“NUG ကလည်း ဒီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာလုပ်မယ်လို့ သန္ဓိဌာန်ချထားသလို ပြည်သူတွေဘက်က လည်း လုံးဝမလျော့ဘဲနဲ့ ရပ်တည်နေတာကို တွေ့ရတဲ့အတွက် ကျမတို့အောင်ကို အောင်မယ့် တိုက်ပွဲဖြစ် ပါတယ်” နော်စူစဲန်နာလှလှစိုး (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ)

0
287

NUG ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမေးအဖြေ

၂၃ ဧပြီ ၂၀၂၁

ဧပြီလ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီမှ ဖွဲ့စည်းလိုက်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ ဝန်ကြီးဌာနများထဲမှ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး နော်စူစဲန်နာလှလှစိုးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး- ကနဦး အနေနဲ့ ဆရာမ တာဝန်ယူထားတဲ့ ဝန်ကြီးဌာန နဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။

ကျမအခု တာဝန်ယူထားတဲ့ ဝန်ကြီးဌာနက အမျိုးသမီး၊ လူငယ် နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနဖြစ် ပါတယ်။ ဒီဝန်ကြီးဌာနက အရင်အစိုးရ လက်ထက် အဆက်ဆက်က မရှိခဲ့ဘဲနဲ့ အခုလို အမျိုးသား ညီညွတ်ရေး အစိုးရ ခေတ်မှာမှ ရှိလာတဲ့ အစိုးရ ဝန်ကြီးဌာနအသစ်တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက ကျမကိုယ်တိုင် အမျိုးသမီး အဖွဲ့အစည်းတွေမှာ လှုပ်ရှားနေစဉ်တုန်းက ဒီ အမျိုးသမီး ဝန်ကြီးဌာနကို တည်ထောင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရ ကို ကျမတို့ အမျိုးသမီးအဖွဲ့အစည်းတွေက အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမဲ့ မဖြစ်လာခဲ့ဘူးပေါ့နော်။ အခုကတော့ NUG မှာ ဖွဲ့စည်းလိုက်တဲ့အထဲမှာ ဝန်ကြီးဌာန တစ်ခုအနေနဲ့ ရှိလာတဲ့ အပေါ်မှာ ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရ တစ်ရပ်အဖြစ်တော့ ကျမတို့ ဂုဏ်ယူချင်ပါတယ်။ နောက်ပြီးကိုယ်တိုင်လည်း အမျိုးသမီးရေးရာကိစ္စကို နှစ်ရှည်လများ လုပ်ကိုင်နေတဲ့ သူဖြစ်တဲ့အတွက်ကြောင့် ဒီ ဝန်ကြီးဌာန လုပ်ငန်းတွေကိုလည်း စနစ်တကျ လုပ်ကိုင် လည်ပတ်သွားနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိ ပါတယ်။

ကျမတို့က အမျိုးသမီး ကိစ္စတွေ၊ လူငယ်နဲ့ ကလေးသူငယ်ကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားမယ်။ ကျမတို့ ရဲ့ Mission, vision ကို တင်ပြတဲ့အခါမှာ အမျိုးသမီး လူငယ် နဲ့ ကလေးသူငယ်တွေကို သူတို့ရဲ့ စွမ်းရည်မြှင့်တင် ပြီးတော့မှ လိုအပ်သော အကူအညီများကို ကာကွယ်ပေးသွားရန် ရည်မှန်းချက် ရည်ရွယ်ချက်ရှိပါတယ်။ အဲ့ဒါကို ပြည့်မှီအောင်တော့ ကျမတို့ ဌာန ၃ခု ခွဲပြီးတော့ ပြည့်မီအောင် လုပ်ဆောင်သွားပါ့မယ်။

မေး- လက်ရှိအချိန်မှာ ဝန်ကြီးဌာနအနေနဲ့ အဓိက လုပ်ဆောင်နေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ၊ ပြီးတော့ ရှေ့ဆက်လုပ်ဆောင်ဖို့ကော ဘာတွေဖြစ်မလဲ။

