“ငြိမ်းချမ်းရေးဖြစ်စဉ်၊ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် ပြည်သူလူထုပါဝင်မှုက အရေးကြီးပါတယ်။ အခုနေချိန်မှာ ပြည်သူလူထုက ပါဝင်ခွင့်မရတဲ့အပြင်ကို အကြမ်းဖက်သတ်ဖြတ်မှုတွေ ကြုံနေရတဲ့အချိန်၊ ကျနော်တို့ ဒီအချိန်မှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုဆွေးနွေးမလဲ” ခွန်မြင့်ထွန်း (PPST ပြောခွင့်ရပုဂ္ဂိုလ်)

0
202

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရသူ ခွန်မြင့်ထွန်းနှင့် အမေးအဖြေ

၁၈ ဇန်နဝါရီ ၂၀၂၂

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌလည်းဖြစ်သလို NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ခွန်မြင့်ထွန်းအား ဆက်သွယ်မေးမြန်းသည်။

မေး။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ အဆင့်တစ်ခုရောက်အောင် သူတို့ (စကစ) လုပ်သွားမယ်ဆိုပြီး ပြောသွားတယ်။ ဒီအပေါ်မှာ PPST ရဲ့ သဘောထား သိလိုပါတယ်။

ဖြေ။ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ကတော့ ပထမဦးဆုံးကတော့ တကယ့်ကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒပေါ့နော်။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးချတာမျိုး မဟုတ်ဘဲနဲ့။ မိမိရဲ့ တကယ့်ရင်ထဲက ဆန္ဒနဲ့လုပ်မှပဲ ငြိမ်းချမ်းရေးဆိုတာ ဖြစ်တာဖြစ်ပါတယ်။ ကျနော်တို့ ဒီတစ်လျှောက်လုံးမှာ ကျနော်တို့ ကြုံတွေ့လာရတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မိမိရင်ထဲက တကယ့်ဆန္ဒနဲ့ မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးချတာတွေကလည်း များခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့အခါမှာ အဓိကအရေးကြီးတာက ယုံကြည်မှုဖြစ်ပါတယ်။

အဲတော့ အခုနေအခါမှာ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတာကတော့ ဒီအချိန်၊ ဒီအခါမျိုးမှာ ဘယ်လိုဆန္ဒသဘောထားနဲ့ ကမ်းလှမ်းတာလဲဆိုတာကတော့ ကျနော်တို့ လေ့လာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တကယ်ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်၊ ရင်ထဲမှာ လိုလားတဲ့စိတ်နဲ့ ဒီလိုငြိမ်းချမ်းရေးကို ဖိတ်ခေါ်ချင်တယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ကတော့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်ရမှာ ဒီကနေ့ စစ်ကောင်စီကိုယ်တိုင်ကနေ ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် အလွန်အမင်းသတ်ဖြတ်မှုတွေနဲ့ ဒုက္ခပေးထားတဲ့ ပြည်သူလူထုနဲ့ ရန်သူသတ်မှတ်ပြီး စစ်ခင်းနေတာတွေ အရင်ဆုံးရပ်တန့်ရမှာ ဖြစ်ပါတယ်။ အဲဒီပြည်သူလူထုကို ရန်သူလို့ သတ်မှတ်ပြီးတော့ စစ်ခင်းနေတာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မလုပ်ဘူးဆိုရင်တော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဟာ ရင်ထဲကစကား ဟုတ်ပါ့မလား၊ ရင်းတွင်းက စကားဖြစ်မှာ မဟုတ်ဘူးလို့ အဲဒီလိုမြင်မိပါတယ်။

မေး။ သူက NCA အရ တရားဝင်အစည်းအဝေးတွေနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်သည်အထိ ဆောင်ရွက်သွားမယ်လို့ ပြောသွားတယ်။ ဆို‌တော့ ဒီနှစ်မှာ ဒီလိုညီလာခံမျိုး ဖြစ်လာနိုင်လားဆရာ။

