“ကျည်ဆံထိမှန်ပြီး ဆုံးသွားတယ်၊ စစ်ကောင်စီတပ်သားတွေက သူ့ရဲ့လက်ချောင်းကို ဖြတ်ပြီး လက်ထပ်လက်စွပ်ကို ခိုးယူသွားကြတယ်၊ ပြည်သူလူထုကတော့ တော်တော်လေးကို ရင်နာတယ်၊ တော်တော်လေးကို ခံပြင်းတယ်၊ ဒီကိစ္စအပေါ်မှာ” လူငယ်ခေါင်းဆောင်တစ်ဦး – ထန်တလန်မြို့

0
217

ထန်တလန်မြို့ ဒေသခံလူငယ်ခေါင်းဆောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

၂၀ စက်တင်ဘာ ၂၀၂၁

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကစပြီး လူနေအိမ် ၁၉ အိမ်လောင်းကျွမ်းပြာကျခဲ့သလို မီးငြိမ်းသတ်ဖို့သွားတဲ့ ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦးလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထန်ထလန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စက်တင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းက ထန်တလန်မြို့ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရင်ဆုံးပြောပြစေချင်ပါတယ်၊ ဘာကြောင့် ဘယ်လို မီးစတင်လောင်းကျွမ်းရတာပါလဲ။

ဖြေ။ ။ မနေ့ကတော့ မြို့တွင်းလှုပ်ရှားမှုလည်း နည်းနည်းရှိတာပေါ့နော်၊ CNA/CDF တို့ ပူးပေါင်းပြီးမှ လုပ်ထားတဲ့ ဟာရှိတယ်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိပေါ့ မြို့တွင်းမှာ ပစ်ခတ်မှု တွေရှိတယ်၊ ဒီလိုမျိုး အပြန်အလှန်ပစ်ခ တ်မှုတွေရှိတယ်၊ ဒီပစ်ခတ်မှုမှာတော့ စကစ ဖက်ကအယောက် ၃၀ လောက်တော့ သေတယ်လို့ သိရတယ်၊ CNA/CDF ဖက်က ဘာမှထိခိုက်မှုမရှိပဲ ပြန်သွားနိုင်တယ်။ အဲ့နောက်ပိုင်းမှာ သူတို့ (စကစ) က ထင်ရာစိုင်းပြီး မသင်္ကာတဲ့နေရာတွေကို အကုန်ရမ်းသမ်းပစ်တာပေါ့ သူတို့ရဲ့ လက်နက်ကြီးတွေ ကြောင့် လူနေအိမ်တွေထိပြီး မီးထလောင်တာပေါ့၊ လောင်တဲ့နေရာက အမှတ် (၁) ရပ်ကွက်၊ အရင်းတုန်းက ကျောင်းရပ်ကွက်လို့ခေါ်တယ်။

မေး။ ။ အဲဒီမီးလောင်မှုကြောင့် လူနေအိမ်ဘယ်နှစ်လုံးပျက်စီးသွားလဲ။ လူတွေရော ထိခိုက်သေဆုံးမှုတွေရှိလား။

ဖြေ။ ။ အိမ်က ၁၉ အိမ်လောင်တာပေါ့၊ အမျိုးသမီးတယောက် နည်းနည်းဒဏ်ရာရ ထိမိတဲ့ပြည်သူတစ်ယောက်ရှိထားတယ်၊ သူကတော့ စိုးရိမ််ရလားဆိုတော့ ဒဏ်ရာကိုလည်း ကျွန်တော်တို့က တိတိကျကျ စုံးစမ်းလို့မရသေးဘူး၊ မီးလောင်တဲ့အချိန်မှာ ပြည်သူကလည်း တယောက်မှ မထွက်ရဲကြဘူး၊ မီးလောင်တဲ့ အချိန်မှာလည်း ဆက်တိုက်ပစ်ခတ်မှုတွေရှိတယ်ဆိုတော့။

မေး။ ။ မီးလောင်တဲ့အချိန်မှာ မီးသတ်ကားတွေရောက်လာတာမျိူး မရှိဘူးလား။

ဖြေ။ ။ မီးလောင်တဲ့အချိန်မှာ မီးသတ်ကားကို ခေါ်တယ်၊ မီးသတ်ဌာနကလည်း CDM တော်တော်များများ လုပ်တယ်ဆိုတော့၊ CDM မလုပ်တဲ့သူတစ်ယောက်ရှိတာပေါ့။ သူ့ရဲ့ အမျိုးသမီးက ဒီမီးလောင်တဲ့အချိန်မှာ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရတဲ့ အချိန်ဖြစ်တော့ သူကလည်း မဆင်မပြေဘူး။ အဲ့လိုမျိုးပုံစံဖြစ်နေတာ၊ မီးသတ်ကားက မရောက်လာလို့လည်း ဆက်တိုက်ကို လောင်တာပေါ့၊ မီးသတ်ကားတော့ရှိတယ်။

