“ဆွေးနွေးလာတဲ့အချိန် အထူးသဖြင့် အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တပ်ရဲ့ သဘောထား မပါဘဲနဲ့ ဒီအစိုးရ ဘာမှ လုပ်လို့မရဘူး။ ကျော်လို့မရဘူး။ အဲလိုမျိုးပဲ သွားတွေ့ရတယ်” မိုင်းအိုက်ကျော် (PSLF/TNLA)

0
126

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်နှင့် ဆက်သွယ်မေးမြန်းချက်

၁၅ ဒီဇင်ဘာ ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အခုလထဲမှာပဲ တိုက်ပွဲတွေ ဆက် တိုက်ဖြစ်လာနေပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ က သီပေါမြို့နယ်ထဲမှာ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ကနေ ဒီနေ့အချိန်အထိ နမ္မတူမြို့နယ်ထဲမှာ RCSS နဲ့ တအန်း (ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ အကြား တို်က်ပွဲတွေဖြစ်ပွား နေပါတယ်။ ဘာ့ကြောင့် ဒီတိုက်ပွဲတွေဖြစ်လာရတာလဲ၊ တို်က်ပွဲတွေရဲ့ တဖက်မှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေက ဘယ်အခြေအနေမှာ ရှိနေလဲ။ ဘာ့ကြောင့် ဒီနေ့အချိန်ထိ အပစ်ရပ်လက်မှတ်မထိုးနိုင်သေးပဲ ဆွေးနွေး ပွဲတွေ ကြန့်ကြာနေရတာလဲ။ တပ်မတော်က ဖွဲ့စည်းထားတဲ့ ဒု-ဗိုလ် ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့ စည်းလိုက်တာဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအတွက် တစ်စုံတစ်ရာ အထောက်အကူ ပိုပြီးပြုလာနိုင်လား၊ စတဲ့အကြောင်းအရာတွေကို PSLF/TNLA သတင်းနဲ့ ပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အခုတလော နမ္မတူဘက်မှာ RCSS နဲ့ TNLA၊ SSPP တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ဘာ့ကြောင့် အခုလိုမျိုး ဖြစ်လာရတာလဲ။

ဖြေ – အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက ဖြစ်တာကတော့ ၂၀၁၈ လောက် ကတည်းက အဲ့ဒီနားမှာ နယ်မြေ ကျူးကျော်ဝင်ရောက်လာတယ်၊ အဲ့တုန်းကလည်း တစ်ကြိမ်ပေါ့နော်။ အဲ့တုန်းကလည်း RCSS နဲ့ SSPP နဲ့ ကျနော်တို့ ပူးတွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်တော့ RCSS နဲ့ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တယ်။ အဲ့ကနေပြီးတော့ သူတို့က ဆုတ်ခွာသွားတယ်။ အဲ့မှာ တိုက်ပွဲက ငြိမ်သွားတယ်။ ၂၀၁၉-၂၀ အခုပေါ့နော် မြန်မာ့တပ်မတော်က အဲ့ဒီဒေသမှာ ထိုးစစ်ဆင်တက်လာတော့ ကျနော်တို့လည်း တိုက်ပွဲ မဖြစ်အောင် ရှောင် တယ်။ ရှောင်လည်း ဒီ မြန်မာစစ်တပ်ကဝင်တဲ့နေရာကို RCSS က လိုက်ပြီး ဝင်ရောက်လာတယ်။ အဲ့လိုမျိုး ဝင်လာတဲ့အတွက် အခုဒီလိုမျိုး တိုက်ပွဲပြန်ဖြစ်လာတာ။

မေး – နောက်ပြီး ဒီ ၂၀၂၀ ရွေးကောက်ပွဲကာလပဲပြောရမှာပေါ့ တအန်းနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ နည်း နည်းလေးလျော့နည်းသွားတာမျိုးတွေ့ရတယ်။ ဒီလိုမျိုး ထပ်ထိန်းဖို့ ဘယ်အချက်တွေက အဓိကလဲ။ တိုက်ပွဲတွေ လျော့သွားတဲ့ အခြေအနေလေးလည်း သိချင်ပါတယ်။

