာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံ တဲ့အထိဖြစ်လာနိုင်တယ်။ ဒါ့အပြင်ကလေးတွေမှာ ကြောက်စိတ်တွေ လွှမ်းမိုးသွားနိုင်တယ်။ တချို့ကလေးတွေကလည်း သူတို့အိမ်ထဲမှာ အကြမ်းဖက်မှုရှိတော့ အဲဒါတွေကို အတုယူကြတော့ အဲဒီအကြမ်းဖက်မှုက အဲဒီမှာပဲသံသရာလည်နေတယ်။

ကျမတို့ပြန်ကြည့်မယ်ဆိုရင် ဒုက္ခသည်စခန်းမှာဆိုရင်ထိုင်းနိုင်ငံရဲ့ ဥပဒေ ရှိသလို စခန်းတခုရဲ့ စည်းကမ်းချက်လည်း ရှိတယ်။ ကော်သူးလေမှာဆိုရင်လည်း ကော်သူးလေဥပဒေရှိတယ်။ ကော်သူးလေ ဥပဒေမှာတော့ သီးသန့်ကလေးငယ်တွေနဲ့မျိုးသမီးတွေအတွက် မရှိဘူး။ ဒါပေမယ့် အမျိုးသမီးတွေ ကာကွယ်ပေးမဲ့ ဥပဒေတော့ရှိတယ်။ အဲဒီဥပဒေအတိုင်းဆောင်ရွက်မယ်ဆိုရင်တော့ အမျိုးသမီးတွေ အတွက်အကာကွယ်တခုဖြစ်မယ်။ ဒါပေမယ့်တခါတရံမှာ အထူးသဖြင့် အရပ်သားတွေ ပြစ်မှုကျူးလွန်ရင် အရေးယူရတာ အဆင်ပြေပေမဲ့ အာဏာရှိခေါင်းဆောင်တွေပဲဖြစ်ဖြစ်၊ စစ်ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခဲ့ရင် အရေးယူမှုကမရှိတော့ဘူး။ ဥပဒေစိုးမိုးမှုကမရှိတော့ဘူး။ ဒုက္ခသည်စခန်းအတွင်းမှာပဲ ဖြစ်ဖြစ် ကရင်အသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ် သူတို့အရေးယူဆောင်ရွက်ဖို့ အတွက် ခက်ခက်ခဲခဲပြောပေး ရတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူတို့ရဲ့ခံစားချက်တွေကိုပြောထွက်လာဖို့ အတွက် သူတို့မှာ အင်မတန်ကြိုးစား ယူရတယ်။ များသောအားဖြင့် ခံစားချက်တွေပြောထွက်လာတဲ့ အမျိုးသမီးတွေဟာ သူတို့တကြိမ်ထဲ အကြမ်းဖက်မှုကိုခံခဲ့ရတာတော့ဟုတ်မှာမဟုတ်ဘူး။ မခံနိုင်တော့လို့ လာပြောကြတာ။ မိသားစု စည်းလုံး ရေးကိုပြိုကွဲမလား၊ မိဘကဘယ်လိုမြင်မလဲ၊ ပတ်ဝန်းကျင်ကကော ဘယ်လိုမြင်မလဲ။ သူတို့အဖက်ဖက်ကို ကြည့်ပြီး လာပြောကြတယ်။

အကြမ်းဖက်မှုပတ်ပျောက်ဖို့ဆိုရင် အကြမ်းဖက်မှုကျူးလွန်တာဟာ ရာဇဝတ်မှုကျူးလွန်တာနဲ့ အတူတူ ပဲလို့ မြင်မှ အကြမ်းဖက်မှုက ပပျောက်နိုင်မယ်။ ဥပမာ လူတစ်ယောက်က သူ့သားမယားကို ထိုးကြိတ် ရိုက်နှက်နေတယ်။ အဲဒါမိသားစုပြဿနာလို့ပဲမြင်ရင် ဒီအကြမ်းဖက်မှုက ဘယ်တော့မှ မဆုံးနိုင်ဘူး။ လူအ ယောက်ဆီတိုင်းမှာ လူတန်စား အလွှာတိုင်းမှာတာဝန်ရှိတယ်။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေး နဲ့အမျိုးသားတွေအတွက်အသိပညာပေးခြင်းပေါ့နော်၊ ဒါတွေ လုပ်ဆောင်ဖို့လိုအပ်တယ်။

နော်ထူးထူး (ဒါရိုက်တာ၊ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG)

