ရေဖြူမြို့နယ်ကမြေမြှုပ်မိုင်းတွေကို ဘယ်သူရှင်းလင်းမှာလဲ?

0
356

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ် ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်း တဝိုက်ရှိ လူသွားလမ်းနှင့်ခြံများမှာ ပြီးခဲ့တဲ့ (၂)လအတွင်း မြေမြှုပ်မိုင်း (၄) ကြိမ် ပေါက်ကွဲခဲ့မှုကြောင့် ခြံသွား အလုပ်ဆင်းမည့် သူများ မတွေ့ရတော့ပေ။

အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သည့် နေရက်များကတော့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၊ ၁၈ ရက်အပါ နိုဝင်ဘာ ၁၄ ရက်နှင့် ၃၀ ရက်တို့ဖြစ်သည်။ ထိုမြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အစပိုင်း လူ(၂)ဦးမှာ ခြေထော က် တစ်ဖက်စီ ဖြတ်တောက်ခံလိုက်ကြရပြီး လမ်းပေါ် မိုင်းနင်းမိသည့် မော်တော်ဆိုင်ကယ် တစီးပျက်စီးခဲ့ရသ လို နောက်ဆုံး အကြိမ် မိုင်းနင်းမိသူ တစ်ဦးမှာ မော်လမြိုင်မြို့ဆေးရုံမှာ ဆေးကုသနေရဆဲပင် ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကတော့ ဒေသခံများ မိုင်း ခဏခဏ ပေါက်ကွဲမှုကြောင့် ကြောက်လန့်နေကြပြီး ခြံထဲအလုပ်ဆင်းရန် မဝံ့မရဲဖြစ်နေသည်ဟု မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ရင်ဆိုင်နေရ သော အလယ်စခန်းကျေးရွာမှ ဒေသခံများကို သွားရောက် တွေ့ဆုံ စကားပြောစဉ် သူ၏ မြင်တွေ့ခဲ့ရသော အခြေအနေကို ပြန်ပြောပြသည်။

“မိုင်းတွေ ခဏခဏ ပေါက်ကွဲလို့ လူတွေ တော်တော်လေး လန့်ဖြန့် နေတယ်၊ လောလောဆယ် ခြံထဲ ယာထဲ သွားဖို့က အားလုံး မဝံ့မရဲ ဖြစ်နေကြတယ်၊ ခြံသွား အလုပ် ဆင်းရမှာကို တော်တော်လေးကို ကြောက်ရွံ့နေ ကြတယ်” ဟု ၎င်းက ဆိုသည်။

Photo- ကြောင်လျှာကွင်းမှ မြေမြှုပ်မိုင်းဒဏ် ခံရသူတစ်ဦး(Facebook)

ကြောင်လျှာကွင်းနှင့် ဆက်စပ်ဒေသ တဝိုက်တွင် မွန်တိုင်းရင်းသား အများစု နေထိုင်ကြပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ခြံလုပ်ငန်းရှင် (၄၀၀)ဦးဝန်းကျင်မှ ရာဘာခြံများ၊ ဒူးရင်းခြံနှင့် ကွမ်းသီးခြံများကို ဧကသောင်းနှင့် ချီ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။

ထိုလုပ်ငန်းများသည် ဒေသခံများ၏ အဓိက စီးပွားဖြစ် လုပ်ငန်းဖြစ်ရာ ဆောင်းရာသီအချိန်တွင် ရာဘာစေး အထွက်ဆုံးနှင့် ကွမ်းသီးပေါ်ချိန်လည်း ဖြစ်နေခြင်းကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုက ၎င်းတို့၏ စီးပွားရေးကို ချေဖျက်နေသည့်အတွက် စိုးရိမ်စိတ်များ ပြည့်နေသည်။

ဒေါက်တာအောင်နိုင်ဦးက “တချို့က အဲဒီမှာ တောင်ယာ စိုက်ပျိုးထားတာ ရှိတယ်၊ အဲဒါကို သွားပြီး မရိတ် မသိမ်း မခြွေရဲကြဘူး ဖြစ်နေတယ်၊ ခုလို မသွားရဲ ဖြစ်နေကြတော့ လူမှုစီးပွား တော်တော်လေး ထိခိုက်လာ တယ်၊ အသက် မွေးဝမ်းကြောင်းအနေနဲ့ သူတို့အတွက် တော်တော်လေး နစ်နာတယ်” ဟု ပြောသည်။

