29 March 2024 /

See today's Peace Related News

“AA ဖက်က လှုပ်ရှားနေတဲ့ နေရာတွေ ကို စစ်တပ်ကနေပြီးတော့မှ သံသယနဲ့ ပစ်ခတ်မှုတွေ လုပ်တာပေါ့။ ဒီအရပ်သားတွေနေတဲ့ ရွာတွေထဲကို လက်နက်ကြီးတွေ ကျပြီးတော့ ထိခိုက်မှုတွေဖြစ်တယ်” ဦးဇော်ဇော်ထွန်း (REC အတွင်းရေးမှူး)

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းခြင်း

၁၅ အောက်တိုဘာ ၂၀၂၀

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်ရ့ဲ ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲများ စစ်ရေး လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာလ နောက်ဆုံးစာရင်းအရ စစ်ရှောင် ၂သိန်း၊ ၂သောင်း၊ ၆ထောင်ကျော်သွားပြီလို့ REC က ထုတ်ပြန်ထားပါတယ်။ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တပ်မတော်က သက်တမ်းထပ်တိုးရာမှာလည်း ရခိုင်ပြည်နယ်နဲ့ ချင်း ပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ မပါသေးတာကြောင့် ရခိုင် စစ်ရှောင်တွေရဲ့ နောက်ဆုံးအခြေအနေ၊ သူတို့ရဲ့ အခက်အခဲ၊ ဒေသအတွင်းက တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ အပြင် ရခိုင်ပြည်သူတွေ ကြုံ နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စတွေက ဘာတွေလဲ…. စတာတွေကို ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်ထဲ စစ်ဘေးရှောင်ပြည်သူ ဦးရေ ဒီ အောက်တိုဘာလထဲမှာ တိုးလာတယ်လို့ သိရတယ်။ နောက်ဆုံးစာရင်းအရ ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။ ။ ကျနော်တို့ ဇူလိုင် ပထမအပတ်မှာ ထုတ်ခဲ့ပြီးတော့မှ သြဂုတ် ဆိုတော့ ၂ လမထုတ်နိုင်ခဲ့ဘူးပေါ့ နော်။ ဆိုတော့ အခု အောက်တိုဘာ ပထမအပတ်တုန်းက ဆိုတော့ ကြားထဲမှာ ၂ လဟာ ရှိတာပေါ့ ကျနော်တို့ ဒီ ၂ လထဲမှာ တိုးလာတာက သုံးသောင်းကျော်လောက်ရှိတယ်ဗျာ။ နောက်ဆုံးစာရင်းက ၂ သိန်း ၂သောင်းနဲ့ ၆ထောင် ကျော်ဗျ။

မေး။ ။ ဘယ်မြို့နယ်တွေထဲမှာ အဓိက တိုးလာတာလဲ။

ဖြေ။ ။ အဓိကတိုးလာတာကတော့ ကျောက်တော် ရသေ့တောင် ဘူးသီးတောင်ဖက်မှာ တိုးလာတယ် ခင်ဗျ။ မြောက်ဦးဖက်လည်း အနည်းငယ်တိုးပါတယ်။ ဒါပေမယ့် အဓိကတိုးတာကတော့ ကျောက်တော် ရသေ့ တောင်၊ ဘူးသီးတောင်ပါဗျ။

မေး။ ။ အခုစစ်ရှောင်တွေရဲ့ အခက်အခဲတွေကရော ဘာတွေလဲ။ ရိက္ခာ နဲ့ တခြား လိုချက်တွေ ထောက်ပံ့မှုတွေက ရနေရဲ့လား။