လက်ရှိ အခြေအနေထိက ကျမတို့ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက ရှိနေတုန်းပဲ။ နောက်ပြီး ဥပဒေ အရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာမျိုး မလုပ်နိုင်တာလည်း ရှိနေတုန်းပဲ။ နောက်ပြီး အမျိုးသမီးတွေက သူတို့အပေါ် ခွဲခြားဆက်ဆံတာကနေ သူတို့ အပေါ် အကြမ်းဖက် တာတွေကို သူတို့ အနေနဲ့ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြလာဖို့ တောင်းဆိုလာဖို့ တိုင်တန်းတာဖို့ဆိုတာက သူတို့မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ သူတို့ အားနည်ချက်ဆိုတာက ခြိမ်းခြောက်ခံရ တာတွေရှိ တယ်။ မိသားစုရဲ့ ဖိအားပေးမှုကြောင့် ပတ်ဝန်းကျင်ရဲ့ အသိပညာအားနည်းမှုတွေကြောင့် အမျိုးသမီးတွေမှာ ယနေ့အချိန်ထိ အကြမ်းဖက်မှုကို ကြုံတွေ့နေရတာကို ကျမတို့ KHRG လှုပ်ရှားတဲ့ နေရာတွေမှာ မြင်တွေ့ ကြားသိနေရတုန်းပဲ။ အမျိုးသမီးတွေအတွက် အခက်အခဲတွေ အတားအဆီးတွေ စိန်ခေါ်မှုတွေ အများကြီး ရှိနေတုန်းပဲ။

ဒီလို အကြမ်ဖက်မှုခံလိုက်ရတဲ့ အမျိုးသမီးတွေမှာ သူတို့အနေနဲ့ နောက်ဆက်တွဲ ဘာကို ရင်ဆိုင် ရလဲဆိုရင် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပစ်ပယ်ခံရတာတွေ ရှိတယ်။ သူတို့ အပေါ် စိတ်ပိုင်းဆိုင်ရာနှစ် သက် အားပေး တာမျိုးတွေ အရမ်းအားနည်းတယ်။ ဒီလို ပစ်မှု ကျူးလွန်ခံလိုက်ရတဲ့ အမျိုးသမီးတွေဆိုရင်လည်း သူတို့အတွက် တရားမျှတမှု ရရှိဖို့အတွက် ကြိုးစားလုပ်ဆောင်တဲ့ နေရာမှာလည်း အဟန့်အတားတွေ အများကြီးကြုံတွေ့နေ ရတယ်။ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခြင်းခံရပြီးဆိုရင်လည်း သူတို့မှာ ကြောက်ရွံ့မှုကို ခံစားကြရတယ်။ တိုင်တာမျိုး လုပ်ရင်လည်း ခြိမ်းခြောက်ခံရတာမျိုးလည်း ကြုံတွေ့ကြရတယ်။ နောက်တစ်ခု က ရိုးရာဓလေ့အရ ကြုံတွေ့ရ တာက မတရားကျူးလွန်ခံရပြီး အတင်းအဓမ္မ လက်ထပ်ခိုင်းခံရတာမျိုးလည်း ရှိတယ်။

ဒီအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ဆိုရင် ဥပဒေတွေကို လက်ခံကျင့်သုံးဖို့လိုတယ်။ နောက်ပြီး အမျိုးသမီးတွေ အပေါ်အကာကွယ်ပေးတဲ့ ဥပဒေတွေ ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ လိုတယ်။ မြန်မာနိုင်ငံမှာဆိုလည်း လက်ခံကျင့်သုံးမှုတွေ ရှိနေပေမယ့်လည်း အကောင်အထည်ဖော်မှု ပိုင်းမှာ အားနည်းနေသေးတယ်။ အစိုးရအနေနဲ့ ဒီဥပဒေတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ကိုလည်း တိုက် တွန်းချင်တယ်။ နောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေအရ လည်း အမျိုးသမီးတွေ အမျိုးသမီးငယ်တွေအပေါ် ထိရောက်တဲ့ အကာကွယ်ပေးမှုတွေရှိဖို့ တိုက်တွန်းချင်တယ်။

နော်ဂျူလိုင်မိုး ( ဥက္ကဋ္ဌ၊ ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG)

