စစ်ဦးစီးချုပ်တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီး စောစတီးအား DKBA ခန့်အပ်

0
269

၂၃ စက်တင်ဘာ ၂၀၂၁

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ လစ်လပ်နေသည့် စစ်ဦးစီးချုပ်နေရာအား ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးအား ခန့်အပ်လိုက်ကြောင်း ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် DKBA က ထုတ်ပြန်ခဲ့သည်။

DKBA မှ ဗိုလ်ကြီးစောဇော်မင်းက “ဟုတ်ပါတယ်ခင်ဗျ။ အတည်ပြုပါတယ်ခင်ဗျ။ ဒီနေ့ပဲ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဗိုလ်ချုပ်ကြီးပေါ့။ ဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးလိုက်တာ” ဟု ပြောသည်။

စစ်ဦးစီးချုပ် ခန့်အပ်တာဝန်ပေးခြင်းကို DKBA ၏ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ရန်ကုန်မြို့ရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံ (ICU) ထဲတွင် ဆေးကုသမှု ခံယူနေစဥ် ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ၂၀၁၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး စောလာပွယ်( ခေါ် )ဗိုလ်နှုတ်ခမ်းမွှေး ကွယ်လွန်ခဲ့ပြီးနောက် DKBA ၏ စစ်ဦးစီးချုပ်ဖြစ်လာသူ ဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အမည်သစ်ပြောင်းလဲခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် မာနယ်ပလောဒေသအတွင်း လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ တွင် အစိုးရနှင့် အပစ်ရပ် သဘောစာချုပ်ချုပ်ဆို ခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here