ကျမတို့အစိုးရက ပုံမှန်လည်ပတ်တာထက် အသွင်ကူးပြောင်းရေး အစိုးရ ဖြစ်ပါတယ်။ ဒီအသွင်ကူးပြောင်းရေး ကာလမှ စစ်ကောင်စီရဲ့ ဖိနှိပ်မှု လှု့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတဲ့ အမျိုးသမီးတွေ လူငယ်တွေ ကလေးသူငယ်တွေ များစွာရှိပါတယ်။ ကျမတို့ဆီကိုလည်း တိုင်ကြားတဲ့ ကိစ္စတွေ ရှိပါတယ်။ အဲ့ဒါကို ကျမတို့က သက်ဆိုင်ရာဌာနတွေကနေပြီးတော့ အခွင့်အရေး ချိုးဖောက်ခံနေရသူတွေကို အရင်ဆုံး ကျမတို့က အွန်လိုင်းကနေ နှစ်သိမ့်ဆွေးနွေးပေးတာမျိုးရှိတယ်။ အဲ့ဒါတွေကို ကျမတို့က ဆက်လုပ်ပေးဖို့ရှိတယ်။ နောက်ပြီး နစ်နာသူတွေအတွက် ဆေးကုသစရိတ်တွေ နောက်ပြီးတော့ အရေးကြီးဆုံးက ကျူးလွန်တဲ့ သူတွေကို အမှန်တရားကို ပို့ဆောင်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ လူတွေမှာ အသက်က တန်ဖိုးရှိသလို သိက္ခာလည်း ရှိပါတယ်။ ဒါတွေက အချိုးဖျက်ခံရတဲ့အတွက်ကြောင့် အမှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့မှ ကျူးလွန်တဲ့ သူတွေကို အပြစ်ပေးခံရအောင် ကျမတို့က သူ့ရဲ့ ယန္တရားနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။

မေး- အခု စစ်ကောင်စီက အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် လူပေါင်းများစွာကို သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန အနေနဲ့ ဘယ်လိုလုပ်ဆောင်မလဲ။

နည်းလမ်းတွေကတော့ များစွာရှိပါတယ်။ ကုလသမဂ္ဂ အနေနဲ့က အမျိုးသမီးနဲ့ ပတ်သက်တဲ့ UN-woman ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ကျမကိုယ်တိုင် ၂၀၁၄ တုန်းက အဲ့ဒီ အမျိုးသမီးညီလာခံမှာ ကျမတို့ တိုင်းရင်းသူတွေ ခံစားခဲ့ရ တာတွေကို UN မှာကျမ ကိုယ်တိုင်သွားပြောပြခဲ့ဖူးပါတယ်။ အဲ့လို ယန္တရားတွေ ရှိတဲ့အတွက်ကြောင့် ကလေး ဆိုလည်းကလေးပေါ့လေး အဲ့ဒါတွေကို ကျမတို့က ဆက်လက်ပြီးတော့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မေး- အခု တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဘယ်လို ချိတ်ဆက်လုပ်ဆောင်သွားမလဲ။

အဲ့ဒါကလည်း အရမ်းအရေးကြီးပါတယ်။ လိုအပ်နေတာက မြို့မှာကော တောမှာကော တိုင်းရင်းသား ဒေသ တွေမှာပါ အကုန်လုံး လိုအပ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီ ကျူးလွန်မှုတွေက တိုင်းရင်းသား ဒေသမှာ ကော မြို့တွေမှာကော ဖြစ်တယ်။ အဲ့ဒီတော့ တိုင်းရင်းသား ဒေသတွေမှာပဲ သူတို့ ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ ကူညီနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့နဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင် သွားမှာပါ။ နောက်ပြီးတော့ ကျမတို့ လုပ်ဆောင်ထားတဲ့ CDM ကွန်ရက်တွေ ရှိတယ်။ အဲ့ကွန်ယက်တွေကနေ တစ်ဆင့်လည်း ကူညီလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး- NUG အစိုးရက ကြားဖြတ်အစိုးရ တစ်ရပ်ဖြစ်တဲ့အတွက် ရှိလာမယ့် အားနည်းချက်၊ ကြုံတွေ့ရမယ် စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။