ကျမတို့ အသိုင်းအဝိုင်းထဲမှာဆိုရင် မြင်တွေ့ရတာက အမျိုးသားတွေက အရက်သေစာ သောက်စားမူး ယစ်ပြီး အိမ်ပြန်ရောက်ရင် ဇနီးသည်ကလေးတွေကို အနိုင်ကျင့်တာမျိုးတွေ၊ နောက်တစ်ခုက ငွေရေး၊ ကြေး ရေး အခက်အခဲ ပြဿနာတွေကြောင့် အဲ့လို မိန်းမ၊ ကလေးတွေကို ပြန်အနိုင်ကျင့်တာမျိုး ရှိတာပေါ့။ နောက်ပြီး သက်ကြီး အမျိုးသားတွေက မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်တာမျိုးကိုလည်း မြင်တွေ့ ကြားသိ နေရတာပဲ။

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမျိုးဆိုရင်တော့ အနာဒဏ်ရာ ရရှိခဲ့ရင်တောင် ပြန်ပျောက်နိုင်တယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကျတော့ တော်ရုံ မပျောက်နိုင်ဘူး။ တခါတရံမှာကျတော့လည်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ ပေမဲ့ စိတ်ပိုင်းပါ ထိခိုက်သွားတာမျိုးလည်းရှိတယ်။ အဲ့လို အကြမ်းဖက်ခံရသူ တစ်ယောက်အ နေနဲ့ သူ့ရဲ့လူမှု ပတ်ဝန်ကျင်ထဲမှာ ပူပေါင်းပါဝင်ဖို့ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ အားငယ်ပြီး စိတ်ဒဏ်ရာ တွေကြောင့် ရှက်ကြောက်သွားတာမျိုး ခံစားရပြီး မဝင်ဆံ့နိုင် တော့ဘူးဖြစ်သွားမယ်။

ကျမတို့ ကရင်ဒေသတွေမှာဆိုရင် စည်းမျဉ်းစည်းကမ်း ဥပဒေတွေ လိုက်နာကျင့်သုံးမှုက တအား အားနည်းတယ်။ တချို့ကိစ္စတွေမှာ ခေါင်းဆောင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်တာမျိုးဆိုရင် ခံရတဲ့ သူတွေအတွက် ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေတွေ စိုးမိုးဖို့ကို လိုအပ်ပြီးတော့ လိုက်နာဆောင်ရွက်သွားဖို့ လိုလိမ့်မယ်။ စီမံအုပ် ချုပ်မှုပေးနေတဲ့ ခေါင်းဆောင်တွေကလည်း ဥပဒေ စည်မျဉ်း စည်းကမ်းအတိုင်းပဲ ရပ်တည်သွားဖို့ လိုလိမ့်မယ်။ ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ ရှိပေမယ့် ကိုယ်တိုင် မလိုက်နာဆောင် ရွက်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ တခါတလေ မြင်တွေ့ဖူးတာက ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ ဆွေမျိုးတစ်ဦး ဦးက ဒီလိုမျိုး အကြမ်းဖက်မှုမျိုးကျူးလွန်မိရင် အရေးယူဆောင်ရွက်တာမျိုးမရှိဘဲ၊ ကင်းလွတ်ခွင့် ရနေတာမျိုး လည်း ရှိတယ်။ နောက်ပြီး ဒီအမျိုးသမီးတွေကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ရှိနေတယ်ဆိုတာမျိုးကို ကျေးရွာတွေထဲအထိ ဆင်းပြီး အသိပညာပေး လုပ်ဆောင်ပေးတာမျိုး ဆောင်ရွက်သင့်တယ်။

ဒီနေ့ အမျိုးသမီး အပေါ်အကြမ်းဖက်မှု ပပျောက်ရေး နဲ့ အခွင့်အရေး တန်းတူညီမျှမှု ရရှိရေးအတွက် ၁၆ရက် တာလှုပ်ရှားမှုမျိုး နေ့ရက်သတ်မှတ်ထားတဲ့အတွက် ဒါကအင်မတန်ကောင်းတယ်။ အိမ်တွင်း အကြမ်း ဖက်မှုကနေစပြီး စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုံးဝမရှိအောင်ဆိုရင် ဒီလှုပ်ရှားမှု အစီအစဉ် ကနေ အများကြီး အကျိုးသက်ရောက်မှုရှိမယ်လို့ မြင်တယ်။ ဒီအစီအစဉ်အပေါ်မှာလည်း အားလုံးပါဝင်သွားဖို့ လိုလိမ့်မယ်။ အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ တန်ဖိုးကို သိမြင်နားလည်ဖို့ ပညာပေးမှုတွေလည်း များများလုပ်ဆောင်ပေးဖို့လိုပါလိမ့်မယ်။

စအိုင်ဆူး (KIC) – စုစည်းသည်။