“တကယ့်စစ်တိုက်တဲ့နေရာဆိုတော့ လက်နက်ကြီးထိတဲ့ အိမ်က အများဆုံးပဲ။ သူတို့တွေမှာ စားနပ် ရိက္ခာတွေ လုံးဝမရှိတော့ဘူး။ လောလောဆယ်က ကားနဲ့သွားလို့က အဆင်မပြေဖြစ်နေတာ၊ တကယ့်စစ်မြေပြင်ကွင်းထဲက ရွာဆိုတော့လေ” လောက်စဲစစ်‌ဘေးရှောင်စခန်း တာဝန်ခံ

မင်းတပ် လောက်စဲစစ်ဘေးရှောင်စခန်း တာဝန်ခံကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အမေးအဖြေ

၁၇ ဇွန် ၂၀၂၁

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် မေလ ၁၃ ရက်တွင် ကြေညာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ရှစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

လက်ရှိမင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၈ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူ ရှိထောင်ကျော်အထိ ရှိကာ သူတို့ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ လောက်စဲစစ်ရှောင်စခန်း(Lukse Camp) မှ တာဝန်ရှိသူ ကက်သလစ်ဘုန်းတော်ကြီး Nicholas Ghung Thang Se ကို ဆက်သွယ်မေးမြန်းထားသည်။

မေး – အခုလက်ရှိ ဆရာတို့စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ – လောလောဆယ်တော့ မနေ့တနေ့ကထိ အိမ်ပြန်ကြတယ်၊ အထူးသဖြင့်တော့ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အယောက် ၁၀၀ နဲ့ ၂၀၀ ကြားလောက် ရှိသေးတယ်။ လောလောဆယ်တော့ အခြေအနေက တော့ ပြန်ငြိမ်လာတဲ့သဘောမှာ ရှိတယ်။ ဒါပေမဲ့ တခုရှိတာက မိသားစုတွေထဲမှာ ပြေးလွှားပြီးတော့ ပုန်းခိုပြီးတော့ မိသားစုနဲ့ အတူရှိနေတဲ့ ဆန်စပါးတွေ စားသောက်ကုန်တွေ ဝိုင်းစားကြတဲ့အခါကတော့ မနေ့တနေ့ကရော ဒီနေ့ရော သူတို့ရောက်လာကြတယ်။ ကျနော်တို့ဆန်တွေလည်း မရှိတော့ဘူး၊ ကျနော်တို့ တစ်ရက်တစ်ရက်ဆိုရင် ပြန်ရောက်လာတဲ့သူ အယောက် (၂၀)လောက်ပြန်ရှိတဲ့အခါကျတော့ တစ်လလောက် ဝိုင်းစားစရာမရှိတော့ဘူးတဲ့။ အဲလိုမျိုးတွေတော့ လာပြောကြတယ်။ ခက်တာက လောလောဆယ် လှူတဲ့သူရှိရင်တောင်မှ ဒီကျောက်ထုဘက်ကနေ ဆန်တွေက သယ်လို့မရသေးဘူး။ လမ်းတချို့တွေက ပိတ်နေသေးတဲ့အခါကျတော့ သူတို့မိသားစုတွေ ဘယ်လိုကူညီပေးရမလဲ။ ဥပမာ ဟိုတနေ့ စစ်ပြေးရွာဆိုရင် အကုန်လုံး မီးလောင်နေတဲ့ အိမ်တွေရော ပျက်ဆီးပြီးတော့မှ လက်နက်ကြီးတွေထိတဲ့ အိမ်တွေ၊ မထိရင်တောင်မှ သူတို့ပစ္စည်းရှာဖွေတော့ အိမ်ထဲမှာရှိတဲ့ဟာတွေကို လွှင့်ပစ်ပြီး ဆန်အိတ်တွေကလည်း အပြင်မှာပြဲပြီးတော့မှ အဝတ်တွေလည်း အိမ်ထဲမှာ ဘာမှမရှိတဲ့ဟာတွေ အများကြီးရှိတယ်၊ တကယ့်စစ်တိုက်တဲ့နေရာဆိုတော့ လက်နက်ကြီးထိတဲ့ အိမ်က အများဆုံးပဲ။ သူတို့တွေမှာ စားနပ်ရိက္ခာတွေ လုံးဝမရှိတော့ဘူး။ လောလောဆယ်က ကားနဲ့သွားလို့က အဆင်မပြေဖြစ်နေတာ တကယ့်စစ်မြေပြင်ကွင်းထဲက ရွာဆိုတော့လေ။ အဲဒီအနေအထားနဲ့ အရေးပေါ်အခြေအနေအကူအညီလိုတယ်။ ဒါပေမဲ့ ကျနော်တို့ ချက်ချင်း မကူညီနိုင်သေးဘူး။ တချို့ကျတာ့ အိမ်ပြန်တယ်။ တချို့ကတော့ ကျနော့်ဆီမှာ ရှိသေးတယ်။