လူသွားလမ်း၊ ခြံနှင့် တဲများတွင် ပေါက်ကွဲမှုများ ဖြစ်နေသော မြေမြှုပ်မိုင်းဖြစ်စဉ်များအား ပြန်လည် သုံးသပ် ကြည့်လျှင် အရပ်သားများကို ပစ်မှတ်ထားသည်မှာ သိသာ ထင်ရှားနေသည်ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ဆိုသည်။

နိုင်တင်စန်းက “ခြံသွားတဲ့ လမ်းတွေမှာ ခြံတွေအထဲ မိုင်းထောင်တာ ရွာသားတွေပဲ ထိပါတယ်၊ ရွာသားတွေ အခု ခြံမသွားရဲ ကြတော့ဘူး၊ မိုင်းမထောင်ဖို့ ရွာသားတွေကိုယ်စား ကျနော်ပန်ကြားပါတယ်၊ JMC အပစ်ရပ် စောင့်ကြည့်အဖွဲ့တွေ မီဒီယာတွေလည်း ကျနော်တို့ရွာကို တစ်ခါလောက် လာရောက် ကြည့်ရှုကြပါဦးလို့ ပြော ချင်ပါတယ်”ဟု သူ၏ သဘောထားကို ရင်ဖွင့်ပြောပြသည်။

အဆိုပါ ကြောင်လျှာကွင်းရှိ နှစ်စဉ်ကြေး မပေးသောခြံများ အလုပ်မထွက်ရန် ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် (၃)လခန့်ကတည်းက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့ တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ခြံအလုပ်သမား (၃)ဦးကို သေနတ်ဒင်ဖြင့် ထုထောင်း ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့် မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ထို အခြေအနေများကို ကျေးရွာအုပ်ချုပ်ရေးမှူး အနေဖြင့် အထက်အာဏာပိုင်အဆင့်ဆင့်သို့ အချိန်နှင့် တပြေး ညီ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း သက်ဆိုင်ရာ နယ်မြေ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် အလယ်စခန်းကျေးရွာသို့ ကိုယ်တိုင် လာရောက် မေးမြန်းခဲ့ခြင်း မရှိကြ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ နှင့် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)မှ တာဝန်ရှိသူများ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များအပေါ် နှုတ်ပိတ်နေကြသလို လာရောက် စစ်ဆေးမှုများလည်း မရှိကြ ပေ။

တနင်္သာရီတိုင်းဒေသကြီး(JMC-S)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးပြီးသော မွန်ပြည်သစ်ပါတီ(NMSP)ပါဝင်ခွင့်မရှိခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တွင် မွန်တိုင်းရင်းသား ရေးရာဝန်ကြီးမရှိခြင်းက တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူမျိုးများ၏အရေးကို မဖြေရှင်း နိုင်ပဲ ဖြစ်နေသလို လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကလည်း လစ်လျူပြုနေခြင်းကို ဒေသခံ များ ခံစားနေကြရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ(NMSP)ထားဝယ်ခရိုင်က “လက်နက်ကိုင် အဖွဲ့ အစည်း တခုခုသည် မိမိတို့ မွန်ပြည်သစ်ပါတီနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှု ကင်းမဲ့စေရန်နှင့် ခြံ လုပ်ကိုင် နေကြသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူသွားလမ်းနှင့် ယာခြံတို့တွင် မိုင်း ထောင်ထားခြင်းဖြင့် လူထုအား ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာသည့် လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြီး ဒေသခံ ပြည်သူများ၏ အသက် အိုးအိမ် လုံခြုံရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင် ရွက် သွားမည်”ဟု ဒီဇင်ဘာ(၄) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဝင်းရေးမြို့နယ်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ထားဝယ်ခရိုင်မှ တာဝန်ရှိသူများ ဒီဇင်ဘာ ၅ ရက်နေ့က NMSP ၏ ဝယ်ဇင်စခန်းမှာလည်းကောင်း၊ ဒီဇင်ဘာ(၇) ရက်နေ့က ရေးမြို့တွင်လည်းကောင်း (၂)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ထိုတွေ့ဆုံ ဆွေးနွေးမှုတွင် ရေဖြူဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်တပ်ဖွဲ့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း NMSP ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက ပြောသည်။

