“နယ်မြေစိုးမိုးမှု၊ တပ်လှုပ်ရှားမှု မရှိဖို့ လိုတယ်။ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာမှာရှိနေတဲ့ တပ်စခန်းတွေကို ရုတ်သိမ်းပေးလိုက်ရင် တိုက်ပွဲဖြစ်လာစရာ အကြောင်းမရှိတဲ့အပြင် ကရင်လူထုထဲ ယုံကြည်မှုတိုးလာပြီး အပစ်အခတ်ရပ်စဲရေးတောင်မှ ပိုမို ခိုင်မာလာမယ်လို့ ယုံကြည်တယ်” ဗိုလ်မှူးချုပ်စောတာမလာသော (KNLA ပြောရေးဆိုခွင့်ရှိသူ)

0
337
CREATOR: gd-jpeg v1.0 (using IJG JPEG v80), quality = 82

KNLA ပြောရေးဆိုခွင့်ရ စစ်ဦးစီးပထမတန်းအရာရှိ ဗိုလ်မှူးချုပ်စောတာမလာသောနှင့် မေးမြန်းချက်

၂ ဒီဇင်ဘာ ၂၀၂၀

တစ်နိုင်ငံပစ်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တွင် KNU သည် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ NCA အရဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတစ်လျှောက်တွင်လည်း ဦးဆောင်ပါနေသည့် အဖွဲ့ဖြစ်ပါသည်။ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ရက်နေ့တွင်တော့ KNU၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က KNU နယ်မြေအတွင်းရှိ တပ်မတော်၏ တပ်စခန်းများအား ယခုနှစ်ကုန်အတွင်း အပြီးရုတ်သိမ်းပေးဖို့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNLA ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်းအရာရှိ ဗိုလ်မှူးချုပ်စောတာမလာသောအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး – KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ကြေငြာချက်ထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ပြောပြ ပေးပါလား။

ဖြေ – ထုတ်ပြန်ကြေငြာချက်ထုတ်ရတဲ့ ရည်ရွယ်ချက်က NCA ထိုးပြီးသော်လည်း အထူးသဖြင့် အခန်း(၃)နှင့် အခန်း (၆)၊ အပိုဒ်(၂၅)ပါ သဘောတူညီချက်ကို ယနေ့အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူး။ အခန်း(၃)မှာဆိုရင် အပစ်ရပ်နယ်မြေကိစ္စ၊ တပ်နေရာချထားရေးကိစ္စ၊ အဓိပ္ပါယ်ဆိုလိုရင်းကိစ္စ၊ NCA အထဲမှာ ပါရှိသည့် ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သည့်နေရာတွင် တပ်စခန်းများမရှိရေးကိစ္စ။

ဒါတွေ တစ်ခုမှဆွေးနွေးနိုင်ခြင်း မရှိသေးဘူး။ အခန်း(၆)၊ အပိုဒ်(၂၅)မှာဆိုရင် ကြားကာလကိစ္စ ဆွေးနွေးနိုင်ခြင်းမရှိတဲ့ အခါ နှစ်တွေကြာလာတော့ ယုံကြည်မှုက ကျလာတယ်။ ၂၀၁၂ ခုနှစ် အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေးတုန်းကလည်း KNLA ရဲ့ လိုလားချက်ဖြစ်တဲ့ ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သည့်နေရာတွင်ရှိသည့် တပ်စခန်းရွှေ့ပြောင်းရေး ကိစ္စ၊ တပ်များသွားလာရန် လမ်းကြောင်းကိစ္စ တင်ပြထားတာ ရှိခဲ့တယ်။

ဒါကို အကောင်အထည်ဖေါ်နိုင်ဖို့ စောင့်မျှော်နေတာ (၈)နှစ်ကျော်ကြာခဲ့ပြီ။ သို့သော်လည်း ယနေ့အထိ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် ဆက်လက် မျှော်လင့်စရာမရှိတော့တဲ့ အနေအထားရောက်သွားတဲ့သဘောဖြစ် သွားတာပေါ့။ နောက်ပြီးတော့ မြေပြင်မှာ တပ်မတော်ဘက်က အသာစီးရယူမှုတွေရှိတယ်လို့ ယူဆလာတဲ့အခါ ယုံကြည်မှုက ပိုပြီး ကျဆင်းသွားတဲ့သဘော ဖြစ်သွားတာပေါ့။

