“သတိကြီးကြီးထားပြီးတော့ ရှေ့ဆက်ရမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီအာဏာရှင်စနစ်လုံးဝ ကျရှုံးသွားပြီးတော့ ဗမာအပါအဝင် ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရော တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ လိုအပ်တယ်။ အဲ့ဒီဟာအတွက်ပဲ ကျနော်တို့ ဦးတည်ပါတယ်” မောင်ဆောင်းခ (တာဝန်ခံ -BPLA)

0
246

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA တာဝန်ခံ မောင်ဆောင်းခနှင့် အမေးအဖြေ

၁၀ မေ ၂၀၂၂

နွေဦးတော်လှန်ရေးကာလအတွင်း ဖြစ်တည်ပေါက်ဖွားလာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People Liberation Army – BPLA) သည် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုနှင့်အတူ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ခုခံတော်လှန်ကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် BPLA ၏ ဦးတည်ရည်မှန်းချက်များ၊ အနာဂတ်မျှော်ရည်ချက်များနှင့် စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲနေသော အခြေအနေများကို BPLA တာဝန်ခံ မောင်ဆောင်းခနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ကနဦးအားဖြင့် BPLA လို့ ခေါ်ဆိုရတဲ့အကြောင်းလေး မိတ်ဆက်ပေးပါလား။ BPLA တပ်တော်ဖွဲ့စည်းရတဲ့ အဓိက ရည်မှန်းချက်နဲ့ နိုင်ငံရေးဦးတည်ချက်ကို သိပါရစေ။

ဖြေ – ကျနော်တို့ နိုင်ငံမှာက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာမျိုးကို စဉ်းစားဖို့ လိုတာကို။ ဘာဖြစ်လဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တာကို။ ဖက်ဒရယ်ပြည်ထောင်စုသွားမယ်ဆိုရင်တော့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်က ပေါ်ကို ပေါ်လာရမှာ။ အဲ့အခါကျရင် ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ တပ်တစ်ခု လိုတယ်။ အဲ့ဒါမျိုး ကျနော်တို့ စဉ်းစားမိတာပေါ့။ အဲ့လိုစဉ်းစားချက်ကနေ စပြီးတော့ ကျနော်တို့ တစ်လျှောက်လုံးမှာလည်း အစိုးရ တပ်ဖွဲ့ကနေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ရင်း အဲ့မှာ တိုင်းရင်းသား လူမျိုးစု လူမျိုး တွေ အပေါ်မှာ ဖိနှိပ်တာတွေ၊ မဒိမ်းကျင့်တာတွေ သတ်ဖြတ်တာတွေ အများကြီး ကျူးလွန်ခဲ့တာပေါ့။ အဲ့လိုမျိုး ကျူးလွန်ခဲ့ တဲ့ ကိစ္စရပ်တွေမှာ များသောအားဖြင့် ဒီဘက် ကရင်ပြည်နယ်မှာဆိုတောင်မှပဲ ကရင်လိုပြောတာပေါ့။ စစ်တပ်လာပြီး ပြေးပြေးလို့ ပြောတာမဟုတ်ဘူး။ ဗမာလာပြီး ပြေးပြေးလို့ ပြောတာကို။ပြည်သူလူထုရဲ့ စိတ်ထဲမှာကြတော့ ကျနော် တို့ကို ဖိနှိပ်နေတာက မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်၊ ဒါမှမဟုတ် နေဝင်း ဦးဆောင်ခဲ့တဲ့ စစ်တပ် သန်းရွှေ ဦးဆောင် ခဲ့တဲ့ စစ်တပ် အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဒါဟာ ဗမာတွေ ဗမာစစ်တပ်တွေဖြစ်တယ်ပေါ့။ အဲ့ဒါတွေကို ကျနော်တို့ က ခွဲထုတ်ဖို့လည်း လိုတာပေါ့ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့။ အဲ့လိုအခြေအနေမျိုး စဉ်းစားချက်ကြောင့်ပဲ ဗမာ့ တပ်တော်အနေနဲ့ ကျနော်တို့ စဉ်းစားတယ်။ ဗမာတပ်သည့် လူမျိုးကြီး ဝါဒကို အမြစ်ဖြတ်ဖို့၊ တိုင်းရင်းသား တွေနဲ့ တန်းတူ ညီမျှရေးကို စဉ်းစားဖို့၊ နောင်ကျရင် ဖက်ဒရယ်ပြည်ထောင်စုမှာပေါ့နော် ဗမာ လူမျိုးစုသည်လည်း ကြားထဲမှာပါခဲ့တယ် ဆိုတာကို သက်သေ သက်ကာရပြုဖို့ပေါ့။