မေး။ ။ ခရစ်ယာန်အမှုတော်ဆောင်ပါစတာတစ်ဦး မီးငြိမ်းသတ်ဖို့သွားအချိန်မှာ စစ်ကောင်စီဘက်က ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကိုလည်း ပြောပြလို့ရမလား။

ဖြေ။ ။ မီးလောင်တဲ့အချိန်မှာ ပြည်သူတွေကလည်း တယောက်မှ မထွက်ရဲဘူး၊ ဒါပေမယ့် မီးလောင်တာကို မီးငြိမ်းဖို့ TCBC ပါစတာတယောက် ကျွန်တော်တို့ ထန်တလန်က အရမ်းအားကိုးရတဲ့ လူငယ်လည်း ဖြစ်တာပေါ့။ ပါစတာ ကျုံးဗျက်ဟုမ်းက မီးလောင်တာကို မီးငြိမ်းဖို့ လူတွေကို ဆော်သြပြီးမှ သူတို့အဖွဲ့တွေနဲ့ သွားကြတယ်၊ ထန်တလန်လမ်းဆုံကနေ စစ်ကောင်စီတွေက အော်တိုသေနတ်နဲ့ ပစ်တာ။ တမင်သက်သက် ပစ်တာပေါ့၊ ကျည်ဆံထိမှန်ပြီး ဆုံးသွားတယ်၊ စစ်ကောင်စီတပ်သားတွေက သူ့ရဲ့လက်ချောင်းကိုဖြတ်ပြီး လက်ထပ်လက်စွပ်ကို ခိုးယူသွားကြတယ်၊ ပြည်သူလူထုကတော့ တော်တော်လေးကို ရင်နာတယ်၊ တော်တော်လေးကို ခံပြင်းတယ်ဒီကိစ္စအပေါ်မှာ။

မေး။ ။ အခုဒီနေ့ အခြေအနေ ဘယ်လိုရှိလဲ၊ နောက်ဆက်တွဲ ဘယ်လိုမျိုး ဖြစ်ပျက်တာတွေရှိလဲ။

ဖြေ။ ။ ဒီနေ့တော့ စစ်ကောင်စီရဲ့ လူသားမဆန်စွာလုပ်ရပ်တွေကြောင့် ထန်တလန်မြို့ပေါ်ဒေသခံ အားလုံးနီးပါး၊ စာရင်းတော့ တိတိကျကျ အခုထိမရနိုင်သေးဘူး၊ ရွာဖက်တွေကို ထပ်ပြီးတော့ စစ်ဘေးတိမ်းရှောင်ကြတယ်။

မေး။ ။ အခု မြို့တွင်းတိုက်ပွဲတွေကြောင့် ထန်တလန်မြို့ပေါ်က စစ်ဘေးရှောင်နေရတဲ့သူ ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ အခုက စစ်ဘေးရှောင် ၅ထောင်ကျော်နဲ့ ၆ ထောင်ဝန်းကျင်လောက် ရှိပြီ။ ထန်တလန်အနီးအနားက ရွာတစ်ဝိုက်နဲ့ တောင်ကြောအလိုက်နဲ့ သူ့ရဲ့နီးစပ်ရာတောင်ကြောတွေမှာ စစ်ဘေးရှောင်ကြရတယ်။ မနေ့က အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ထန်တလန်ကနေ မြို့ပြင်ကို ထွက်ဖို့တောင် တော်တော်လေးအ ခက်အခဲတွေ့တာပေါ့၊ အလံဖြူတွေကိုရှေ့ကနေထောင်ပြီးမှ ထွက်ပြေးသူတွေလည်းအများကြီးရှိတယ်၊ ခြေလျှင်နဲ့လည်း ထွက်တဲ့ သူတွေလည်းအများကြီးရှိတယ်။ မနေ့က အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ရုတ်တရက်ကြီးဖြစ်တယ်ဆိုတော့ စစ်ပြေးရှောင်တွေက သူတို့နေရာထိုင်ခင်းအတွက်လည်း အခက်အခဲဖြစ်တာပေါ့။ အစားသောက်အပိုင်းမှာလည်း မတူကြဘူး တချို့က နည်းနည်းပါးပါး ယူနိုင်တဲ့ဟာယူကြတယ်၊ အများကြီးမသယ်နိုင်ကြဘူး၊ တောင်ကြောအလိုက်ရွာက တာဝန်ခံတွေကပဲ တတ်နိုင်သလောက်မျှပြီးမှ စားသောက်နေကြရတယ်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here