မေး – တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ အခန်း(၃)၊ အခန်း(၄)နဲ့ အခန်း(၆)က ဘာအကြောင်းအရာတွေကို ပြောဆို ဖော်ညွှန်းထားပါသလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ – NCA အခန်း(၃)က တပ်ပိုင်းဆိုင်ရာကိစ္စ၊ အခန်း(၄)က JMC စောင့်ကြည့်ရေးဆိုင်ရာကိစ္စ၊ အခန်း(၆)ကတော့ NCA အပိုဒ်(၂၅)ကို ရည်ညွန်းတာဖြစ်ပြီး အဲ့ဒါကတော့ ကြားကာလဆိုင်ရာကိစ္စ ဖြစ်ပါတယ်။

မေး – ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်မှာ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက အခုချိန်အထိ ပစ်ခတ် တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကကော ကြားကာလမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဘာမှမလုပ် ဆောင်ပေးနိုင်ဘူးလား။

ဖြေ – JMC က နာမည်ကိုက Joint-ပူးတွဲ ဖြစ်တယ်။ Monitoring စောင့်ကြည့်ရေးဖြစ်တယ်။ သို့သော် တကယ်တမ်း ကျတော့ Institution တစ်ခုလို ဖြစ်နေတယ်။ KNU ဘက်က Monitoring Committee လို့ ခံယူထားတယ်။ သို့သော် တပ်မတော်ဘက်က Military Committee ပုံစံမျိုး ပုံဖေါ်နေတယ်လို့ KNU ဘက်က သုံးသပ်မိတယ်။ တကယ့် Monitoring အလုပ်ကို လုပ်ဆောင်ရမည့် CBO/CSO ပါဝင်တဲ့ ဒေသခံ စောင့်ကြည့်ရေးအခန်းကဏ္႑က မှေးမှိန်နေ တယ်။ နောက်ပြီး စောင့်ကြည့်နိုင်တဲ့ ပေတံမရှိတဲ့အခါမှာ စောင့်ကြည့်ရေးကို ထိရောက်အောင် မလုပ်ဆောင်နိုင်ဘဲ ကျနော်တို့ကို တစ်ဖက်သတ် တိုင်တန်းတဲ့ယန္တရားဖြစ်နေတယ်လို့ KNU ဘက်က ခံစားရတယ်။ ဒါကြောင့် ထိထိရောက် ရောက် အလုပ်မလုပ်နိုင်တာ ဖြစ်တယ်။ ဒါကြောင့် JMC ပြုပြင်ပြောင်းလဲရေးကို KNU လိုလားတယ်။

မေး – ဒီ KNLA ထုတ်ပြန်ချက်ထဲမှာ တပ်အင်အားတိုးချဲ့တယ်လို့ ပြောထားတာရှိတယ်။ အဲဒီအပေါ်မှာ ပို ထင်သာ မြင်သာရှိအောင် အကျယ်တဝင့် ရှင်းပြပေးပါလား။

ဖြေ – အချို့နေရာတွေမှာ တပ်စခန်းချဲ့တွင်ပြီး အင်အားတိုးချဲ့ထားတာလေးတွေ ရှိတယ်။ ဥပမာ – တပ်မဟာ(၅)နဲ့ တပ်မဟာ(၇) ထိစပ်တဲ့နေရာဖြစ်တဲ့ သူးမွဲထာ့၊ မာနယ်ပလောဒေသဖက်မှာ တာဝန်ယူနေတဲ့ စစ်ကွပ်ကဲရေးဌာနချုပ် (စကခ-၈) လက်အောက်ခံတပ်ဆိုရင် အင်အား (၂)ဆနီးပါး တိုးချဲ့ထားတာလေးတွေ ရှိတယ်။ အပစ်အခတ် မရပ်စဲမှီ ကာလနဲ့ အပစ်အခတ်ရပ်စဲတဲ့ ကာလတစ်လျှောက်လုံးမှာ တပ်ရင်းတစ်ရင်းမှာ ရှေ့တန်းစစ်ထွက်အင်အားက (၁၂၀) ဝန်းကျင်ပဲ ရှိတယ်။ အခုဆိုရင် တပ်ရင်းတစ်ရင်းမှာ (၂၀၀)ဝန်းကျင် ဖြည့်တင်းထားတယ်။ လူအင်အားများလာတဲ့အခါ မှာ စခန်းတွေကို ချဲ့ထွင်လာတာတွေ လုပ်လာတာလေ။

