အရပ်သားပြည်သူများအား အကာအကွယ်နှင့် အကူအညီမပေးနိုင်သေးသရွေ့ လူသေဆုံးမှုနှင့် ခက်ခဲမှုများ ဆက်ရှိနေလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းသို့ အသိပေးတောင်းဆို

0
100

၂၄ ဇန်နဝါရီ ၂၀၂၂

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအရ ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခြေအနေတစ်ရပ်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို နိုင်ငံတကာမှ ကူညီဖန်တီး လုပ်ဆောင်မပေးနိုင်သေးသရွေ့ လူသေဆုံးမှုများနှင့် ခက်ခဲမှုများ ရှိနေအုံးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချို့က ပြောသည်။

ထို့ကြောင့် ပြည်သူများ သေဆုံးမှုနှင့် ခက်ခဲခြင်းများ ဆက်လက်ဖြစ်ပွားမှု မရှိအောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာပြည်သူများကို အကာအကွယ်ပေးနိုင်သည့် လေယာဉ်မပျံသန်းရဇုန်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သီးသန့်နေထိုင်ရာနေရာ သတ်မှတ်ပေးရန်အပြင် နယ်စပ်ဖြတ်ကျော်မှု အကူအညီများကိုပေးရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က တောင်းဆိုထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က ဇန္နဝါရီလ ၂၀ ရက်နေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားကြသည်။

တောင်းဆိုမှုတွင် ပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး KNU မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး “NO FLY ZONE ကိစ္စနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် လေယာဉ်မပျံသန်းရဘူးဆိုရင် ဒါက အော်တိုမက်တစ် အလိုအလျောက်ပဲ ဒါက သူတို့အတွက် အကာအကွယ် ဖြစ်သွားပြီပေါ့နော။ နောက်တစ်ခုက အဲဒါပြီးတဲ့နောက်မှာ Safe Zone ဆိုတဲ့ လုံခြုံစိတ်ချရတဲ့ သူတို့ နေရာထိုင်ခင်းတွေ လိုအပ်တယ် အထူးသဖြင့် ဒီစစ်ကြောင့် ထွက်ပြေးနေရတဲ့လူတွေနဲ့ နောက်ပြီးတော့ အထူးသဖြင့် လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ အထူးသဖြင့် ဗုံးကြဲတဲ့နေရာ အခုစစ်ကောင်စီက ဗုံးကြဲတဲ့နေရာ ဘာမှ မရှောင်တော့ဘူး။ ဥပမာ ဆေးရုံတို့ ဆေးခန်းတို့ပေါ့နော နောက်ကျောင်းတို့ နောက်လူနေထိုင်တဲ့ ရပ်ကွက်တွေဆို ဘာမှ မရှောင်တော့ဘူး။ အဲဒါက သူက လုပ်ချင်သလို လုပ်နေတဲ့အခါကျတော့ အဲဒါတွေက ဒီလူတွေ ထွက်ပြေးပြီဆိုရင် သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု လိုကိုလိုအပ်နေပြီ ဖြစ်ပါတယ်။ နောက် အဲဒါကြောင့် အဲဒါကိုလည်း ဖန်တီးပေးဖို့ဆိုတာ ကျနော်တို့က အဲဒီအထဲမှာ တောင်းဆိုထားတာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များမှ တိုက်ပွဲဖြစ်ပွားလာပါက လက်နက်ကိုင်အချင်းချင်းမဟုတ်သည့် ဒေသခံလူထုများကိုပါ ဦးတည်တိုက်ခိုက်နေသည့်အတွက် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို နိုင်ငံတကာမှ ကမကထပြုလုပ်ပြီး ဖော်ဆောင်ပေးရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကလည်း တောင်းဆိုထားသည်။

KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “နိုင်ငံတကာ ကနေမှ စစ်ကောင်စီကို တွန်းအားပေးဖို့တော့ လိုတယ်။ အခုက ကျနော်တို့ လက်နက်ကိုင် အချင်းတိုက်ပွဲဖြစ်တာကတော့ ဒါကတော့ ထုံးစံပဲ ဒါပေမယ့် ဘာမှ မဆိုင်တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေက Target ထားပြီးမှ ပစ်ခတ်နေတာကတော့ ဒါ နိုင်ငံတကာကတော့ လူသား ချင်းဆိုင်ရာပေါ့နော။ ရာဇဝတ်မှုလည်း မြောက်တယ်။ လူသားမျိုးနွယ်စု Genocide ပေါ့နော။ Ethnic Cleaning ပုံစံလေး ရောက်တယ်။ ဆိုတော့ လူထုအတွက်ကတော့ ကျနော်တို့ Safe Zone တစ်ခုရှိသင့်တယ်။ Safe Zone ဆို တာကတော့ ကျနော်တို့ သူတို့ကို ဒီနေရာမှာ သူတို့ရဲ့ လုံခြုံရေး နဲ့ သူတို့ရဲ့ လိုအပ်တဲ့ ကျန်းမာရေးပေါ့နော။ စောင့်ရှောက်မှုတွေကအစ လူထုက စစ်ဘေးကနေပြီးမှ Free Zone သဘောမျိုးပေါ့နော။ အဲသလို တစ်ခုဖြစ် ဖို့ ကတော့ နိုင်ငံတကာကနေမှ ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အဲလိုထင်ပါတယ်” ဟု ဇန္နဝါရီလ ပထမ အပတ်တုန်းက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လူနေထိုင်ရာ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အပြင် လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများနှင့် အဆောက်အဦ ပျက်စီးမှုများရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်များကို ကူညီသူများက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူများမှာ အသက်အန္တရာယ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံရမည်စိုးရိမ်သည့်အတွက် စစ်ဘေးလွတ်ရာ တောတောင်နှင့် နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်နေရသည်ဟု အကူအညီပေးနေသူများက ဆိုသည်။

ထိုသို့ စစ်ဘေးရှောင်နေရသည့်အတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ လိုအပ်ချက်များစွာ ရှိနေသည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နယ်စပ်ဖြတ်ကျော် အကူအညီပေးခွင့်ပြုရန် ပဒိုစောတောနီးက တောင်းဆိုထားသည်။

ပဒိုစောတောနီးက “ကျနော်တို့လည်း ဒါကိုလည်း တောင်းဆိုနေပါတယ်။ ဒီထက် ပိုပြီးတော့ နောက်တစ်လှမ်းအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေ UN အစရှိသည်အားဖြင့် အဲဒါတွေက တကယ်ပဲ INGO က အစပေါ့နော အဲဒါတွေက သူတို့ ကိုယ်တိုင် ပါဝင်ပြီးတော့ အဲဒီနေရာဒေသတွေမှာ ရောက်နိုင်တဲ့အနေအထားကို ခွင့်ပြုပေးမယ်ဆိုရင် ဒီထက်ပို ပြီးတော့ ထိရောက်မယ့်ဟာတွေ ရှိလာမှာ။ ဒါတွေကလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမယ် ပြောဆိုရ မယ် တိုက်တွန်းရမယ့် အနေအထားတော့ ရှိပါသေးတယ်ပေါ့နော” ဟု ပြောသည်။

တိုင်းရင်းသား ပြည်နယ်များအပြင် လက်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပေးနိုင်အောင် ကူညီလုပ်ဆောင်ပေးရန် တောင်းဆိုသည်ဟု ပဒိုစောတောနီးက ဆိုသည်။

စစ်ကောင်စီတပ်က ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ တိုက်ပွဲများတွင် မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင်တိုက်ခိုက်မှုများပါ အဆက်မပြတ် လုပ်ဆောင်လာသည့်အတွက် တိုက်ပွဲများကြားရှိ ပြည်သူများမှာ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများစွာ ရှိလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၇ ရက်နေ့ အစောပိုင်းက စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်ရှိ မိုဆိုကျေးရွာမှ စစ်ဘေးရှောင်များ၏ ယာယီ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့အပြင် ဇန္နဝါရီလ ၇ ရက်နေ့ကလည်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့အတွင်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကရင်နီပြည်နယ်နည်းတူ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကသာမြို့နယ်အတွင်းရှိ မိုးတားကြီးကျေးရွာကိုလည်း ပြီးခဲ့သည့် ဇန္နဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦးအပါအဝင် ဒေသခံရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့သို့ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိလာနေသည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်ရေးပဋိပက္ခများအကြားတွင် ရောက်ရှိနေသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အနေအထားများကို အမြန်ဆုံး ဖန်တီးပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here