ကချင်စစ်ပွဲ ၇ နှစ်အတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်နိုင်ငံရေးအဖွဲ့ KNO နှစ်ဖက်ခေါင်းဆောင်များ၏ တတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ ကို KIO လိုင်ဇာ မြို့တွင် ဇွန်လ ၁၅ ၊ ၁၆ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
KIO ဗဟို ကော်မတီဝင်များ နှင့် ကချင်အမျိုးသားအစည်းအရုံး KNO ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် သီးခြား သဘောတူညီမှုတစ်စုံတစ်ရာ မရရှိသော်လည်း အဖွဲ့အစည်း ၂ ခုကြား ဆက်လက်ညှိနှိုင်းသွားမည်ဟု Kachin National Organization KNO က ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ခဲ့ပါသည်။
၂၀၁၁ ၊ ၂၀၁၂ တွင် KIO နှင့် KNO တို့ သည် အမျိုးသားရေး လုပ်ငန်းများတွင် တတ်နိုင်သော ကဏ္ဍများမှ ပူးပေါင်း လုပ်ဆောင်သွားရန် အပြန်အလှန်နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြပါသည်။
KNO ၏ လက်နက်ကိုင်တပ် United Kachinland Army – UKA ကိုလည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA ထံ ၂၀၁၂ တွင် ပူးပေါင်းစေခဲ့ပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင်လည်း KNO ခေါင်းဆောင် ဒူဝါဘောမ်ဝမ် လရော် မှ KIO ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် ပါဝင်ခဲ့ပါသည်။
မြန်မာအစိုးရနှင့် KIO တို့ ၁၉၉၄ ခုနှစ် အပစ်ရပ် လက်မှတ်ရေးထိုးပြီး နောက် ၁၉၉၉ ဇန်နဝါရီ ၉ ရက်နေ့တွင် KNO ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ တွင် ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်မတော် KIA ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။