မေး – တပ်တော်ကို စစ်ကြောင်းအလိုက်၊ တပ်ခွဲ၊ တပ်ရင်းအလိုက် ရာထူးရာခံအပါအဝင် ဘယ်လိုဖွဲ့စည်းထားပါသလဲ။ ပြီးတော့ ဘယ်လိုပုံစံ ရွေးချယ်စုဆောင်း တည်ဆောက်လာခဲ့ပါသလဲ။

ဖြေ – ကျနော်တို့ တပ်ကို စပြီး တည်ထောင်တုန်းကတော့ လူအယောက် ၃၀ လောက်နဲ့ပဲ သင်တန်းစနိုင်ခဲ့တာပေါ့။ ဒီဟာကို စစဉ်းစားတုန်းကလည်း ၁၇ ယောက်နဲ့ စစဉ်းစားတယ်။ အယောက် ၃၀ နဲ့ ပထမ သင်တန်းကို စနိုင်ခဲ့တယ်။ အဲ့ကနေ သင်တန်း ဆင်းပြီးတော့မှ ဒုတိယအကြိမ် သင်တန်းဆက်လုပ်တယ်။ အခု တတိယအကြိမ် သင်တန်း ဆင်းသွား တယ်ပေါ့။ အဲ့လိုပုံစံမျိုးနဲ့ လုပ်တယ်။ သင်တန်း ဆင်းသွားတဲ့ အခါမှာ ကျနော်တို့ လက်ရှိမှာတော့ စီနီယာ ဂျူနီယာနဲ့ အုပ်ချုပ်တာပေါ့။ အပတ်စဉ် ၁ ကနေ အပတ်စဉ် ၃ အထိပေါ့ အဲ့လို ဆင့်ကဲ အုပ်ချုပ်မှု နဲ့သွားတယ်။ ဒါပေမဲ့ ကျနော်တို့ တပ်ထဲမှာတော့ အဲ့လို သတ်မှတ်ချက်တော့ မရှိသေးဘူး။ တာဝန်ကိုပဲ အဓိကပေးတယ်။ ဥပမာ ကျနော်တို့ တပ်မှာဆိုရင် ကျနော်က တာဝန်ခံဖြစ်တယ်။ တပ်စခန်းထဲမှာ အကြီးအကဲဖြစ်တဲ့အတွက် စခန်းမှူးဖြစ်တယ်။ အဲ့ အောက်မှာ ဒုစခန်းမှူးရှိမယ်။ပြီးတော့ ဌာနအလိုက် ဌာနမှူးတွေရှိမယ်။ ပြီးရင် သူ့ရဲ့ ဌာနမှာလည်း ဌာနခွဲအလိုက် ဆက်ထားတာမျိုးရှိတယ်။ ဆိုလိုချင်တာက ကျနော်တို့ နာမည် တပ်တော့ မခေါ်ဘူး ရှေ့မှာ ရာထူးလည်း မတပ်ထား သေးတဲ့အတွက် တာဝန်ကို တပ်ခေါ်တယ်။ ဌာနမှူးဆို ဌာနမှူး ဒုဌာနမှူးဆို ဒု ဌာနမှူး ရိက္ခာမှူးဆိုလည်း ရိက္ခာမှူးပေါ့။ နောက်ဆုံးပိတ် နောက်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဲ့လို ပုံစံမျိုးနဲ့ပဲ တာဝန်ကိုပဲ အဓိကပေးထားတယ်။ အဲ့လို အခြေအနေပေါ်မူတည်ပြီးတော့ တကယ်ကိုပဲ ခံယူမှုကောင်းတယ်။ စစ်သားပီသတယ်၊ တိုက်ခိုက်ရေး စွမ်းရည် မှာကော အုပ်ချုပ်ပိုင်း စွမ်းရည်မှာကော ကောင်းမွန်တယ်ဆိုရင် သူတို့ကို နောက်ပိုင်း ရာထူးတွေ တပ်တဲ့အခါကျရင် အဲ့လိုလူမျိုးတွေကို ဦးစားပေးပြီး ရာထူးပေးသွားဖို့ ရှိပါတယ်။

