ဘီးလင်းမြို့နယ် မြစ်ကျိုးရွာသား ၁၁ဦးအား စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီး

0
261

၁၆ စက်တင်ဘာ ၂၀၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးရွာက ကျေးရွာသား ၁၁ ဦး ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့ လက် အောက်ခံ BGF-၁၀၁၃ တပ်ခွဲ ( ၂ ) ပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ က ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃ တပ်ခွဲ (၂) တို့သည် ကြသောင်းဆိပ်စခန်းသို့ တပ် ချိန်းရန်နှင့် ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာမှ ရပ်မိရပ်ဖ ၆ ဦး အပါအဝင် ကျေးရွာသား ၁၁ ဦးကို စက်တင်ဘာ ၁၄ ရက်နေ့က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

KNU-ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ များက ရိက္ခာပို့ရန် ယာဉ်မောင်းအပါအဝင် ထော်လာဂျီ ၅ စီးနှင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖ ၆ ဦးတို့ကို လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည် ဟု ပြောဆိုထားသည်။

“ထော်လာဂျီ ၅ စီးကို ရိက္ခာတင်ဖို့အတွက် ခေါ်သွားတယ် ရပ်မိရပ်ဖ ၆ ယောက်ကိုလည်း သူတို့လုံခြုံရေး အတွက် ခေါ်သွားတယ်” ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြော သည်။

ဘီးလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ခိုက်ခံရမှုများရှိနေပြီး ၎င်းတို့ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လေ့ ရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့မှ ဖမ်းဆိး ခေါ်ဆောင်သွားခြင်း ခံရမည်ကို ဒေသခံများ ကြောက်ရွံ့နေကြသည့် အပြင် ပစ်ခတ်မှုများ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံတို့အကြား စိုးရိမ်နေကြသည်။

“ပစ်ခတ်သံတွေလည်း ကြားနေရတော့ အကုန်လုံးက ကြောက်ရွံ့နေကြတယ်၊ စစ်သားတွေ ခေါ်သွားမှာလည်း ကြောက်ရ ပစ်ခတ်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

လက်ရှိတွင် ဘီးလင်းမြို့နယ် အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာနေခြင်းလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here