အားနည်းချက်ကတော့ ကျမတို့က အသွင်ကူးပြောင်းရေးကာလ အစိုးရ ဖြစ်တယ်။ အားလုံးသိတဲ့အတိုင်းပဲ အခုဆိုလည်း ကျမတို့ နိုင်ငံရဲ့ ပြည်သူ့အာဏာကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ ဆိုတာလည်း ရှိတယ်။ ကျမတို့က ရုံးခန်းကြီးတွေ ခန်းခန်းနားနား ဖွင့်ပြီးတော့မှ ကျမတို့ မလုပ်နိုင်ဘူး။ ဒါကလည်း အရှိတရားဖြစ်တယ်။ တဖက်မှာ ကလည်း အားသာချက်က ကျမတို့ ပြည်သူတွေနဲ့ ပိုပြီးတော့မှ နီးနီးစပ်စပ် လုပ်ခွင့်ရှိသွားတယ်။ ကျမတို့ ပြည်သူထဲမှာနေတယ်၊ ကျမတို့ ဖြန့်ကျဲ့ထားတဲ့ ကွန်ရက်တွေကနေ တဆင့် ကျမတို့ အကူအညီ လေးတွေ ရတယ်။ နောက်ပြီးတော့ ပြည်သူတွေ တစ်ယောက်နဲ့တစ်ယောက် ကူညီတဲ့ စိတ်ဓါတ်တွေ စည်းလုံးတဲ့ စိတ်ဓါတ်တွေ ရှိလာတယ်။ နောက်အားသာချက်က ကိုဗစ်က တစ်နှစ်ကျော်ကျော်လောက် ဖြစ်သွားတော့ ကျမ ကလည်းပဲ အရင်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တယ်။ ကျမမဲဆန္ဒနယ်တွေမှာ သင်တန်းတွေ လုပ်တယ်။ counselling တွေ လုပ်တယ်။ နောက်ပြီးတော့ ဆက်သွယ်မှုတွေကို ဒီလိုမျိုး အိုင်တီကနေ တစ်ဆင့်ပဲ လုပ်တယ်။ ဖုန်းကနေ တစ်ဆင့် Zoom ကနေတစ်ဆင့် လုပ်တယ်။ ကျမတို့ လုပ်တဲ့ သင်တန်းဆိုရင် လူတွေ ရာနဲ့ ချီတက်တယ်။ အဲ့ဒါတွေက အားသာချက်ဖြစ်သလို work from home ကို တစ်နှစ်ကျော်ကျော် လုပ်ခဲ့တဲ့အ တွက်ကြောင့် ဒါတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော် အောင်မြင်စွာလုပ်ဆောင်နိုင်မယ်လို့ ကျမယုံကြည် တယ်။

မေး- အမျိုးသမီး လူငယ် နဲ့ ကလေးသူငယ် ရေးရာဝန်ကြီး အနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ နဲ့ကော ဘယ်လို ပူပေါင်းဆောင်ရွက်သွားမလဲ။

နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အခုလည်းကျမကို ကူညီမှုတွေ အကြံအဉာဏ်ပေးမှုတွေ အများကြီးရှိပါ တယ်။ ကျမတို့က ပြည်သူက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ ကျမကိုယ်တိုင်လည်း ကရင် လူထုကနေ တခဲနက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ဖြစ်တယ်။အဲ့ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေကတော့ ရှိနေပါတယ်။ ဆက်လက်ပြီးတော့ ဒီအကူအညီတွေ ရရှိအောင်လို့ ကျမတို့ ဘက်က ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး- ဘာများဖြည့်စွက်ပြောချင်သေးတာရှိသေးလဲ။

ကျမတို့ မြန်မာပြည်မှာ ခွဲခြမ်းလိုက်မယ်ဆိုရင် အမျိုးသမီးက အများစုဖြစ်တယ်။ နောက်ပြီး အသက်အရွယ် အပိုင်း အခြားနဲ့ ကြည့်မယ်ဆိုရင် လူငယ်တွေက ကျမတို့ နိုင်ငံရဲ့ အများစုဖြစ်တယ်။ ကျမတို့ နိုင်ငံရဲ့ အဖိုး မဖြတ်နိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ အဲ့တော့ အားမလျော့ကြပါနဲ့ ကျမတို့ အောင်ပွဲဆင်ရတော့မှာ ဖြစ်ပါ တယ်။ ကျမတို့ NUG ကလည်း ဒီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာလုပ်မယ်လို့ သန္နိဌာန် ချထားသလို ပြည်သူတွေဘက်ကလည်းပဲ လုံးဝမလျော့ဘဲနဲ့ ရပ်တည်နေတာကို တွေ့ရတဲ့ အတွက် ကျမတို့ အောင်ကို အောင် မယ် တိုက်ပွဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်မိုလို့ ကျမတို့စည်းစည်းလုံးလုံးနဲ့ ဆက်လက်ရပ်တည်ရအောင် တစ်ယောက်နဲ့ တစ်ယောက် ကူညီရအောင်ပဲ သတင်းပေးချင်ပါတယ်။

ကေအိုင်စီ – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here