ဖြေ – တိုက်ပွဲမရှိတာကတော့ ကျနော်တို့ကိုယ်တိုင် တိုက်ပွဲတော့ မဖြစ်ချင်ဘူးပေါ့နော။ ကျနော်တို့ ပိုပြီး မဖြစ် ချင်တာ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ဒေသဖြစ်တယ်။ အခုဆိုရင် လူထုတွေက တိုက်ပွဲဒဏ်ကို တော်တော်လေး ခံစားတယ်ပေါ့နော။ အခုဆိုရင် ပိုဆိုး ဒီကိုဗစ်ရောဂါအချိန်မှာ တိုက်ပွဲဖြစ်လို့ ရှိရင် ပိုပြီးဆိုးတာပေါ့နော။ အဲဒါကြောင့်မို့ ကျနော်တို့က တောက်လျှောက်ဆွေးနွေးပွဲကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျနော်တို့က တစ်ဖက်သတ်အပစ်ရပ်ကို ကျနော်တို့ က ကြေညာတယ်။ အခုဆိုရင်တော့ ၇ ကြိမ်မြောက်ဖြစ်သွားပြီ။ ကျနော်တို့ ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ကျနော်တို့က တခြားတပ် တွေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဘူး။ မလုပ်တဲ့အချိန်ကျတော့ ဒီတိုက်ပွဲက လျော့တယ်။ တိုက်ပွဲက လျော့တယ်မှာ များတယ်ဆိုတာကတော့ အဓိကကတော့ စောစောပြောသလိုပေါ့ တိုက်ပွဲ မဖြစ်အောင် တတ် နိုင်သလောက်ရှောင်တယ်။ ဒါပေမယ့် တပ်ဖက်က ထိုးစစ်ဆင်လာရောက် တိုက်ခိုက်လို့ ရှိရင်တော့ တိုက်ပွဲက ဖြစ်တယ်။ ပိုပြီးများတယ်။ ပြင်းထန်တယ်။ အခုက သူတို့က ထိုးစစ်မဆင်တော့ တိုက်ပွဲက လျော့တယ် အဲလိုမျိုး ပုံစံပါ။

မေး – ပြီးခဲ့တဲ့လ တုန်းကဆိုရင် UWSA က ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ မိုင်းဆတ် မှာတွေ့တာမျိုးတွေ၊ နောက်ပြီး AA နဲ့လည်း တပ်မတော်က တွေ့တာမျိုးတွေရှိိလာပြီဆိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အစိုးရတို့၊ တပ််မတော်တို့ဘက်က TNLA ကိုပဲပြောပြော၊ ဒီမြောက်ပိုင်းအဖွဲ့တွေကိုပဲ ပြောပြောပေါ့ ကမ်းလှမ်းလာတာမျိုးတွေ ရှိပြီလား…အခုတွေ့ဆုံမှုတွေအရ သီးသန့်သွားမယ့်ပုံစံမျိုးတွေရှိလား။ လက်ရှိအခြေအနေကို သိချင်ပါတယ်။