မေး – ထုတ်ပြန်ချက်ရဲ့ နောက်ဆုံးအပိုဒ်မှာ “တပ်မတော်အနေဖြင့် လေးစားလိုက်နာမှုမရှိရင် KNLA အနေဖြင့် အမျိုး သားနှင့် နယ်မြေလုံခြုံရေးတာဝန် ဆောင်ရွက်သွားမယ်”ဆိုတာက တိုက်ပွဲပြန်ဖြစ်မဲ့ အနေအထားမျိုးများလား။

ဖြေ – ထုတ်ပြန်ချက်ထဲမှာ တိုက်ပွဲပြန်စမယ်ဆိုတာ မပါဘူးလေ။ ထိတွေ့မှုတွေ ရှိတတ်တာကတော့ ပုံမှန်အနေအထားပဲလေ။ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုမှ မရှိသေးတာကိုး။ ရှိအောင်လည်း KNU က ကြိုးပမ်းနေတယ်လေ။

NCA ပြဌာန်းချက်ထဲမှာပါရှိတဲ့ အပစ်ရပ်နယ်မြေ ဖော်ဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ်။ နယ်မြေစိုးမိုးမှု၊ တပ်လှုပ်ရှားမှု မရှိဖို့လိုတယ်။ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာမှာရှိနေတဲ့ တပ်စခန်းတွေကို ရုတ်သိမ်းပေးလိုက်ရင် တိုက်ပွဲဖြစ်လာစရာ အကြောင်းမရှိတဲ့အပြင် ကရင်လူထုထဲ ယုံကြည်မှုတိုးလာပြီး အပစ်အခတ်ရပ်စဲရေးတောင်မှ ပိုမို ခိုင်မာလာမယ်လို့ ယုံကြည်တယ်။

မေး – ကျေးရွာတွင်းမှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ (၂၀၂၀)အကုန်မှာ အပြီးရုတ်သိမ်းရမယ်လို့ KNLA တိုက်တွန်း ထားချက်ကကော ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ။

ဖြေ – ဒါကတော့ စစ်သားဆိုတော့ ကွေ့ပတ်သွယ်ဝိုက် မပြောတော့ဘူးလေ။ ကိုယ်လိုချင်တာကိုတော့ တည့်တည့်ပဲ ပြောရတာပေါ့။ ညှိနှိုင်းမှုကတော့ လုပ်ရမှာပဲလေ။

မေး – ဒါဆိုရင် အဆင့်ဆင့်ကို ဆက်လက်ညှိနှိုင်းနိုင်ဘို့ အနေအထားကကော ဘယ်လိုရှိပြီး ဘယ်လိုချမှတ်သွားမလဲ။

ဖြေ – KNU နဲ့ တပ်မတော် ၂၀၂၀၊ ဖေဖေါ်ဝါရီလ (၁၉)ရက် ဆွေးနွေးပွဲမှာ NCA အခန်း(၃)နဲ့ (၄)ကို ဆွေးနွေးရန် ဆွေးနွေးမယ့်ပုံစံ၊ ဆွေးနွေးမယ့် အဆင့် (၄)ဆင့်နဲ့ Bi-lateral ဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့တယ်။ အဲဒီဆွေးနွေး မယ့်ပုံစံကိုလည်း ၂၀၂၀၊ ဇွန်လ (၂၂)ရက်မှာလည်း NRPC နဲ့ EAOs စုဖွဲ့ထားတဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နဲ့လည်း ထပ်ဆင့် သဘောတူညီမှု ရထားပြီဖြစ်တယ်။ အချိန်ဇယားနဲ့ လက်တွေ့ အကောင်အထည်ဖေါ် ဖို့ပဲ လိုတယ်။ တချို့ကိစ္စတွေကတော့ အစိုးရနဲ့ ညှိနှိုင်းရမှာတွေ ရှိတယ်။ လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် လည်း ၂၀၂၀ နိုဝင်ဘာလ (၂၂)ရက်မှာ KNU ဒုဥက္ကဌအနေနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ စာရေးအကြောင်းကြားထားတာ ရှိတယ်။ ဒီလောက်ပါပဲ။