မေး – ကိုယ့်အဖွဲ့အနေနဲ့ စစ်သင်တန်းတွေ ဘယ်နှစ်ကြိမ်လုပ်ခဲ့ပြီး စစ်သည်ဘယ်လောက် မွေးထုတ်ထားပြီလဲ ပြောလို့ရရင်ပေါ့။ အဲဒီအထဲမှာ အမျိုးသမီးစစ်သည်က ဘယ်လောက်ရာခိုင်နှုန်း ရှိသလဲ။

ဖြေ – ကျနော်တို့ လက်ရှိအချိန်မှာတော့ သင်တန်း ဟိုတစ်နေ့ကပဲ အပတ်စဉ် ၃ သင်တန်းကို ဆင်းနိုင်ခဲ့ပြီးဖြစ်တယ်။ အဲ့ထဲမှာတော့ ကျနော်တို့ အမျိုးသမီး စစ်သည်က ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားထဲမှာ ပုံမှန် ပါလေ့ရှိ တယ်။ ဒါကတော့ သူတို့ရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်တယ်။ ပြီးတော့ နောက်တစ်ခုက ကျနော်တို့ တပ်မှာ အမျိုးသမီး စစ်မေတွေ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာလည်း ပါဝင်တယ်။ သူတို့ကိုယ်တိုင်လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အခြေအနေ တွေ အများကြီးရှိတယ်။ ပြီးတော့ ကျနော်တို့ တပ်မှာရှိတဲ့ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်အထိ အမျိုးသမီးတွေမှာ ဖြစ်ဖို့အတွက် အခွင့်အလမ်းရှိတယ်ဆိုတာကို သတ်မှတ်ထားပြီးသားပေါ့။ အထူးသဖြင့် အမျိုးသမီး လို့ ပြောတဲ့ အခါမှာ များသောအားဖြင့် စစ်တပ်ဆိုတာက သမိုင်းတစ်လျှောက်လုံးသည့် များသောအားဖြင့် အမျိုးသားတွေကပဲ ဦးဆောင်ကြ တိုက်ကြတာဆိုတဲ့ အစဉ်အလာ ရှိခဲ့တာကို။ အစဉ်အလာရှိတဲ့အခါမှာ ကိုယ့်ရဲ့ ရဲဘော်တွေက စစ်မေ အုပ်ချုပ်တယ်ဆိုရင် နည်းနည်း သိပ်အဆင်မပြေတာတွေလည်းရှိတယ်။ ဒါပေမဲ့ အဓိက ကတော့ သဘောထား ရေးရာ ကြေညှပ်အောင် ကျနော်တို့ ကြိုးစားတယ်။ သဘောထားရေးရာကြေညှပ်မှ နိုင်ငံရေးအရ ကြေညှပ်မှပဲ စစ်သားဟာ ပိုပြီး ခံယူမှုကောင်းတယ်။ ရေရှည်ခံတာပေါ့။ အဲ့လို လုပ်ထားတဲ့အတွက် တချို့ဟာတွေ အခက်အခဲတွေ ရှိကောင်း ရှိမယ်။ အဲ့ဒါတွေ ကျနော်တို့ ကျော်လွှားနိုင်တယ်။ အခု ကျနော်တို့ တပ်တွင်းမှာ အုပ်ချုပ်မှုပိုင်းတွေ အမျိုးသမီးတွေ အများကြီး ဦးဆောင်တာကို နောက်ကျရင် ပိုပြီးတော့ မြင်လာလိမ့်မယ်။

မေး – EAO တွေမှာ စစ်ရေးအပြင် နိုင်ငံရေးအရ ဖွဲ့စည်းထားတာမျိုးရှိတယ်လေနော်။ အဲဒီလိုမျိုး BPLA မှာကော နိုင်ငံရေးလက်ရုံး (Political wing) ကို ဘယ်လိုတည်ဆောက်ထားပါသလဲ။

