ဟားခါးမြို့နယ်အတွင်း စစ်ဘေးရှောင်သက်ကြီးပိုင်းပြည်သူများ ကိုယ်ခံအားပြတ်လပ်မှု ကြုံတွေ့နေရ

0
184

၁၇ ဇွန် ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်က ပြည်သူအများစုမှာ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang(ဆဲန်ထန်း)နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် ဖြစ်ပွားခဲ့သော စကစနှင့် CDF အကြားတိုက်ပွဲကြောင့် ဇွန်လဆန်းပိုင်းကစ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။

“ စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြတော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ဖြေရှင်း ရတဲ့သူတွေလည်းရှိတယ်၊ မနေ့ကတော့ အသက် ၇၀ အရွယ်အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ် ” ဟု ဆူရ်ခွါမြို့ခံတစ်ဦးကပြောသည်။

ဆူရ်ခွါမြို့တွင် တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်းမရှိသည့်အတွက်ကြောင့် အခက်ကြုံနေရပြီး ဟားခါးမြို့ဘက်သို့သွားရောက်ကုသရန်မှာလည်း အခြေအနေတည်ငြိမ်မှုမရှိသေးသည့်အတွက် မသွားရဲ မလာရဖြစ်နေကြသည်ဟု အဆိုပါဒေသခံကပြောသည်။

ဆဲန်ထန်းနယ်မှ Surkhua မြို့ , Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, စသည့်ကျေးရွာ အသီး သီးတို့မှဒေသခံပြည်သူအားလုံးနည်းပါးသည် တောထဲသို့ပုန်းရှောင်ရာမှ နေရပ်သို့ပြန်လည်ကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Loklung ရွာအနီးတွင် စစ်ဆေးဂိတ်ထားရှိကာ ဟားခါး-မတူပီလမ်းကြောင်း အတိုင်းသွားလာသူများအား စစ်ဆေးကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here