ရသေ့တောင် ၊ ကျောက်တန်းတိုက်နယ်အတွင်း စစ်ဘေးရှောင် တစ်ထောင်ကျော် အကူအညီလိုအပ်နေ

၁၅ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ပြည် သူ တစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများ ကြောင့် ဒေသခံတစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်တယ် အခုဖြစ်နေတာ ကျောက်တန်းတိုက်နယ်ထဲက ရွာတွေမှာဖြစ်နေတာပါ။ ဒီထဲက ရွာတွေက လူတွေ က ထွက်ပြေးရတယ်။ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်လာတော့ ထွက်ပြေးနေရတာပါ။ စဖိုကျွန်း၊ ထီးစွဲ၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ အောင်ကျောင်းတောင်တို့ အဲ့ဒီဘက်ကရွာတွေက လူတွေက စေတီပြင်ကို ပြေးလာ ကြတာပေါ့။ ဖြစ်နေတာက ၁ ရက်နေ့ကနေစပြီးတော်တော် ပြင်းပြင်းထန်ထန်ဖြစ်လာတာပေါ့။ အောင် သာစည် ဘက်က တော်တော်ပြင်းပြင်း ဖြစ်လာတာ။ ၄၊ ၅၊ ၆ အဲ့ရက်ပိုင်းတွေမှာလည်း တော်တော်ဖြစ်တယ်။ ဒီကြားထဲ ခနပြန်နည်းနည်းငြိမ်တယ်။ မနေ့က ဒီ ၁၃ ရက်နေ့က ပြန်ပြီးပြင်းထန်လာတယ်။ ဇက်ကလည်း တပ် (Navy) နဲ့လည်း ပစ်တယ်။ ဂျက်နဲ့ လည်းလာပစ်တယ်။ ရသေ့တောင်က ရှိတဲ့ တပ်ရင်းတွေကနေလည်း ပစ် တာ ရှိတယ်။”

ကျောက်တန်းတိုက်နယ်ထဲရှိ စဖိုကျွန်း၊ ထီးစွဲ၊ ကံပြင်၊ ပြင်ဝန်း၊ အောင်စည်ကုန်း၊ အောင်သာစည်နှင့် အောင် ကျောင်းတောင်တို့က ရွာသား နှစ်ထောင်နီးပါးခန့် စေတီပြင် ရှိ ယခင်ရှိနှင့်ပြီးသား စစ်ရှောင်စခန်းများနှင့် ကျေး ရွာအတွင်းက ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်နေကြရသည်ဟု သိရသည်။

စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးက “များသောအားဖြင့်က စစ်ဘေးလွှတ်ရာကို ရောက်လာပြီ၊ စေတီပြင်မှာ တော်တော်များများ ရွာခံလူတွေထက် စစ်ဘေးရှောင်က ပိုများသွားပြီ။ စေတီပြင်ကိုပဲ ပြေးရတာ။ ဘာလို့လည်း ဆို အောက်ဘက်ကို ပြေးလို့မရဘူးလေ။ အဲ့မှာက တောက်လျှောက် Navy(ရေတပ်) က မသွားရဘူးလေ။ စေတီပြင်ကို အခု နှစ်ထောင်ကျော် လောက်ရောက်နေပြီ။ အရင်လည်း တစ်ထောင်ကျော် နှစ်ထောင်လောက် ရှိတယ်။ အရင်ကလူတွေက ပြဿနာ သိပ်မရှိဘူးလေ။ လူကယ်ပြန်တို့၊ ICRC တို့က ပေးတာတွေနည်းနည်း ရှိတယ်လေ” ဟု ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု အဆိုပါ အကူအညီပေးနေသူ က ဆက် ပြောသည်။

“အခုပြေးလာတဲ့လူတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ရွာကလည်း လူများလာတော့ ကောင်း ကောင်းမထောက်ပံ့ပေးနိုင်ဘူး။ ဒီလိုပဲ ရှိတာပေးကမ်းပြီး စားနေရတာပေါ့။ နေရေးထိုင်ရေးကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အလှူခံထားတာ၊ ICRC က ဆောက်ထားတဲ့နေရာတွေမှာ နေနေရတာပေါ့။ အဆင်ပြေတာ မျိုးတော့ မဟုတ်ပေမယ့် နေလို့တော့ အဆင်ပြေနေတယ်။ စားစရာတွေ အဓိကလိုနေတယ်။”

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ရသေ့တောင်မြို့ နယ် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေ၊ ဒေသခံများ ထွက်ပြေးနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“အခြေအနေကတော့ ပြည်သူတွေက အားကိုးရာမဲ့နေကြပြီ။ ဒီအခုဖြစ်နေတဲ့ ဧရိယာက AA ကလည်းရှိတယ်။ တပ်မတော်ကလည်း တိုက်နေတာကြာပြီ၊ တပ်မတော်က ကျည်း၊ ရေ၊ လေ အကုန်သုံးပြီး တိုက်နေတာဆိုတော့ ရွာသားတွေက အကုန်ကြောက်ပြီး ပြေးနေရတာ။ ကျနော်တို့လည်း စာရင်း အတိအကျရဖို့ ခက်ခဲနေတယ်။ တိုက်နေတာတော့ တိုက်နေတာပေါ့၊ ပြဿနာက လူထုကို ထိခိုက်တာပဲ၊ လူထု နစ်နာနေတာမျိုးဗျ။ လူထုက ကြောက်နေရတာမျိုး ဆိုတော့ ဒါက ဘယ်လိုမှကို အားကိုးရှာမရတဲ့အနေအထားမျိုး ကျောက်တန်းတိုက်နယ် ထဲက ရွာတွေကလေ။”

အောက်တိုဘာလ ၃ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် တပ်မတော်က ကျည်းတပ်၊ ရေတပ်ပစ်ကူ များအပြင် ရဟတ်ယာဉ်များအသုံးပြုပြီး ဝေဟင်မှ ပစ်ခတ်မှုများပါ ရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ က ဆက် ပြောသည်။

“အရင်က ပထမဆုံးသိမ်းခဲ့တဲ့နေရာမှာ AA က ရှိနေတယ်။ နောက်ထီးစွဲမှာလည်း တပ်က ရှိတယ်ပေါ့။ အဲ့မှာ လည်း ပစ်နေကြတယ်။ ဖြစ်လာတာက အောင်သာစည်ဘက်က AA ကုန်းကို တိုက်လိုက် ပြန်ဆုတ်လိုက်နဲ့ပေါ့၊ အဲ့မှာ ၄ ရက်နေ့က တပ်ကသိမ်း၊ ၅ ရက်နေ့ကျတော့ AA က ပြန်သိမ်း၊ အဲ့ကနေစဖြစ်နေတာပဲ၊ မနေ့ကလည်း အဲ့နားတဝှိုက်မှာပဲ ပြန်ဖြစ်နေတာ။”

ထို့အပြင် ယခု အောက်တိုလအတွင်း ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောက်တန်းတိုက်နယ် အတွင်းက ကျေးရွာအချို့အား လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများအပြင် နေအိမ်အချို့လည်း မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဒေသခံများ က ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ နှစ်ဖက်ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အားမီ(NMG) – ရေးသည်။

Share me now!