ဖြေ။ NCA အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ထဲကနေ ဆွေးနွေးဖို့ဆိုရင် အဓိကအချက်က ကျနော်တို့ (၃) ချက်လောက်လိုအပ်တာ ရှိပါတယ်။ အဲတာ မကြာခဏကျ‌နော်တို့ တင်ပြခဲ့တာကတော့ နိုင်ငံရေးဆွေးနွေး တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာဟာ အာဏာကိုင်ထားတဲ့ လူတိုင်းနဲ့ ဆွေးနွေးလို့ မရပါဘူး။ အာဏာကို ကိုင်ထားတယ်၊ အာဏာကို ယူထားတယ်ဆိုတဲ့ လူတိုင်းနဲ့လည်း ဆွေးနွေးလို့မရဘူး။ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရဖြစ်ရမယ်၊ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ လွှတ်တော်ရှိရမယ်၊ အဲတာမှ ကျနော်တို့ ငြိမ်းချမ်းရေးဆွေး‌နွေးတာ နိုင်ငံရေးဆွေးနွေးတာ NCA လမ်းကြောင်းထဲက လုပ်လို့ရမှာဖြစ်ပါတယ်။

အခုဟာက ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရကိုက ဖမ်းဆီးထားတယ်။ နောက်တစ်ခါ လွှတ်တော်လည်း‌ ခေါ်ယူလို့မရဘဲ ပယ်ဖျက်ထားတယ်၊ အဲဒီအခြေခံမျိုးမှာ ကျ‌နော်တို့ နိုင်ငံရေးဆွေးနွေးလို့မရဘူး။ ဒါတွေ တစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်၊ နိုင်ငံရေးဆွေးနွေး မယ်ဆိုတဲ့အခါမှာ အရင်တုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နိုင်ငံရေးဆွေးနွေးပွဲတွေက မအောင်မြင်ခဲ့ဘူး ပေါ့နော်။ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့် မအောင်မြင်ခဲ့ဘူးဆိုရင် ပြည်သူလူထုမပါလို့ဆိုတဲ့အချက်ကို အဲဒီကာလတုန်းက သမ္မတကြီးဦးသိန်းစိန်အစိုးရရော၊ ကျနော်တို့ရော လက်ခံခဲ့ကြတယ်။ ဒါကြောင့်မို့လို့ သမ္မတကြီးရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းတို့ရော ကျနော်တို့ရော နှစ်ဖက်စလုံး ပြောခဲ့တာက‌တော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တွေမှာ ပြည်သူလူထုပါရမယ်ဆိုပြီး တော့မှ အတိအလင်းချမှတ်ခဲ့တယ်။ ပြည်သူလူထုကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

အဲတော့ ဒီနေ့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင်တော့ ပြည်သူလူထုပါဝင်မှုက အရေးကြီးပါတယ်။ အခုနေချိန်မှာ ပြည်သူလူထုက ပါဝင်ခွင့်မရတဲ့အပြင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ကြုံနေရတဲ့အချိန် ကျနော်တို့ ဒီအချိန်မှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုဆွေးနွေးမလဲ ဒါက တစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအသစ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီနိုင်ငံရေးအခင်းအကျင်းအသစ်တွေ ပေါ်လာတဲ့အတွက် Stakeholder အသစ်တွေ၊ နိုင်ငံရေးအခင်းအကျင်း အသစ်တွေလည်း ပေါ်လာတာဖြစ်တဲ့အတွက် ကျနော်တို့ ဒီနေ့အချိန်အခါမှာ အရင်အတိုင်းပေါ့‌နော်။ NCA လမ်းကြောင်းအတိုင်း အကောင်အထည်ဖော်ရေးကတော့ ကျ‌နော်တို့ အခက်အခဲ အများကြီးရှိသွားပြီဖြစ်ပါတယ်။

မေး။ နစကဘက်ကနေပြီးတော့ အလွတ်သဘောတွေ့ဆုံဖို့ဆိုပြီး စာပို့တယ်လို့ သိရလို့လေ အဲတာဟုတ်လားဗျ။

ဖြေ။ အဲဒီအခြေအနေတော့ ကျနော် မသိသေးပါဘူး။ ဒါကတော့ အမြဲတမ်းပဲ ဒီလိုဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းမှုတွေကတော့ တစ်နည်းမဟုတ်၊ တစ်နည်းရှိနေမှာပဲလေ၊ ဒါပေမယ့် ဒီဟာတွေကိုတော့ ကျနော်တို့ PPST မှာ ဒီလိုကိစ္စတွေတော့ ဆွေးနွေးတာမျိုး မရှိသေးပါဘူး။ သူ့ဖက်ကတော့ ကမ်းလှမ်းမှုတွေ ရှိနေမှာလေ။ ကျနော်တို့ကတော့ ဒီအပေါ်မှာ ဘာမှတရားဝင်မသိသေးပါဘူး။ ဆွေးနွေးဖို့ ဘာဖို့တွေကတော့ သူ့ဖက်ကလည်း အလွတ်သဘောဆွေးနွေးမှုတွေ၊ ကမ်းလှမ်းမှုတွေက‌တော့ ပုဂ္ဂိုလ်အနေနဲ့ဖြစ်စေ၊ ဖိတ်ခေါ်မှုတွေတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဟာတွေနဲ့ ပတ်သက်ရင်‌တော့ ကျနော်တို့ PPST မှာ သဘောထားတွေ ချမှတ်တာမျိုး မရှိသေးပါဘူး။