ဖြေ – ကျနော်တို့က စစ်ရေး wing ကို အဓိက တည်ဆောက်မယ်လို့ စဉ်းစားထားတယ်။ နိုင်ငံရေးလက်ရုံးကို အရင်တည် ဆောက်လိုက်ရင် စစ်တပ်က ရှေ့ကို မရောက်ဘဲ များသောအားဖြင့် အငြင်းအခုံ တွေ ပိုများတယ်။ ကျနော်တို့ ဗမာ တွေက များသောအားဖြင့် တစ်ခုခု အောင်မြင်တော့မယ်ဆိုရင် ခြေထိုးခံချင်ကြတယ်။ မနာလို ဝန်တိုစိတ်ရှိတယ်။ အဲ့လိုပုံစံတွေအပြင် နှစ်ဖွဲ့ရှိရင် သုံးဖွဲ့ ကွဲနေတာပေါ့။ ၂ယောက်ရှိရင် ၃ဖွဲ့ခွဲတယ်။ အဲ့လို အကျင့်စရိုက်တွေ ရှိတယ်။ အဲ့တော့ ကျနော်တို့က နိုင်ငံရေး ကိစ္စတွေပဲ အရင်လုပ်လိုက်မယ်ဆိုရင် အဆင်မပြေဘူး။ အဲ့တော့ စစ်တပ်ကို ခိုင်မာ အောင် တည်ဆောက်ပြီးတော့မှ နောက်မှ ပညာရှင်တွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး နဲ့ပတ်သက်ရင် သမိုင်း အစဉ်အလာတစ်လျှောက်လုံးမှာ အမှားအယွင်းနည်းခဲ့ကြသူတွေ ရပ်တည်ချက် မှန်ခဲ့တဲ့ သူတွေ ပညာရှင်တွေ ကောင်းမွန်တဲ့သူတွေ အများကြီးရှိပါတယ်။ အဲ့လိုလူတွေကို ကျနော်တို့ ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ ဖိတ်ခေါ်ပြီး တော့ ကျနော်တို့တွေ အနေနဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့လိုဟာမျိုး နိုင်ငံရေးလက်ရုံးကို အချိန်ကာလ တစ်ခုမှာ စီစဉ်သွားဖို့ ရှိပါတယ်။ အခုချိန်မှာတော့ ကျနော်တို့ဟာ ကျနော်တို့နဲ့ နဂိုကတည်းက ကျနော်တို့ကို ဖေးမ ဝန်းရံခဲ့ကြသူတွေ နဲ့ ပုံမှန် အဆက်အသွယ် လုပ်ကြပြီးတော့ သူတို့ဆီက အကြံအဉာဏ်တွေယူတာ သူတို့ဆီက အကြံပေးချက်တွေ အကြံ ပြုချက်တွေ ဒါတွေပေါ်မှာ လုပ်ပြီးတော့ သွားပါတယ်။ အခုအချိန်မှာ နိုင်ငံရေး လက်ရုံးကို မစဉ်းစားထားရသေးဘူး။ တပ်မှာတော့ ကျနော်တို့ပဲ အဓိက ဦးဆောင်တယ်။ ကျနော်တပ်မှာဆိုရင် ကွပ်ကဲမှုရုံးကနေ နိုင်ငံရေး လက်ရုံးကို လေ့ကျင့်ပြင်ဆင်နေတဲ့ အပိုင်းတွေ လည်း အများကြီးရှိပါတယ်။

မေး – စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးမှာ လူထုကာကွယ်ရေး၊ ရပ်ရွာကာကွယ်ရေးအတွက် ဖွဲ့စည်းခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ BPLA ကွာခြားချက်ကိုပြောရင် ဘာဖြစ်မလဲ။