ဖြေ – ဒီဆွေးနွေးမှုကတော့ အရင်ကလည်း ကျနော်တို့ ဆွေးနွေးလာတယ်။ ဆွေးနွေးလာတော့ ကျနော်တို့ ဖက် က မြောက်ပိုင်း ၄ ဖွဲ့ပေါ့နော ၄ ဖွဲ့လုံးလည်း ကျနော်တို့ ဆွေးနွေးတယ်။ ဆွေးနွေးပွဲကတော့ နောက်ဆုံး ကျိုင်း တုံ မှာ ဒုတိယအကြိမ်တွေ့တော့ ကျနော်တို့ PC နဲ့ ညှိလာတဲ့ဟာက ကျနော် ကြည့်တာကတော့ PC နဲ့ ဒီအစိုးရ နဲ့ တပ်မတော်ကြားမှာ ကျနော်တို့ ဆွေးနွေးလာတဲ့ဟာကို ပွင့်ပွင့်လင်းလင်း အဲလိုမျိုးဆွေးနွေးလာတာ မရှိဘူး ထင်တယ်။ အဲဒါ ကျနော်တို့ ဆွေးနွေးလာတဲ့ဟာကို တပ်က လက်မခံတဲ့ အနေအထားတော့ ရှိတာပေါ့။ အဲဒီ တုန်းက အဲဒါကြောင့်မို့ မလက်ခံတဲ့အတွက် ဒီဆွေးနွေးမှုက လမ်းကြောင်းပျောက်သလိုဖြစ်ပြီး မှ ၂၀၁၉၊ ၁၁ လ ပိုင်းလောက်မှာ ကျနော်တို့ ကူမင်မှာ ပြန်တွေ့တယ် အဲဒီမှာ အလွတ်သဘောပဲ ဖြစ်တယ်ပေါ့နော။ ပြန်တွေ့ဖို့ တော့ အလွတ်သဘော သဘောတူထားပေမယ့်လည်း ဒီကိုဗစ် ရောဂါပေါ်လာတော့ ဒီတွေ့ဆုံမှုက ရပ်သွား တယ်။ အထူးသဖြင့် ကျနော်တို့ ဆွေးနွေးတဲ့အခါကျတော့ ကျနော်တို့ ၄ ဖွဲ့လုံးကို ကျနော်တို့က Bilateral ထိုး မယ်။ အပစ်ရပ်မယ်။ အဲမှာ အပစ်ရပ်လက်မှတ်ထိုးတဲ့အချိန်လည်း ကျနာ်တို့ တစ်ကြိမ်တည်း တစ်နေရာ တည်း ပဲ ကျနော်တို့က လက်မှတ်ထိုးမှာပေါ့။ တစ်ဖွဲ့ချင်းထိုးပေမယ့်လည်း ကျနော်တို့က ထိုးလို့ရှိရင် ၄ ဖွဲ့ကို တပြိုင် တည်းထိုးမှာပေါ့။ တစ်ရက်တည်း တစ်နေရာတည်းထိုးမယ်။ အဲဒါက ကျနော်တို့ ညှိနှိုင်းလာတဲ့ဟာပေါ့ ကျနော် တို့က လက်မှတ်ထိုးပြီဆိုရင် အပစ်ရပ်ပြီးမှ ထိုးမယ် အဲလို မျိုးပြောတော့ နိုင်ငံရေးဆွေးနွေးပွဲကျတော့ ကျနော် တို့က ၄ ဖွဲ့နဲ့ သွားလို့မရဘူး။ ကျနော်တို့ FPNCC အဖွဲ့ရှိ တာပေါ့နော် ၇ ဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲကျတော့ FPNCC နဲ့ ကျနော်တို့က အတူတကွ သွားကြမယ် အားလုံး ပါ၀င်ပြီး သွားကြမယ် ဆိုပြီးမှ ကျနော်တို့ အဲလိုမျိုးမူကလည်း ရှိထားတယ်။ ဒီလိုပဲ ဒီ FPNCC နဲ့ ပေါ့နော်။ အခုလည်း ဒီအတိုင်းပဲ ကျနော်တို့ ရပ်တည် ထားတယ်။

မေး- တကယ်လို့များ တွေ့ဆုံမယ့် အခြေအနေမျိုးရှိလာရင်ရော ဘာတွေအပြောင်းအလဲရှိ နိုင်လဲ၊ ဥပမာ တစ်ဖွဲ့ ချင်းတွေ့တာမျိုးတွေ ဖြစ်လာနိုင်မလား။ တစ်ဖွဲ့ချင်းထိုးသွားတာမျိုးရော ဖြစ်လာနိုင်လား။