မေး – စစ်ဘေးရှောင်ပြည်သူတွေက ဝမ်းလျှော၊ ဝမ်းပျက်၊ တုပ်ကွေး၊ ငှက်ဖျားရောဂါတွေလည်း ဖြစ်နေကြရတယ်လို့ ကြားသိရပါတယ်၊ အဲဒီအခြေအနေလေး ရှင်းပြပါဦး။

ဖြေ – မိုးရွာတဲ့အခါကျတော့ ရာသီဥအပြောင်းအလဲတွေ ဒီထဲက များသောအားဖြင့် ချောင်းရေထဲက ခပ်ရတဲ့ရေတွေက ပြဿနာဖြစ်တာနေမှာ၊ တအားကြီးတော့ ဆိုးရွာတာတော့ မရှိပါဘူး။ လောက်စဲစစ်ရှောင်စခန်းမှာတော့ ဘာပဲဖြစ်ဖြစ် ဆေးကုသပေးနေတဲ့အခါကျတော့ အဆင်ပြေတယ်လို့ ပြောရမှာ၊ တခြားနေရာတော့ သတိမထားမိဘူး၊ ကျနော်တို့ လောက်စဲစစ်ရှောင်စခန်းမှာတော့ ဖျားလို့သေဆုံးတာမျိူးတော့ မရှိသေးဘူး။ တခြား Camp တွေတော့ ကျနော်သိပ်လက်လှမ်းမမှီဘူးဆိုတော့ မသိဘူး။

မေး – ခုဆိုရင် ကိုဗစ် ၁၉ ရောဂါကလည်း တစ်ကျော့ပြန်ဖြစ်လာတော့ စစ်ဘေးရှောင်တွေက အစုလိုက်နေကြရတော့ စိုးရိမ်စရာတွေဖြစ်လာနိုင်လား။

ဖြေ – ဟုတ်တယ်၊ ဆေးတွေလည်း ဝယ်လို့မရနိုင်တဲ့အခါကျတော့ နည်းနည်းတော့ ကာကွယ်ရေးပိုင်းတွေက ခက်မှာ။ အဲဒါကို ကျနော်တို့ ဘယ်လိုပုံစံမျိုးအကောင်အထည်ဖော်ရမလဲဆိုတာ စဉ်းစားနေကြတာ။ အရင်တုန်းကတော့ လုပ်ထားတာရှိတယ်။ ဘာသာရေးအနေနဲ့လှုပ်ရှားနေတာတော့ ရှိတော့ ရှိသေးတယ်။ ဒါပေမဲ့ Camp အတွက် သီးသန့်အနေနဲ့တော့ မလုပ်နိုင်သေးဘူး။

မေး – စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ သောက်သုံးရေနဲ့ အထောက်အကူပစ္စည်းတွေလည်း ပြတ်လပ်နေကြတယ်လို့ သိရပါတယ်၊ အဲဒီအခြေအနေလေးရှင်းပြပါဦး။

ဖြေ – အများဆုံးကတော့ ကျနော်တို့ မင်းတပ်မြို့နယ်ထဲမှာ ကျနော်တို့ လောက်စဲစစ်ရှောင်စခန်းကျတော့ ကျနော်တို့က လမ်းမကြီးနဲ့လည်း နည်းနည်းကွာတဲ့အခါကြတော့ ကျနော်တို့ဆီကို စစ်ကောင်စီတွေက တိုက်ရိုက်မလာဘူး။ ကျနော်တို့ Camp ထိတော့ အထူးသဖြင့် ဝမ္မသူးဖက် စွန်တောင်ဖက်ခြမ်းတွေက လမ်းမကြီးဘေးတောက်လျှောက်ရွာတွေဆိုတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းသွားတဲ့လမ်းမကြီးဘက်ဆိုတော့ အဲဒီဘက်က ပိုဆိုးတာ။ အဲဒီဘက်က ပိုပြီးတော့မှ ပြတ်လပ်ပြီးတော့ အဓိကတော့ ကျနော်တို့ကူညီနိုင်တဲ့သူတွေရှိတယ်။ ပြည်တွင်းပြည်ပနဲ့ ကျနော်တို့လည်း တတ်နိုင်သလောက်ပေါ့နော်။ ဒါပေမဲ့ လမ်းကြောက ကျောက်ထုလမ်းကြောတစ်ခု ဟိုဘက်လမ်းကြောနှစ်ခုစလုံးပိတ်တာလေ အဲဒီဟာက အဓိကပြသာနာ။ ကျနော်တို့ နဂိုက ဆန်တွေယူထားတာရှိတော့ တော်သေးတယ်။ အခုဆန်သယ်လို့မရတာ နှစ်ပတ် သုံးပတ်လောက်ရှိပြီ လုံလောက်မှုတော့ မရှိဘူး။