ဖြေ။ ။ အဓိကအခင်းအကျင်းကကျတော့ ဒီကိုဗစ်ကာလမှာ စစ်ဘေးတိမ်းရှောင်လာတဲ့ အခါကျတော့ ကူ ညီ ထောက်ပံ့မှုက လူတွေလည်း လာလို့ သွားလို့မရဘူး အဲလိုဖြစ်တာလေနော အဲဒီတော့ လိုအပ်တဲ့ နေရာ ထိုင်ခင်း အစားအသောက် အခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေကတော့ အရမ်းကြီးနည်းပါးတာပေါ့ လေနော်။ အဲဒီအခက်အခဲတစ်ခုရှိတယ်။ နောက်အရင်တုန်းက ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ပြောရမယ် ဆို ရင်လည်းပဲ ဒီ Camp တွေကို IDPs Camp တွေကို ရောက်နေတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး တော့ မှ စက်တင်ဘာနောက်ဆုံးအပတ်အထိ အထူးသဖြင့် စက်တင်ဘာ နောက်ဆုံးအပတ်ပေ့ါလေ။ အဲဒီ အပတ် ထဲမှာ ထောက်ပံ့ကူညီမှုတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေကကော အစိုးရရဲ့ ဌာနဆိုင်ရာကရော ထောက်ပံ့မှုတွေ ရောက်ပါတယ်ခင်ဗျ။ အကုန်လုံးကိုတော့ မရောက်နိုင်သေးဘူး။ ဒါပေမယ့် စပြီးတော့မှ တော့ ရောက်ရှိနေတာရှိတယ်။ ဒါကြောင့်မို့လို့ တစ်ချို့သောမြို့နယ်တွေမှတော့ အခြေခံတွေနဲ့ တခြားစား ရေးသောက်ရေး ထောက်ပံ့မှု အချို့တော့ ရတာပေါ့လေ။ ဒါပေမယ့်လည်း ကျန်တဲ့ဖက်ကို မရောက်တဲ့ ဟို ဖက်ပြေး ဒီဖက်ပြေးနေရသူတွေကတော့ စားရေးသောက်ရေး နေရေးထိုင်ရေးနဲ့ တစ်ခြား ကျန်းမာရေး ဆိုင် ရာ ပြဿနာတွေကတော့ ရှိနေတုန်းပါပဲ။

မေး။ ။ ဆိုတော့ ဒီဦးဇော်ဇော်ထွန်းပြောသွားတဲ့အထဲမှာ မြို့နယ်တချို့မှာ ရိက္ခာအနည်းငယ်ရတာရှိတယ်။ မရတဲ့မြို့နယ်တွေလည်း ရှိတယ်ဆိုတော့ ဘယ်မြို့နယ်တွေက ရိက္ခာထောက်ပံ့မှုတွေရနေပြီး ဘယ်နေရာ တွေက လုံးဝမရတာမျိုးလဲ။

ဖြေ။ ။ အဓိကကတော့ မြေပုံမြို့နယ် မင်းပြားမြို့နယ်မှာ အထောက်အပံ့ရရှိတာကို နည်းပါတယ်။ နောက် ပြီးတော့ ဘူးသီးတောင် မြို့နယ်ပေါ့နော ဒီ ၃ နေရာမှာ အထောက်အပံ့ရရှိမှုနည်းပါတယ်။ နောက်တစ်ခါ ဒီထဲမှာ ဆိုလို့ရှိရင် ဒလက်ချောင်းအထဲမှာရှိတဲ့ ပိတ်မိနေတဲ့ ရွာတွေပေါ့လေ ဒါဆို တော်တော်လေးကို ဆိုး ဆိုးဝါးဝါး အခက်အခဲ ရှိနေပါတယ်။ သူတို့ကတော့လေ ဘာကြောင့်လဲဆိုတော့ အဲဒီ ဒလက်ချောင်းမှာ ကျ တော့ စစ်တပ်ကနေပြီးတော့မှ ပြင်ပက အကူအညီကို လုံး၀ပေးမ၀င်ဘူး ပိတ်ဆို့ထားတယ်။ ဒေသတွင်းက လူတွေကလည်း အပြင်ကိုသွားပြီးတော့ ပြန်လာလို့မရအောင် သူတို့က ကန့်သတ်မှုတွေလုပ်ထားပါတယ်။ ဆိုတော့ အဲလိုမျိုး ဒလက်ချောင်းဖက်မှာတော့ တော်တော်လေးကို အခက်အခဲရှိပါတယ်ခင်ဗျာ။ ဝင်လို့ လည်းမရဘူး၊ ထွက်လို့လည်း မရဘူးဖြစ်နေတယ်ခင်ဗျ။

မေး။ ။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုနဲ့ လူထုတွေ ကြုံနေရ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးလည် သိချင်ပါတယ်။

