ကရင်တစ်မျိုးသားလုံး ညီလာခံ ကျင်းပရေး အပါအဝင်ရှေ့လုပ်ငန်းစဉ် လေးရပ် KUPC ချမှတ်

0
244

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၏ (၁၀)ကြိမ်မြောက် အစည်းအ ဝေးကို ဒီဇင်ဘာ ၁၀ရက်မှ ၁၁ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်းမ ကန်ကမ်းခြေရှိ တနင်္သာရီဟိုတယ်၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ကရင်တစ်မျိုးသား လုံးညီ လာခံ ကျင်းပရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် လေးရပ်ကို ချမှတ်ခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် KUPC ကော်မတီဝင်တစ်ဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးက “အစည်းအဝေးမှာတော့ ထုတ်ပြန် ချက်မှာပါတဲ့ အကြောင်းအရာတွေအတိုင်း ဆွေးနွေးခဲ့တယ်။ ဒီကော်မတီက အရင်ထဲက ကရင့် ရေးရာဝန်ကြီးတွေ ကော်မတီဝင်အဖြစ် ပါဝင်ပြီးသား၊ အခုအစည်းအဝေးမှာ ရေးရာဝန်ကြီး ၅ ဦးရှိ တဲ့ အထဲက နှစ်ဦးပဲ လာတယ်။ ဒီအတွက် စီစဉ်သူတွေက အားမရတာလေးတွေတော့ရှိတယ်။ အရင်ရေးရာဝန်ကြီးတွေတုန်းကလည်း မအားလည်းလာတာဘဲ”ဟု အစည်းအဝေးအပြီးတွင် ကေအိုင်စီသို့် ပြောသည်။

နှစ်ရက်တာ ပြုလုပ်သည့် KUPC အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်တွင်း ကရင်တစ်မျိုးသားလုံး ညီလာခံကျင်းပနိုင်ရေးအတွက် ကရင့်ရေးရာလုပ်ဆောင်နေသည့် အဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်သွားရန်၊ ကရင်ရေးရာဝန်ကြီးများအပါအဝင် ကရင်လွှတ်တော်အမတ်များနှင့် KUPCတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်၊ ကရင်အမျိုးသားရေးဖော်ဆောင်မှုအားကောင်းရေး အတွက် ကရင်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကရင်စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းများကို ထိန်းသိမ်းမြုင့်တင်ရေးအတွက် ဒေသအသီးသီးရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများပါဝင်သည့် ကရင်စာပေနှင့် ယဉ် ကျေးမှု ဗဟိုကော်မတီကို ဖွဲ့စည်းသွားရန် စသည့် ရှေ့လုပ်ငန်းစဉ် လေးချက်ကို သဘောတူဆုံး ဖြတ်ခဲ့သည်။

ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တရားဝင် ပါဝင်မှု ရပ်ဆိုင်းထားခြင်းကို KUPC အနေဖြင့် လက်ခံပြီး၊ ပြန်ပါဝင်လာနိုင်ရေးအတွက် ကျရာ ကဏ္ဍမှ လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အစည်းအဝေး မတက်ရောက်နိုင်သည့်အပေါ် မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က“ဖိတ်စာရတဲ့အချိန်က နောက်ကျပြီး ဘယ်လိုမှ တက်လို့အဆင်မပြေဘူးဖြစ် သွားတယ်။ ဘယ်ပွဲမှရှောင်တာ မရှိဘူး။ ကိုယ့်ကရင်လုပ်တဲ့ပွဲက မတက်နိုင်တဲ့ပွဲလည်း မရှိဘူး။ မတက်ချင်တဲ့ပွဲလည်း မရှိဘူး” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို ၂၀၁၃ခုနှစ်၊ မတ် ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ကရင့်ရေးရာအစည်းအဝေးတွင် နယ်ပယ်စုံ ကရင်အရေးအရာလုပ်ဆောင်နေသည့် ကော်မတီဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ လက်ရှိတွင် ကော်မတီဝင် ၅၀ ဦးကျော်ရှိကာ ၁၀ ကြိမ်မြောက်အစည်းအဝေးသို့ ကော်မတီဝင်များနှင့် လေ့လာသူများ အပါအဝင် ၇၈ ဦး တက်ရောက်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here