မေး – ခုဆိုရင် မိုးတွင်းကာလဖြစ်နေတော့ စစ်ဘေးရှောင်တွေအတွက် ဘယ်လိုဖြစ်လာနိုင်လဲ၊ ဘာတွေအရေးတကြီး လိုအပ်လဲ။

ဖြေ – ကျနော်တို့အနေနဲ့စဉ်းစားတာတော့ မင်းတပ်မြို့နဲ့ မလှမ်းမကမ်းတွေကို ကျနော်တို့ Camp တွေထားတာထက် တကယ်လို့ နိုင်ငံတာကာနဲ့ ICRC တွေနဲ့ပူးပေါင်းပြီးတော့ မကွေးတိုင်းကနေ ခွင့်ပြုနိုင်မယ်ဆိုရင်တော့ ရေရှည်မှာတော့ ဖြစ်နိုင်ရင်တော့ ကျနော်တို့ ပူးပေါင်းပြီးလုပ်ဆောင်ချင်တာ။ ဒါပေမဲ့ လောလောဆယ်အခြေအနေက တိုင်းခြားနယ်ခြားဖြစ်နေတဲ့အခါကျတော့ အခက်အခဲရှိတယ်။ ဆွေးနွေးထားတာက မကွေးတိုင်း ကျောက်ထုအနီးတဝိုက်တွေမှာ လုပ်နိုင်ရင်တော့ ရေရှည်အနေနဲ့ ဟိုဘက်လည်း စားနပ်ရိက္ခာအတွက် အဆင်ပြေမယ်၊ လုံခြုံရေးအတွက်လည်း ဒီဖက်မင်းတပ်နယ်ဖက်ထက် နည်းနည်းပိုသက်သာမယ်ဆိုတဲ့သဘောတရားရှုထောင့်နဲ့ ကျနော်တို့လည်း အကြံပေးတယ်။ နယ်ခြားဖြစ်နေတဲ့အခါကျတော့ အကောင်အထည်ဖော်ဖို့ကတော့ ခက်နေတယ်။

မေး – တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ။

ဖြေ – တကယ်လို့သာ ဒီလိုမျိုးဆက်ဖြစ်အုံးမယ်ဆိုရင် နားလည်မှုယူပြီး သဘောထားချင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုကတော့ ရှိတာတော့ရှိနေအုံးမှာပဲ။ သဘောကတော့ ဒါကြောင့်မို့ ပြည်သူတွေကို ကိုယ့်ရန်သူလိုသဘောမထားဘဲ စစ်ကောင်စီဖက်ကလည်း လူသားခြင်းစာနာပြီးတော့မှ ကိုယ့်ရဲ့ PDF အဖွဲ့ထဲကလည်း ပြည်သူလူထုကို လုံခြုံမှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဝိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးအကောင်အထည်ဖော်နိုင်ရင်တော့ ကောင်းမယ်၊ မဟုတ်ရင်တော့ ဒီလိုမျိုးရှောင်ပြေးဆိုရင် လူထုတွေက ဘယ်နှကြိမ် ဘယ်နှခါထွက်ပြေးနိုင်ဦးမှာလဲ၊ ဘယ်နှကြိမ်ရှောင်နိုင်မှာလဲ။ ဒါကြောင့် အကုန်လုံးအကောင်းဆုံးညိုနှိုင်းပြီးတော့မှ လုပ်နိုင်ရင်တော့ နည်းနည်းပိုပြီးသက်သာမှာပေါ့။

KMG – ပေးပို့သည်။

 

Share me now!

Myanmar Peace Monitor