နိုင်ဉာဏ်ထွန်းက “ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ ဒီခြံလုပ်ငန်းရှင်(၄၀၀)ကျော်ရဲ့ ကံကြမ္မာနဲ့သူတို့ လုပ်ငန်းခွင် မပျက်စေရေးအတွက် အဓိကထား ဆွေးနွေးပါတယ်၊ ဒေသခံ ခြံသမားတွေ အားလုံး လုံခြုံမှု ရှိစေဖို့နဲ့ အေးအေး ချမ်းချမ်း နေထိုင် လုပ်ကိုင်နိုင်ဖို့က အရေးကြီးဆုံးပဲ”ဟု ပြောသည်။

မွန်ပြည်သစ်နှင့် KNU တို့ မဟာမိတ်နှစ်ဖွဲ့ အောက်ခြေတပ်ဖွဲ့ကြား ယမန်နှစ်က သစ်ခုတ်လှဲသည့်ကိစ္စနှင့် ပတ် သက်၍ မကြေလည်မှုတချို့ ဖြစ်ခဲ့ပြီး ဒေသခံပြည်သူတချို့ မိုင်းနင်းမိသည့် ဖြစ်စဉ်များ ပေါ်ပေါက် လာခြင်း ကြောင့် ဒေသတည်ငြိမ် အေးချမ်းရေး နှစ်ဖက်ဆွေးနွေးမှုများမှ ရရှိခဲ့ထားသော သဘောတူညီမှုများအား မကြာမီ လက်မှတ်ရေးထိုး ထုတ်ပြန်သွားမည်ဟု ၎င်းက ရှင်းပြသည်။

ထိုဆွေးနွေးပွဲတွင် KNU ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သူ ဝင်းရေးမြို့နယ် တရားသူကြီး စောစည်သူထွန်းက “မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ အစီအစဉ်ရှိပါတယ်၊ ဒါပေမယ့် နိုင်ငံရေး အဆင့်တော့ မဟုတ်ပါဘူး၊ ဒေသခံ လူထုအပေါ် ကျနော်တို့ နှစ်ဖက်(KNU & NMSP) ရဲ့ စေတနာကို အသိအမှတ် ပြုစေချင် တဲ့ အနေနဲ့ပါ၊ မွန်နဲ့ ကရင် ပဋိပက္ခမဖြစ်ဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ရယ်၊ မိုင်းကိစ္စ နှစ်ဖက် အထင် အမြင် လွဲနေကြတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်မှာစိုးလို့ အတူတကွ ပူးပေါင်းအဖြေရှာဖို့ သဘောတူတယ်၊ ကျနော်တို့ နှစ်ဖွဲ့ရဲ့ ဆက်ဆံမှုနဲ့ ရင်းနှီးမှု ပေါ်မှာလည်း မူတည်ပါတယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် KNU အောက်ခြေအဆင့် ဆွေးနွေးခဲ့ကြသည်ကို တဆင့်စကား ကြားသိရသော်လည်း ကြောင်လျှာကွင်းဒေသ မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ မည်ကဲ့သို့ စီစဉ် ဆောင်ရွက် ကြမည်ကို ရှင်းရှင်း လင်းလင်း မသိရှိရသဖြင့် ဒေသခံများ ခြံထဲမသွားရဲ ဖြစ်နေသေးကြောင်း အလယ်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူး က မြေပြင် အခြေအနေကို ပြောပြသည်။

ထို့ကြောင့် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကို ကူညီဖြေရှင်းပေးမည့် လူပုဂ္ဂိုလ်များ သော်လည်းကောင်း အဖွဲ့အစည်း များ သော်လည်းကောင်း မိမိတို့ ဒေသခံများက အထူး မျှော်လင့် စောင့်စား နေပါကြောင်း ၎င်းက ဆက်ပြော သည်။

သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသန္တရ အစိုးရအား တိုက်တွန်းလိုသည်မှာ ကြောင်လျှာကွင်း ဒေသ တစ်ခုလုံးအတွက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို မည်သူတွေက တာဝန်ယူ ရှင်းလင်း ပေး မည်ကို ဒေသခံ ပြည်သူလူထုအား အမြန်ချပြ လုပ်ဆောင်ပေးပါရန် ဤဆောင်းပါးနှင့်အတူ နှိုးဆော်လိုက်ပါ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here