လာမည့်ရွေးကောက်ပွဲတွင် ကရင်ပါတီများကို တခဲနက်မဲပေးရန် ကရင်ပြည်သူများအား KNU တိုက်တွန်း

အောက်တိုဘာ ၁၅ရက်၊ ၂၀၂ဝပြည့်နှစ်။

ကရင်အမျိုးသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပါတီများကို တခဲနက် မဲပေးရန် ကရင်အမျိုး သား အစည်းအရုံး-KNUမှ ယနေ့ အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်လုံ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ၅နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်တိုက်တွန်း လိုက်သည်။

ကရင်အမျိုးသားများ၏ မိမိကံကြမ္မာ ဖန်တီးရေးမှာ ကရင်အမျိုးသားအားလုံး မတူညီသည့် အခြေအနေ အောက်တွင် ပါဝင်သွားဖိုပ လိုအပ်ခြင်းကြောင့် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း KNU အတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူး က ယခုလို ပြောသည်။

၎င်းက “ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရှိနေတယ်။ ၂၀၀၈အောက်မှာ ရှိနေပါစေ ကိုယ့်အတွက် ပွင့်လာတဲ့ Space(နေရာ) လေးတစ်ခုကို ပါဝင်ပြီးတော့ ချဲ့ထွင်ဖို့ လိုအပ်သလို ကျနော်တို့ ၂၀၀၈ ရဲ့ ပြင်ပမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ကျနော်တို့ ရရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ကရင်တွေ လိုလားတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူရည်တူ ကိစ္စတွေကို ကျနော်တို့ တွန်းတွန်း တိုက်တိုက်နဲ့ သူ့ထောင့် ကိုယ့်ထောင့် ပါဝင်ပြီး တော့ လုပ်သွားဖို့ လိုအပ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ကရင် တိုင်းရင်းသား အပါအဝင် တစ်နိ်ုင်ငံလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်မှုတွင် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားနိုင်ရန် ကရင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကရင်အမျိုးသား ကိုယ်စား လှယ်များအနေဖြင့် နေရာတစ်ခုရရှိသွားပါက ဥပဒေ ပြုပြင်ပြောင်းလဲ ရေးဆွဲသည့် နေရာများတွင် ပါဝင်သွားရန်လည်း ပဒို စောတာဒိုမူးက ဆက်ပြောဆိုခဲ့သည်။

ထို့အပြင် တခြားသောပါတီတွင် ရောက်ရှိနေကြသည့် ကရင်အမျိုးသား ကိုယ်စားလှယ် လောင်းများအနေဖြင့် လည်း ကရင်အမျိုးသားများ၏ ဘုံရည်မှန်းချက်အတိုင်း ပါဝင်နိုင်မည့် မိမိ အခန်းကဏ္႑များကိုလည်း မြင့်တင် သွားဖို့ လိုအပ်ကြောင်းလည်း ဖြည့်စွက် တိုက်တွန်း ခဲ့သည်။

လာမည့် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပါတီ (၄) ပါတီမှ ကရင်အမျိုးသားများ အဓိက နေထိုင်ကြသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ကရင်ရေးရာဝန်ကြီးအနေဖြင့် စုစုပေါင်း (၁၁၅)ဦးအပြင် အခြားသော နိုင်ငံရေးပါတီများတွင်လည်း ကရင်အ မျိုးသားကိုယ်စားလှယ်လောင်း အများအပြား ပါဝင် အရွေးကောက်ခံသွားမည်ဖြစ်သည်။

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍လည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာခြင်းနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများတွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် လုပ်ငန်းစဉ်းတစ်ခု ဖြစ်လာအောင်လည်း ပါဝင်ပတ်သက်သူများအားလုံး ကြိုးပမ်းသွားရန်လည်း ယနေ့ ထုတ်ပြန်သည့် KNU၏ NCA (၅)နှစ်မြောက် နှစ်ပတ် လည်နေ့တွင် တိုက်တွန်းထားသည်။

ယနေ့ ကျရောက်သည့် NCA (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် သက်ဆိုင်ရာ အစိုးရ၊ တပ်မတော် တို့မှ သဝဏ်လွှာများ အသီးသီး ပေးပို့ ခဲ့ကြသလို အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းအသီးသီးမှလည်း သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် အစိုးရ၊တပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ ကရင်အမျုးိသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)နှင့် ပအိုဝ် အမျိုးသားရေး လွတ် မြောက်ရေး အဖွဲ့ချုပ်(PNLO)တို့အကြား NCA အပစ်ရပ် စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ထို့နောက် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ နှစ်ဖွဲ့မှ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းပေါင်း (၁၀)ဖွဲ့မှ NCA ကို လက်မှတ်ရေးထိုးထားခဲ့ကြသည်။

စအိုင်ဆူး (KIC) – ရေးသည်။

 

Share me now!