Covid-19 အလွန် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေး အပစ်ရပ် EAOsများ အွန်လိုင်းမှ ဆွေးနွေး

0
129

၄ မေ၂၀၂၀

လတ်တလော COVID-19ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကပ်ရောဂါ အလွန်တွင် ဆက်လက်သွားနိုင်ရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အပစ် ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့၏ NCA အကောင် အထည် ဖော်မှုဆိုင် ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေးကို အွန်လိုင်းအစည်းအဝေးပုံစံဖြင့် ယနေ့ မေလ ၄ရက်နေ့တွင် ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရသည်။

ယခင် နှစ်ဖက် ဆွေးနွေးထားမှုများအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ၏ စတုတၳအကြိမ် မြောက် အစည်းအဝေးကြီးကို ယခုကာလတွင် ပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း လတ်တလောCOVID-19 ကြောင့် ရွှေ့ဆိုင်းထားရပြီး ၎င်းကို ကပ်ရောဂါအလွန်ကာလများတွင် ကျင်းပနိုင်ရေး အခင်းအကျင်းများကို ယနေ့ပြုလုပ်သည့် အွန်လိုင်း အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု အစည်းအဝေးတွင်ပြောကြားသော အဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်အမှာစကား၌ ပြောဆိုထားသည်။

ထို့အပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ ကို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆက်လက်ဆွေးနွေးရန် ရှိသလို အစိုးရ ညှိနှိုင်းရေး အဖွဲ့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးနိုင်သည့် နည်းလမ်းများကိုလည်း ယနေ့ပြုလုပ်သည့် အွန်လိုင်း အစည်းအဝေးတွင် ဆွေးနွေးရှာဖွေသွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)၏ အစည်းအဝေး သဘောတူညီချက်(၈)ချက်ထဲတွင် ၂၁ရာစု ပင်လုံ စတုတၳအကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ် နှစ်ဆန်းပိုင်း ၏ ပထမ လေးလတာကာလ အတွင်း ကျင်းပရန် နှင့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ် အပိုင်း (၃) တွင် ချုပ်ဆိုမည့် စာချုပ်ပုံစံ တို့ကို သဘောတူခဲ့ကြသည်။

၎င်းအပြင် ဗိုလ်မှူးကြီးစိုင်းငင်း၏ အဖွင့်အမှာစကားအရ ဧပြီလ ၂၇ရက်နေ့က အစိုးရမှ ဖွဲ့စည်းလိုက်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီ နှင့် ၎င်းတို့အကြား တွေ့ဆုံ ဆွေးနွေးရေး အပြင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကိုလည်း ယနေ့ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု ဆိုသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာဒေသများတွင် ထိထိရောက်ရောက်ဆောက်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး COVID-19 ကာကွယ်ထိန်း ချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်း ရေးကော်မတီ ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၇ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မရုံးက ဧပြီလ ၂၈ရက် မနက်တွင် အမိန့် ကြော်ငြာစာထုတ်ပြန်ထားသည်။

အလားတူ လက်ရှိ မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့န့ှံနေသည့် COVID-19 ကပ်ရောဂါအခြေအနေများ၊ ၎င်းကပ် ရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဒေသများတွင် ပညာပေး၊ ကာ ကွယ်တားဆီး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာရှေ့လုပ်ငန်းစဉ်များကို လည်း ယနေ့ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟုသိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ ယနေ့ မေလ ၄ရက် နေ့ နံနက်ပိုင်းအထိ နောက်ထပ် ရောဂါပိုးစစ်ဆေးတွေ့ရှိသူမရှိသေးဘဲ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၅၅ဦး၊ သေဆုံးသူ (၆)ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၄၃ဦး နှင့် ဆေးရုံဆင်းသူ ၂၉ဦးရှိကြောင်း ထုတ်ပြန်ထား သည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here