နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပထမအကြိမ် ကချင်ပြည်နယ်လူထုများနှင့်တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လိုလားသောပြုပြင်ပြောင်းလဲမှုအုပ်ချုပ်ရေးမှာ ‘တရားဥပဒေစိုးမိုးရေး’ ကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုကြောင်းကို ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။

အုပ်ချုပ်ရေးပိုင်းမှာ ပြည်သူလူထုကို အကျိုးမပြုဘဲ အုပ်ချုပ်မည်ဆိုရင် ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည်ဖြစ်ပြီး ပြည်သူလူထုကို ငြင်းပမ်းနိပ်စက်သလိုဖြစ်သွားနိုင်ကြောင်း တွေ့ဆုံပွဲတွင် သမ္မတကပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးပိုင်းမှာ မည်သူ့ကိုမဆို ငွေကြေး ရာထူး မျက်နှာမလိုက် တရားဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်ဖြစ်တယ်။ ဒါဟာဆိုရင်တရားဥပဒေကို ထောက်ပံ့တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။ နောက်တစ်ခုက ပြည်သူလူထုကို မျက်နှာမူတဲ့ အကျိူးပြုတဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်စေချင်တယ်။ ပြည်သူလူထုကို အကျိုးမပြုဘဲနဲ့ အုပ်ချုပ်မယ့် စနစ်ဆိုရင် ဒီမိုကရေစီစနစ်နဲ့ များစွာကွာခြားသွာနိုင်တယ်။ အားလုံးကပြည်သူလူထုဘဲ။ ဒီအုပ်ချုပ်ရေးတာဝန်ကို ပေးတာကလဲ ပြည်သူလူထုပါဘဲ။ ဒါက ကျနော်ရဲ့ ခံယူချက်ပါ” ဟု ပြောဆိုခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ရှောင်ပြည်သူများကို အထူးဂရုစိုက်ပေးသင့်ကြောင်း ကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

“ဒီကချင်ပြည်နယ်ထဲမှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ စစ်ရှောင်ပြည်သူတွေရဲ့ နေထိုင်မှုပြသာနာပါဘဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က လူအများနဲ့ နေရတာဖြစ်တယ်။ ကျန်မာရေးတစ်ခုခု ဖြစ်သွားပြီ ဆိုရင် အားလုံးကို ပြန့်သွားဖို့အရမ်းမြန်တယ်။ အဲ့က တစ်ဆင့် မြစ်ကြီးနားမြို့ထဲတစ်ခါတည်းကူးစက်သွားနိုင်တယ်။ ဒါကိုအထူးဂရုစိုက်ပေးရမယ်။ ပြောချင်တာက ကျန်းမာရေးက အရမ်းအရေးကြီးပါတယ်” ပြောဆိုသည်။

တစ်ချို့စစ်ရှောင်များကို ပြန်လည်နေရာချထားရေးဖြင့် ပြန်ခွင့်ပေးတာဖြစ်သလို သို့သော် ပြန်ခွင့်မရရှိသေးသော စစ်ရှောင်များ နေရာအသစ်တွင် နေထိုင်လိုသူများကို ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ အတတ်နိုင်ဆုံးဖြေရှင်းပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့ သည်။

သို့သော်၎င်းတွေ့ဆုံပွဲတွင် ပြည်သူလူထုအတွက် အဓိက အရေးပါသော ကိစ္စနှစ်ခုဖြစ်သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းရပ်တန့်ရန်နှင့် တရုတ် တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး လုံးဝပြောဆိုသွားခြင်း မရှိကြောင်းတွေ့ရသည်။

အဆိုပါတွေ့ဆုံပွဲကို မတ်လ၂၁ရက်နေ့ မွန်းလွဲပိုင်း ၁နာရီခန့်အချိန် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ တွင်ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကချင်ပြည်နယ်အတွင်း ပြုလုပ်ပြီးစီးခဲ့သော ကဏ္ဍအသီးသီးမှ အကြောင်းအရာများကို နိုင်ငံတော်သမ္မတအား တင်ပြခဲ့သည်။

ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ငြိမ်းချမ်းရေးဖိုရမ် (UCCPF) ကို မြစ်ကြီးနားမြို့တွင် ၃ရက်ကြာဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် အရေးပါသော စာတမ်း ၃စောင်ကို ပြုစုနိုင်ခဲ့သည်။

အရပ်ဖက်အဖွဲ့အစည်းများ သဘောတူပြုစုခဲ့ကြသော ငြိမ်းချမ်းရေးဖိုရမ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း ၈၇ချက်၊ ဖက်ဒရယ်မူဝါဒဆိုင်ရာစာတမ်း ၉၁ချက်၊ မြေယာမူဝါဒ ၈၆ချက် စသောစာတမ်းများကို သဘောတူရရှိခဲ့ကြောင်း ငြိမ်းချမ်းရေဖိုရမ်ဖြစ်မြောက်ရေး ကော်မတီမှ ရှမ်းပြည်နယ်ကိုယ်စားပြု ဦးဝင့်ထည်ကောင်းမြတ် က ယနေ့ သတင်းစာရှင်းလင်းခဲ့သည်။

