မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းအတွင်း ကိုဗစ်လူနာသေဆုံးမှု ဖြစ်၊ မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ

0
341

၁၅ စက်တင်ဘာ ၂၀၂၁

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားကာ သေဆုံးမှုရှိလာသော ကြောင့် မတူပီတမြို့လုံးကို စက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ မြို့နယ်စစ်ကောင်စီက Lockdown ချထားသည်ဟု သိရသည်။

“အခုမတူပီတော့ အကုန်လုံးကို ဒီနေ့ကစပြီး Lockdown ချထားတယ်၊ ကိုဗစ်ပိုးတွေ့များတဲ့အပြင် တယောက် လည်း သေလို့ ရက်ကန့်သတ်တော့ မရှိဘူး၊ ကိုဗစ်အခြေအနေက နည်းနည်းဆိုးနေတာ။ မနက်စျေးလည်း မရောင်းရဘူး။ ပြီးတော့ ဘယ်မှလည်းမသွားရဘူးဆိုပြီး၊ ဒီနေ့ ၁၄-၁၆ ရက်အထိ ကိုဗစ်ပိုးစစ်ဆေးပေးမှာ” ဟု မတူပီဒေသခံ တစ်ဦးက ပြောသည်။

မတူပီမြို့ပေါ် ခလရ (၁၄၀) တပ်ရင်းတွင် တပ်သားတစ်ဦးနှင့် ဇနီးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ စက်တင်ဘာ လ ၁၂ ရက်နေ့ကသေဆုံးသွားသည့်အတွက် တမြို့လုံးအား ရက်အကန့်အသတ်မရှိ Lockdown ချလိုက်ခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ(၁၄၀)၊ ခလရ (၃၀၄) နှင့် စစ်ဗျူဟာတပ်တို့ရှိပြီး တပ်တွင်း ကိုဗစ်ကူးစက်မှုပြန့်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိလာသောကြောင့် မတူပီခရစ်ယာန်ဂိုဏ်ပေါင်းစုံမှဦးဆောင်ပြီး ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးရှိ၊မရှိ အ.ထ.က (၂) ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ တွင်လက်ခံစစ်ဆေးပေးနေပြီး ယနေ့တွင် စန်ဘောင်ရပ်ကွက်၊ ၁၅-၁၆ ရက်နေ့တွင် အနောက်ခိုဘွေ၊ လောင်ပန်းနှင့် ငလားရပ်ကွက်တို့တွင် ထပ်မံ စစ်ဆေးပေးသွား မည်ကြောင်းလည်း မတူပီဒေသခံများထံမှ သိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဆေးရုံမှဆင်းသွားသူ ၂ ဦးနှင့် ယမန်နေ့က တစ်ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် ၈ ဦးကုသမှုခံယူလျှက်ရှိကာ ယခုပိုးတွေ့ ကိုဗစ်လူနာအများစုမှာ တင်ဒါကိစ္စဖြင့် ဟားခါးမြို့သို့ ခရီးသွားခဲ့သူများနှင့် ခရီးသွားရာဇဝင်ရှိသူများဖြစ်ကြပြီး နေမကောင်း၍ ဆေးခန်းပြရာမှ ကိုဗစ်ပိုးတွေ့ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here