မေး။ နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအခြေအနေအရ လိုအပ်ရင် စစ်မှုမထမ်းမနေရဥပဒေကို ကျင့်သုံးမယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတယ်၊ ဒီအပေါ်မှာ ဘယ်လိုမြင်လဲဆရာ။

ဖြေ။ ကျနော်တို့ကတော့ NCA မှာ ကျနော်တို့ သဘောတူထားတာကတော့ ပြည်သူလူထုကို အဓမ္မခိုင်းစေခြင်းမပြုရဆိုတဲ့ဟာ ပြောထားတယ်။ အဓမ္မ စစ်သားစုဆောင်းခြင်းမပြုရ ဆိုတဲ့ဟာကိုလည်း ပြောထားတယ်လေ။ အဲတော့ အဲဒါ ပြည်သူလူထုက လက်မခံရင်တော့ အဓမ္မဖြစ်မှာပေါ့နော်။ ဒါ ပြည်သူလူထုရဲ့ လက်ခံမှု၊ လက်မခံမှုပေါ် မူတည်ပါတယ် ဒါကတော့။ ခုဏလို အဲဒီလိုလုပ်ရင်တော့ ပြည်သူလူထုက လက်မခံရင်တော့ NCA ကို ချိုးဖောက်ရာရောက်မှာပေါ့။ အဲတော့ အဓမ္မတော့စုဆောင်းခွင့်မရှိပါဘူး။

မေး။ သူကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းရေးဆွဲထားတယ် ဒါပေမယ့် လက်တွေ့ မကျင့်သုံးသေးဘူး။ လိုအပ်ရင်ကျင့်သုံးသွားမယ်ဆိုပြီးပြောလာတယ်။

ဖြေ။ ဒါကတော့ ခုနားလိုပေါ့လေ။ ပြည်သူလူထုအပေါ်မှာ ဒီလိုမျိုးပေါ့လေ ဥပဒေအရ အနိုင်ထက်ပြုတဲ့ဟာမျိုးပဲ ဖြစ်သွားလိမ့်မယ်လို့ ကျနော်တို့ ထင်တယ်ဒါကတော့ ပြည်သူလူထုရဲ့ လက်ခံမှု လက်မခံမှုက အဓိက အရေးကြီးတယ်။

မေး။ ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုသေးလဲဗျ။

ဖြေ။ ကျ‌နော်တို့ကတော့ အထူးပြုပြောချင်တာကတော့ တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာ တကယ်ဖြေရှင်းချင်တယ်ဆိုရင် ယုံကြည်မှုက အဓိကဖြစ်ပါတယ်။ အဲ‌တော့ ပြည်သူလူထုရဲ့ ယုံကြည်မှုမရှိပဲနဲ့ ကျန်တဲ့ သက်ဆိုင်သူတွေကြားမှာ ယုံကြည်မှုမရှိပဲနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အကောင်အထည်ဖော်လို့မရသလို နိုင်ငံရေးဆိုတာလည်း ဆွေးနွေးလို့မရပါဘူး။

အဲတာကြောင့် စစ်ကောင်စီအနေနဲ့ ပထမဦးဆုံး ဒီကနေ့ ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုကို လေယာဉ်ပျံနဲ့ ပစ်ခတ်တယ်။ အိမ်ထဲ၊ ရွာထဲ၊ မြို့ထဲတွေမှာ လေယာဉ်နဲ့ ပစ်ခတ်တယ်။ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာ အပါအဝင်ပေါ့လေ။ ပြည်သူလူထုအပေါ်မှာ အလွန်တရာ ကြမ်းတမ်းရက်စက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လိုတယ်။ အခုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဒီဖြစ်စဉ်တွေအပေါ်မှာ အင်မတန်ကို တုန်လှုပ်ခြောက်ခြားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအခြေအနေအထားမျိုးတွေမှာ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ကမ်းလှမ်းချင်တယ်ဆိုရင်တော့ ပြည်သူလူထုအပေါ်မှာ ဒီကနေ့ ပစ်ခတ်နေတာတွေ သတ်ဖြတ်နေတာတွေ မီးပုံရှို့နေတာတွေ ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here