စာတမ်း ၃ခုကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJ)မှတဆင့် စတုတ္ထ အကြိမ် ပင်လုံညီလာခံသို့ တင်သွင်းသွားမည်ဖြစ်ပြီး ဖက်ဒရယ်စာတမ်းကိုတော့ ၎င်းကော်မတီမှ လက်ခံမှုမရှိသေးကြောင်း ကို ဆက်လက်ပြောဆိုသည်။

“ယခုသဘောတူခဲ့ကြတဲ့ အချက်တွေက လူထုကြားမှာဖြစ်ပွားနေတဲ့ပြဿနာတွေဖြစ်တယ်။ နောက် ဒီပြဿနာတွေက လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဘယ်လိုဆက်စပ်မှုရှိနေလဲ။ ပြီးရင် ဒီအချက်တွေက ဘယ်လောက်ထိအရေးပါနေလဲ။ နောင်အနာဂတ် နိုင်ငံတော်မှာလဲ ဒီလိုပြဿနာ မဖြစ်အောင် ဘယ်လိုလုပ်ဆောင်သွားရမယ်ဆိုတဲ့ အကြံပြုချက်မှုဝါဒတွေ ဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေကို အခြေခံထားတာဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင်မယ့် ကုန်ကြမ်းတွေဖြစ်တယ်။ အရည်အသွေးပြည့်မှီအောင်လည်း ပြုစုထားတာဖြစ်တယ်။ ဒါကြောင့် ယခုပြုစုထားတဲ့အချက်တွေက အင်မတန်မှ အရေးကြီးတယ်” ဟု ဖိုရမ်ဆွေးနွေးရေးကော်မတီမှ ဆရာမ ဒေါ်ခိုင်ခိုင်လဲ့မြင့် က ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်စာတမ်းပြုစုရာ အဖွဲ့ဝင်ကောမတီများမှ သက်ဆိုင်ရာပြည်နယ် အသီးသီး အောက်ခြေအဆင့်မှ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် တဆင့်ချင်းတဆင့် ၆လခန့်ပြုစုထားသော စာတမ်း ဖြစ်ကြောင်းကို ဆက်လက်ပြောဆိုသည်။

ထို့နောက် ငြိမ်းချမ်ရေးဖိုရမ်ဆွေးနွေးပွဲ ၃ရက်တွင် ပြည်နယ်အသီးသီး ပြည်သူလူထုများ မလိုလားအပ်သည့် လတ်သလောဖြစ်ပေါ်နေသော အခြေအနေများကို လေ့လာသုံးသပ်ပြီး သဘောထားများ ထုတ်ပြန်ထားကြောင်းကိုလည်း တွေ့ရသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် အချက် ၁၄ချက်ပါဝင်ပြီး ‘မြန်မာနိုင်ငံ၏ငြိမ်းရေးဖော်ဆောင်မှုဖြစ်စဉ်သာမက နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်ကိုပါ ထိခိုက်ပျက်စီးစေနိုင့်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး အစိုးရမှ ထိရောက်စွာအမြန်ဆောင်ရွက်ပေးရန်၊ လက်ရှိအပစ်ခတ်ရပ်စဲထားသည့် နယ်မြေများထိတွေ့မှုလုံးဝ ပပျောက်စေရေအတွက် နည်းလမ်းများရှာဖွေဖော်ထုတ်ပြီး အပစ်ခတ်ရပ်စဲရေးကို အစိုးရနှင့်တပ်မ တော်မှ ဦးစွာကြေညာပေးရန်၊ ပြည်တွင်းပြောင်းရွှေ့ စစ်ရှောင်များကို လုံခြုံရေး လူမှုရေးလိုအပ်ချက်များကိုထိရောက်စွာဖြည့်ဆည်းပေးရန်၊ NCA လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများ ပါဝင်လာနိုင်ရန်အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေး၊ ငြိမ်းချမ်းရေးေဖော်ဆောင်မှု၏ ကာလဖြစ်သောကြောင့် ငြိမ်းချမ်းရေးကိုပျက်ပြားစေမည့် ကြီးမားသော စီမံကိန်းများရပ်ဆိုင်းထားရန်၊ မြစ်ဆုံစီမံကိန်းကိုအမြန်ရပ်တန့်ပေး၊ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနှင့် ပြည်သူလူထုနစ်နာစေသည့် မြေယာပြဿနာများ အမြန်ဖြေရှင်းပေး’ စသောအချက်များကို သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဖိုရမ်ဆွေးနွေးပွဲတွင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် (၁၃)ခုမှ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားလှယ်အားလုံး စုစုပေါင်း(၅၆၂) ဦး တက်ရောက်ခဲ့သည်။

ကိုယ်စားလှယ် (၅၆၂)ဦးအနက် ပြည်နယ်အသီးသီးမှ အမြင်အာရုံမသန်စွမ်းသူ စုစုပေါင်း ၁၈ဦး ပါဝင်တက်ရောက်ခဲ့ပြီ မသန်းစွမ်းသူများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်ကြောင်း တွေ့ရသည်။