ဖြေ။ ။ ကိုဗစ်ကိုအကြောင်းပြပြီးတော့ လူတွေ ကြောက်ရွံ့နေကြတဲ့ အချိန်မှာ ဒီအခြေအနေ အပေါ် အခွင့် ကောင်းယူပြီးတော့မှ စစ်ရေးလှုပ်ရှားမှုတွေလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ပိုပြီးတော့မှ ဖြစ်လာတာရှိတယ်ပေါ့နော်။ အဓိကကတော့ ပိုပြီးတော့ များနေတာကတော့ ကျောက်တော် မြို့နယ်မှာတော့ အများဆုံး ဒီလိုဖြစ်ပျက်မှုတွေရှိတယ်။ ရှိနေတာကိုတွေ့ရတယ်ပေါ့နော။ ဒီကျောက်တော်နဲ့ မြောက်ဦး အကြား ကျောက်တော်မြို့နယ်နဲ့ ပလက်၀ မြို့နယ်ကြားပေါ့နော ဒီနေရာတွေမှာဖြစ်တယ်။ နောက်တစ်ခါကျ တော့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်ပေါ့နော ဒီ မေယူမြစ်ရဲ့ အရှေ့ဖက် အနောက်ဖက်ကမ်း တွေမှာ ပေါ့လေ။ ဒီနေရာတွေမှာ အများဆုံး ဖြစ်တာတွေ့ရတယ်ဗျ။

မေး။ ။ဆိုတော့ ဘယ်လိုလူ့အခွင့်အရေးချိုးဖောက်မှု ပုံစံတွေနဲ့ ကြုံနေရတာလဲ။

ဖြေ။ ။ အဓိကကတော့ မိုင်းကွဲတာတွေရှိတယ်။ နောက်ပြီးတော့ AA ဖက်က လှုပ်ရှားနေတဲ့ နေရာတွေ ကို စစ်တပ်ကနေပြီးတော့မှ သံသယနဲ့ ပစ်ခတ်မှုတွေ လုပ်တာပေါ့။ ဒီအရပ်သားတွေနေတဲ့ ရွာတွေ အထဲကို လက်နက်ကြီးတွေ ကျပြီးတော့ ထိခိုက်မှုတွေဖြစ်တယ်။ နောက်တစ်ခါကျတော့ ဒီအရပ်သားတွေ နီးနီးနားနားတွေကို သွားလာလှုပ်ရှားတဲ့အခါမှာ သံသယနဲ့ ဖမ်းဆီးမှုတွေ ရိုက်နှက်မှုတွေ လုပ်တွေ ကြားရ မှာပဲ သေဆုံးတဲ့အထိတောင်ဖြစ်တယ်ပေါ့လေနော်။ တရားမဲ့ နှိမ့်စက်ပြီးတော့ သေဆုံးတာတွေ ဖမ်းဆီး တာတွေ နောက်ပြီးတော့ အရပ်သားတွေ ရှိတဲ့နေရာတွေကို ဦးတည်ပြီးတော့ ပစ်ခတ်တာတွေ ပေါ့လေ ဒီကိစ္စတွေက အများဆုံးဖြစ်နေပါတယ်ဗျာ။

မေး။ ။ တပ်မတော်ရဲ့ ဒီနောက်ဆုံး အပစ်ခတ်ရပ်စဲရေး သက်တမ်းထပ်တိုးတဲ့အခါမှာ ရခိုင်ဒေသက မပါ ပြန်ဘူးပေါ့နော်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုများ ပြောချင်သလဲ၊ ဒီလို မပါလာတဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ နစ်နာမှုတွေကရော ဘာတွေလဲ။

ဖြေ။ ။ တကယ်တော့ သူတို့က အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ လမ်းစဉ်က ဆုပ်ကိုင်ထားတုန်းပဲ ဆိုတဲ့ သဘောပဲ ပေ့ါလေနော်။ ဒါက ဒီလိုပဲ ကျနော်တို့ နားလည်တယ်။ ဒီလိုဆိုတော့ ပြီးခဲ့တဲ့ အပစ်ရပ်ထဲမှာ မပါ ခဲ့တဲ့ အပေါ်မှာလေ ဆိုတော့ အမြစ်ပြတ်ချေမှုန်းရေးကို သူတို့ ဘယ်လောက်အထိ လုပ်ကြမှာလဲ တကယ် ရော အမြစ်ပြတ်မှာလား အခုလောလောဆယ်မှာ သူတို့ပြောတဲ့ သူပုန်ကတော့ အမြစ်မပြတ်ဘူးဗျ။ ဒါပေ မယ့် ပြည်သူလူထုကတော့ ဒုက္ခဆင်းရဲ တော်တော်လေးကို ကြုံနေရပြီ အခုဆိုရင် ရခိုင်မှာရှိတဲ့ လူဦးရေ ၆ ရာခိုင်နှုန်းကျော်ကျော် လောက်က စစ်ဘေးစစ်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီပေါ့လေနော်။ သေဆုံးမှု တွေ ဒဏ်ရာရမှုတွေ တောက်လျှောက် ခံစားလာရပြီ ဆိုတော့ သူတို့ရဲ့ စစ်ရေးဆိုင်ရာ မျှော်မှန်းချက်တွေက သူပုန်ကို အမြစ်ပြတ်ချေမှုန်းတာတော့မသိဘူး။ ဒါပေမယ့်လောလောဆယ်မှာတော့ ပြည်သူလူထုကတော့ အမြစ်ပြတ်သလိုဖြစ်နေပြီ အခုက။