ဖြေ – စောစောပြောတဲ့ တွေ့မယ်ဆိုရင်တော့ ကျနော်တို့ ရပ်တည်ချက်အတိုင်းပဲပေါ့နော။ ကျနော်တို့ ရပ်တည် ချက်က ဒီအတိုင်းပဲ ဆက်ရှိနေတယ်။ ဒီအပစ်ရပ်ဆိုရင် ကျနော်တို့ ၄ ဖွဲ့လုံးပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုရင် တော့ ၇ ဖွဲ့လုံးပါမှာ အဲလိုမျိုး သွားကြမှာ ဖြစ်တယ်။ အခုလည်း ကျနော်တို့ ဒီ ရပ်တည်ချက်က မပြောင်းလဲ သေးဘူး။ စောစောပြောသလို အခုလည်း ကျနော်တို့ ဒီရပ်တည်ချက်က မပြောင်းလဲသေးဘူး။ အပစ်ရပ်ထိုး မယ်ဆို ရင်တော့ ၄ ဖွဲဲဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲနဲ့ သွားမယ်ဆိုရင်တော့ ကျနော်တို့က ၇ ဖွဲ့ပါမှ အဲလိုပဲ ကျနော်တို့ ဆက်လက်ရပ်တည်ထားတာဖြစ်တယ်။

မေး – နောက်တစ်ခုမေးချင်တာက ငြိမ်းချမ်းရေးကိစ္စပေါ့နော်။ အပစ်ရပ်ထိုးဖို့ ဘာ့ကြောင့် ကြန့်ကြာ နေရ တာလဲ။

ဖြေ – အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ပြန်ကြည့် မယ်ဆိုရင်တော့ ကြိုတင်ကန့်သတ်ချက်တွေပေါ့နော။ ဘောင်ကန့်သတ်ချက်တွေ အဲလိုမျိုးတွေထားလို့ ဒီလိုမျိုး ကြန့်ကြာနေတယ်။ ဆိုလိုချင်တာကတော့ ဒီ နှစ်ဦးနှစ်ဖက် အဲလိုဖြစ်နိုင်မယ့်ဟာကို ကြည့်ပြီးမှ မဆွေးနွေးဘဲနဲ့ ဒီလမ်းစဉ်ပဲလိုက်ရမယ် ကျနော်တို့ ပြောတဲ့အတိုင်းပဲ သွားရမယ်။ အဲလိုမျိုး လုပ်နေတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် က ပိုပြီးကြန့်ကြာနေတယ်ပေါ့နော။ ဆွေးနွေးတဲ့အချိန်မှာ ဒီဟာ နှစ်ဦးနှစ်ဖက် လက်ခံ နိုင်တဲ့ အဲလို အဆင်ပြေ နိုင်မယ့် နည်းလမ်းကို ၂ ဖက်လုံးက လက်ခံဆောင်ရွက်သွားမယ် ဆိုရင်တော့ ပိုပြီး ခရီးရောက်မယ် ပိုပြီးမြန် ဆန်နိုင်တာပေါ့။

မေး – အရင်ဆွေးနွေးပွဲတွေမှာ ဒီလိုမျိုးကန့်သတ်ချက်တွေရှိခဲ့တယ်ဆိုတော့ အစိုးရနဲ့ တပ်မတော် ရဲ့ သဘော ထားက ဘယ်လိုမျိုး ဖြစ်နေလဲ။ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဘယ်လိုပုံစံမျိုး ကြုံခဲ့ရလဲ။

