ဖားအံမြို့ပေါ်တွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်၊ အရပ်သားတစ်ဦး ထိခိုက်မှုရှိ

0
189

ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်

ကရင်ပြည်နယ်မြို့တော်၊ ဖားအံမြို့တွင် ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီကျော်တွင် အမှတ် (၅) ရပ်ကွက်အတွင်း ဗုံး ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး အနည်းငယ်ထိခိုက်သွားကြောင်း ဖားအံမြို့ခံတစ်ဦးက အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်တွင် ဖားအံမြို့၊ အမှတ် (၅) ရပ်ကွက်၊ တက္ကသိုလ်လမ်းတွင်ရပ်နေသော ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးရှိရာသို့ အမည်မသိ လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် အထုတ်တစ်ထုတ်လာပစ်ခဲ့ရာ အဆိုပါအထုပ်ကို ဆိုင်ကယ်အနားရှိလူမှ ကန်ထုတ်လိုက်ရာတွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အဲ့မှာ အကင်ဆိုင်တစ်ဆိုင်ရှိတယ်။ အကင်ဆိုင်နားမှာက ဆိုင်ကယ်တစ်စီးရပ်ထားတာ။ ဆိုင်ကယ်မှာက လူတစ်ယောက်ရှိတယ်။ ဗုံးတစ်လုံးကို လာပစ်သွားတာကို တွေ့လိုက်တော့ သူက အမြန်ပြေးကန်လိုက်တာ။ ဗုံးပေါက်တဲ့အချိန်မှာကျတော့ သူ့ခြေထောက် ဒဏ်ရာနည်းနည်းရသွားတယ်။ ဗုံးစ စင်ထိတာ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဗုံးလာပစ်သွားသူများမှာ အရပ်ဝတ် ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဖြင့် သေနတ်များကိုင်ဆောင်ထားကြကာ ပေါ်တင်ကြီး ဗုံးကို လှမ်းပစ်သွားခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ဆိုင်ကယ်ဆက်သွားရာ တက္ကသိုလ်ကျောင်းရှေ့လမ်း မီးပွိုင့်တွင် နောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲပြီး အ.ထ.က (၃) ကျောင်းရှေ့တွင် နောက်ထပ်သုံးလုံးမြောက်ဗုံး ထပ်မံပေါက်ကွဲသွားကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မြို့တွင်း လုံခြုံရေးကားသံများကြားရကြောင်း မြို့ခံများကဆိုပြီး မြို့တွင်းသွားလာမှုတွင် လုံခြုံရေး တိုးမြှင့်ထားမှု ရှိ/မရှိ မသိရသေးကြောင်း သိရသည်။

ဖားအံမြို့တွင် ယခင်က ည ၈ နာရီအထိသာ သွားလာခွင့်ပေးထားပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် ကရင်ပြည်နယ်နေ့ ကာလမှစ၍ ည ၁၀ နာရီအထိ သွားလာခွင့်ပေးထားကြောင်းသိရပြီး လက်ရှိ ဗုံးပေါက်ကွဲချိန်သည် လူသွားလူလာ ပြုလုပ်နေဆဲအချိန်တွင် ဖြစ်သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်း ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း ဖားအံမြို့ အထက်တန်ကျောင်း (အထက-၃) ကျောင်းရှေ့တွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်းလည်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here