မေး။ ။ နှစ်ဖက်တိုက်ပွဲတွေအပြင် ဒီဒေသအတွင်းက နှစ်ဖက်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ ကရော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါဗျ။ နှစ်ဖက်တိုက်ပွဲတွေကလည်း ရှိနေတယ်။ နှစ်ဖက်စစ်ရေး လှုပ်ရှားမှုတွေကလည်း ရှိ တာပေါ့။ သူတို့ရဲ့ နယ်မြေစိုးမိုးမှုဆိုင်ရာ စစ်ရေးမျှော်လင့်ချက်တွေကတော့ နှစ်ဖက်စလုံးက လက်မလျှော့ကြဘူးပေါ့။ အဲဒီအခါမှာ ဒီဟာတွေကို စစ်ရေးလှုပ်ရှားမှုတွေကို တုန့်ပြန်ဆောင်ရွက်တာ ပိတ် ဆို့ ကန့်သတ်တာမျိုးကတော့ ရှိတယ်လေနော်။ ရှိတဲ့အခါမှာ AA ဖက်ကတော့ ကျနော်တို့ သေချာမသိဘူး။ သူလက်နက်အင်အား လူအင်အားနည်းလာလို့လား တခြားမဟုတ် သူတို့အနေနဲ့ ဒီကာလမှာ ပြည်သူ လူ ထုကို အမှီပြုပြီးမှ တိုက်ပွဲတွေ ဖော်ဆောင်တာလား ကျနော်မသိဘူး အတိအကျ မပြောနိုင်ဘူး ဒါပေမယ့် လည်း တပ်မတော်ဖက်ကကျတော့ တော်တော်ကို တုန့်ပြန်မှုတွေက ပြင်းထန်တယ်ဗျ။

မေး။ ။ ဦးဇော်ဇော်ထွန်းပြောတဲ့အထဲမှာ တုန့်ပြန်တယ်ဆိုတာမျိုး ပါတယ်၊ ဆိုတော့ တပ်မတော်ဘက် က ဘယ်လိုပုံစံမျိုးနဲ့ တုံ့ပြန်တာလဲ။

ဖြေ။ ။ တုန့်ပြန်တယ်ဆိုတာက ဒီလိုပါ။ ဆိုပါစို့ဗျာ သူတို့ တပ်မတော်စစ်ကြောင်းတစ်ခုအနေနဲ့ ကျေးရွာ အနီးအနား တစ်ခုမှာ မိုင်းခွဲတိုက်ခိုက်ခံရလို့ရှိရင် သူတို့ အနေနဲ့ အဲဒီ ကျေးရွာ တစ်ခုလုံးကို သူတို့က သူပုန် ဧရိယာလို့ သတ်မှတ်ပြီးတော့မှ ပြင်းပြင်းထန်ထန် နှိပ်ကွပ်တယ်။ စစ်ဆေးတယ်။ ညှင်းပန်းတယ်။ ဒီလိုမျိုး တွေ ကိစ္စတွေပေါ့ နောက်ပြီးတော့မှ အေ၀းတစ်နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာပေါ့။ ကျေးရွာ တွေထဲကို ဒီလိုမျိုးတွေ လုပ်တယ် သူတို့က အဲဒီအခါမှာ တိုက်ပွဲတွေ အများကြီးမဖြစ်ပေမယ့်လည်း ပြင်း ပြင်းထန်ထန် မဖြစ်ပေမယ့်လည်း ပြည်သူလူထု ထိခိုက်မှုကတော့ အရမ်းကို များပြားလာတာပေါ့။

အားမီ(NMG) – ဆက်သွယ်မေးမြန်းသည်။