ဖြေ – ပြန်ကြည့်မယ်ဆိုရင် အထူးသဖြင့်ကတော့ ကျနော်တို့တွေ့တာကတော့ ဒီအပစ်ရပ် မှာကတော့ တပ်သဘောထား မပါဘဲနဲ့ ဒီအစိုးရက ဘာမှ လုပ်လို့မရဘူး အဲလိုမျိုး ပုံစံပဲ သွားတွေ့ ရတယ်။ အဲလို မျိုး ကျနော်တို့ ဆွေးနွေးလာတာကိုပြန်ကြည့်မယ်ဆိုရင် ဆွေးနွေးလာတဲ့ အချိန် အထူးသဖြင့် အပစ်ခတ်ရပ်စဲ ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တပ်ရဲ့ သဘောထားမပါဘဲနဲ့ ဒီအစိုးရ ဘာမှ လုပ်လို့မရဘူး။ ကျော်လို့မရဘူး။ အဲလိုမျိုးပဲ သွားတွေ့ရတယ်။ ၂ မျိုး တော့ တွေ့ရတယ်။ တစ်ခုက ကျနော်တို့ ဆွေးနွေးပွဲမှာ ပြန်ကြည့်လိုက်တော့ တပ်ဖက်ရဲ့ ဒီ မန်းဒိတ်ပေါ့ မန်းဒိတ်မပါလို့ရှိရင် ဒီအစိုးရဖက်က လည်း ဘာမှလုပ်လို့ မရဘူး ဆွေးနွေးလို့ မရဘူး။ အဲလိုမျိုး တွေ့ရတယ်။ နောက်တစ်ခုက NLD က အဲလိုမျိုး ဒီ သူကိုယ်၌ကလည်း တိုက်ပွဲဖြစ်နေတဲ့ဟာကို တိုက်ပွဲတားဆီးဖို့ ဖြန်ဖြေဖို့ ညှိနှိုင်းဖို့ အတွက် ဘာတစ်ခုမှ အဲလို မျိုး တပ်ဖက်ရော အခြားအဖွဲ့အစည်းတွေဖက်ရော မေတ္တာရပ်ခံ တာတို့ တားဆီးတာတို့ အဲလိုမျိုးတော့ မတွေ့ရ ဘူး။ နောက်တစ်ခုကတော့ တစ်ချို့နေရာမှာ အဲလိုမျိုး တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ စစ်ဘေးဒုက္ခသည် တော်တော်လေးများတယ်။ အဲလိုမျိုးလည်း ဒီအစိုးရက လိုက်လံပြီးမှ အဲလိုမျိုး ကူညီစောင့်ရှောက်တာ ဖြေရှင်း ပေးတာ မရှိဘူး။ မတွေ့ရဘူးနော။ နှစ်ဦးနှစ်ဖက်လို့ ပြောလို့ရတာပေါ့နော။ အဓိကက အားလုံးလက်ခံနိုင်တဲ့ ပုံစံ ဖြစ်ဖို့တော့ လိုတာပေါ့။