မေး – ကြားကာလအတွင်းမှာ ကရင်ပြည်နယ်ထဲက တချို့ဒေသတွေ ပစ်ခတ်မှုတွေ ရှိနေဆဲမို့ ဒေသခံ ပြည်သူလူထု တွေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုကင်းတဲ့ ဘ၀အဖြစ် ရှင်သန်ရပ်တည်နိုင်ရေး KNLA ဘက်ကရော ဘယ်လိုလုပ်ဆောင်ပေးနိုင်မလဲ။

ဖြေ – အဓိကကတော့ အပစ်ခတ်ရပ်စဲရေး ခိုင်မာမှု လိုတယ်။ အပစ်ခတ်ရပ်စဲရေး ခိုင်မာဖို့ကို လူထုယုံကြည်မှုရှိ အောင် သက်သေပြဖို့လိုတယ်။ ဘယ်ပြည်သူကမှ သူ့အနီးအနားမှာ တပ်စခန်းရှိတာကို မလိုလားဘူးလေ။ ဥပမာ အနေ နဲ့ပေးရရင် ၂၀၂၀ ဇူလိုင်လ ၁၆ရက်နေ့မှာ လှဂွန်းပျို(ခိုသွီထာ့)စခန်းမှာ တပ်စွဲထားတဲ့ စကခ(၈) လက်အောက်ခံ၊ ခမရ (၄၀၉)က တပ်သားနှစ်ဦး ပိုးလိုထာ့ရွာသူနော်မုနော်ကို ပစ်သတ်ပြီး ဆွဲကြိုးနဲ့ နားကပ်ယူဆောင်သွားတာ ရှိတယ်လေ။ ဒါက သက်သေကောင်းပဲလေ။ အဲဒီဒေသက ပြည်သူတွေကလည်း သူတို့ရွာအနီးအနားမှာရှိတဲ့ တပ်စခန်းတွေ ပြန်လည် ရုတ်သိမ်းပေးဖို့ တောင်းဆိုတာတွေရှိတယ်။

ဒါကြောင့် အစိုးရနဲ့ KNU ပဏာမ အပစ်အခတ်ရပ်ခဲ့စဉ်တုန်းက ပြည်သူလူထု ကြောက်ရွံ့ခြင်းကင်းအောင် တပ်စခန်း တွေကို ရွှေ့ပြောင်းပေးဖို့ KNLA အနေနဲ့လည်း တောင်းဆိုခဲ့တယ်လေ။

မေး – ထုတ်ပြန်ချက်မှာ လက်ရှိအစိုးရနဲ့ အသစ်ဖွဲ့စည်းမယ့် အစိုးရကို တိုက်တွန်းတောင်းဆိုထားသလိုဖြစ်ပေမယ့် မြန်မာ့တပ်မတော်ကိုပဲ ဦးတည်ပြောထားသလိုဖြစ်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေဖို့ အစိုးရကို ရော သီးသန့် ဘာများပြောဆိုချင်ပါသလဲ နောက်ဆုံးမေးခွန်းလေးပါ။

ဖြေ – ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်တာက အစိုးရဖြစ်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးမှာ အစိုးရအနေနဲ့ သူနဲ့မသက်ဆိုင်ဘူးလို့ မှတ်ယူလို့မရဘူး။ ပြီးခဲ့တဲ့ ကာလတွေမှာဆိုရင် အစိုးရအနေနဲ့ နိုင်ငံရေးနဲ့သက် ဆိုင်တယ်လို့ပဲ ခံယူထားတယ်။ အပစ်အခတ်ရပ်စဲရေးကိုတော့ တပ်နဲ့ပဲ သက်ဆိုင်တယ်လို့ သဘောထားတဲ့အခါကျ တော့ အပစ်အခတ် ရပ်စဲရေးမှာ လစ်ဟာမှုတွေ ရှိခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အစိုးရအ နေနဲ့ ကိုင်တွယ်ဖို့လိုတယ်လို့ ပြောချင်တယ်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here