မေး – နောက်တစ်ခုက နိုဝင်ဘာလ ၉ ရက်နေ့က ဖွဲ့ က ထပ်ပြီး တပ်မတော်က ထပ်ပြီးဖွဲ့စည်းထားတဲ့ ဒု-ဗိုလ် ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့ စည်းလိုက်တာဟာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအတွက် တစ်စုံတစ်ရာ အထောက်အကူ ပိုပြီးပြုလာနိုင်လား။ အဲ့လိုဖွဲ့လိုက်တဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ – အရင်တုန်းကလည်း တစ်ခေါက်ဖွဲ့စည်းသားလည်း ဖြစ်ပါတယ်။ အားလုံးလည်း သိပြီးသား ဖြစ်တယ် ပေါ့ နော။ ဒါပေမယ့် ဒီတကယ့် မြေပြင်မှာ လက်တွေ့ကျကျဆောင်ရွက်တာကတော့ မတွေ့ရဘူးပေါ့။ အခုဖွဲ့တာ က တော့ ဘယ်လိုမျိုးပုံစံနဲ့ လာမလဲ အရင်အတိုင်းပဲ ဖွဲ့စည်းထားမလား မဟုတ်ရင် မြေပြင်မှာတကယ် အပစ် မရပ် သေးတဲ့ အဖွဲ့နဲ့ လိုက်လံ ညှိနှိုင်းဆောင်ရွက် သွားမလား အဲဒါ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ အရင်ကဖွဲ့ထား တာက ဒီ ပြောရမယ်ဆိုရင် ကျိုင်းတုံအစည်းအေ၀းမှာတော့ ကျနော်တို့ဖက်က ပါလာတာပေါ့ တပ်ဖက်က ပါ လာတဲ့ အချိန်ကျမှ ကျနော်တို့ ဆွေးနွေးမှုမှာ ကျနော်တို့ နဂိုကတည်းက ပြင်ဆင်တဲ့ ဆွေးနွေး လာတဲ့ဟာက သူက လက်မခံဘူး။ လက်မခံဘူးဆိုတော့ ဆွေးနွေးမှု လမ်းကြောင်းက ပျောက်သွား တာပေါ့နော။ အဲဒါကြောင့် မို့လို့ ကျနော်တို့ နောက်ပိုင်းမှာ အလွတ်သဘောတစ်ကြိမ် ပြန်တွေ့တယ်။ နောက်ထပ် အလွတ်သဘော ပြန် တွေ့ဖို့ ထပ်မံဆွေးနွေးတယ်။ ဒါပေမယ့် ဒီကိုဗစ်ကြောင့် တွေ့ဆုံမှုက မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ့နော ဒီလိုမျိုး သူတို့ဖွဲ့ထားတဲ့အတွက် ဆွေးနွေးမှု လမ်းကြောင်းပေါ်မှာ ဆွေးနွေးမယ့် နေရာပေါ့နော်။ ဆွေး နွေးမယ့် လမ်းကြောင်းက ရှိသေးတယ်ဆိုတာ အဲဒါကတော့ တစ်ခုကောင်းတာပေါ့။

မေး – ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး တခြားဘာများဖြည့်စွက်ပြောစရာရှိအုံးမလဲ။

ဖြေ – စောစောပြောသလိုပေါ့နော ငြိမ်းချမ်းရေးမှာကတော့ နှစ်ပေါင်း ၇၀ ငြိမ်းချမ်းရေးက လက်နက်ကိုင် တော် လှန်ရေးက နှစ်ပေါင်း ၇၀ ရှိနေပြီ လူထုတွေက ငြိမ်းငြိမ်းချမ်းချမ်းကို အခုအထိ မခံစားရသေးဘူး။ အထူးသဖြင့် ကျနော်တို့ ဒီဖက်မှာ ကျနော်တို့လည်း ဒီစစ်ရေးကို ရပ်ချင်တယ်။ စစ်ရေး ရပ်ဖို့အတွက်က လက်နက်ကိုင် နည်း လမ်းနဲ့ ဖြေရှင်းဖို့ကတော့ မပြီးနိုင်ဘူး။ နှစ်ပေါင်း ၇၀ အတွင်းလည်း ဖြေရှင်းခဲ့တယ်။ မပြီးမြောက်ဘူး။ ဒီကနေ့ အထိဖြစ်နေတယ်။ အဲဒါကြောင့်မို့ ပြီးမြောက်နိုင်တဲ့ ထာ၀ရ ပြည်တွင်းစစ်ချုပ် ငြိမ်းနိုင်တာ ဆွေးနွေးပွဲတွေဖြစ် တယ်။ အဲလိုမျိုး ဆွေးနွေးပွဲလုပ်တဲ့ အချိန်လည်း နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ နှစ်ဦးနှစ်ဖက် ပြေလည်နိုင်တဲ့ အထိ အဲလိုမျိုးဆွေးနွေးသွားလို့ရှိရင် ပိုပြီးအဆင်ပြေမယ်။ ပိုပြီးခရီးရောက် လာမယ်။ စောစောပြောသလို ကန့် သတ်ချက်တွေ အကန့်အသတ်တွေ ထားမယ်ဆိုရင်တော့ ဒီအတိုင်းပဲ ငြိမ်းချမ်းရေးက ဆွေးနွေးလိုက်ပျက်လိုက် ဆွေးနွေးလိုက်ပျက်လိုက် အဲလိုမျိုး ပုံစံမျိုးဆက်ဖြစ်နေမယ်။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here