ဖြေ – PDF ဆိုတာက NUG လက်အောက်ခံ တပ်တွေပေါ့။ NUG လက်အောက်မဟုတ်တဲ့ PDF တွေလည်း အများကြီးရှိ ပါတယ်။ ကျနော်တို့ BPLA ကတော့ စထောင်ကတည်းက NUG လက်အောက်ခံ မဟုတ်ဘူး ဆိုတာကိုလည်း တရားဝင်ပြောထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တပ်ကို လာပြီး လျှောက်ထားတဲ့ သူတွေက NUG တပ်လို့ ယူဆပြီးတော့မှ လာရောက်လျှောက်ထားပြီးမှ ဒီကို ရောက်လာကျမှ ဒါ ငါတို့ NUG တပ်မဟုတ်ဘဲနဲ့ တခြား တပ်ဖြစ်နေပါလား ဆိုပြီးတော့ လွဲမှားမှုမျိုးမဖြစ်အောင် ကျနော် တရားဝင် စောစောစီးစီးကတည်းက ရှင်းရှင်းလင်း လင်း ပြောခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူတို့နဲ့ ကျနော်တို့နဲ့ ခွဲထုတ်လိုက်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ မူဝါဒ သဘောတရားတချို့ ကွဲလွဲတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ တူညီတဲ့ ပန်းတိုင်ကတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုတဲ့ ပန်းတိုင်ကတော့ အတူတူပဲဖြစ်တယ်။ ကျနော်တို့ အဲ့လို ပုံစံအတိုင်းသွား မယ်။ ကျနော်တို့ BPLA အနေနဲ့ကတော့ တော်လှန်ရေးပြီးသွားတဲ့ အခါကျရင်တော့ ပြီးသွားရင် ပေါ်လာမဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံအောက်မှာ ပေါ်လာမဲ့ ဖက်ဒရယ် အစိုးရရဲ့အောက်မှာ သူတာဝန်ပေးတဲ့ နေရာမှာ တာဝန်ထမ်းဆောင်မယ်။ ကျနော်တို့ အဲ့လိုပဲပြင်ဆင်ထားပါတယ်။ ကျနော်တို့ အနေနဲ့ တော်လှန်ရေးပြီးရင် ဘယ်နေရာလိုချင်တယ် ဘယ်တာဝန် လိုချင်တယ်ဆိုတာမျိုးကို ပထမ ကာလတွေမှာ ယူဆပြီး ပြောဆိုခဲ့တာတွေ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ တပ်တစ်ခုဟာ ပြည်သူလူထုရဲ့ ရွေးကောက်ခံ အစိုးရ တစ်ရပ်ရဲ့ လက်အောက်ခံ ကွပ်ကဲမှု အောက်မှာပဲ ရှိရမှာ ဖြစ်ပါတယ်။ ကျိန်းသေတာကတော့ သူတို့ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

မေး – အခုဆိုရင် နွေဦးတော်လှန်ရေးက တနှစ်ကျော်သွားပြီမို့ တိုက်ပွဲပေါင်း ဘယ်လောက်ရင်ဆိုင်ခဲ့ရပြီး အောင်မြင်မှု၊ ဆုံးရှုံးမှုတွေ ဘာများဖြစ်ရှိခဲ့သလဲ။ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေက ဘာတွေဖြစ်ပါသလဲ။

ဖြေ – ၂၀၂၁ခုနှစ် ဒီဇင်ဘာလကစပြီးတော့ ရှေ့တန်းစပြီး ထွက်နိုင်ခဲ့တာပေါ့။ အဲ့လို စထွက်နိုင်တဲ့ အခြေအနေမှာ တိုက်ထမ်း တဲ့ အခြေအနေကိုပဲ အလုပ်လုပ်ရတာပေါ့။ မိုင်းထမ်းလိုက် မိုင်းဆင်လိုက် အဲ့အလုပ်ပေါ်မှာတော့ ကျနော်တို့ အချိန် ကုန်ခဲ့ရတာတွေရှိတယ်။ သေနတ်လွယ်ထားပေမဲ့ မပစ်ရတဲ့ဟာတွေလည်း ရှိတယ်။ အဲ့ချိန်ကတည်းက စထွက်တယ်။ အဲ့ချိန်မှာတော့ တိုက်ပွဲတွေ စပြီး မနွဲရသေးဘူး။ အဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းဝပ်တာတို့ ကင်းထောက်တာတို့ မိုင်းဆင်တာတို့ အဲ့ဒီ ဟာတွေကို အဓိက လုပ်ရတယ်။ တဖြည်းဖြည်းချင်းမှာကျနော်တို့ တိုက်ပွဲတွေ စဖော်လာနိုင် တယ်။ တကယ့်တိုက်ပွဲကြီးကတော့ ကျနော်တို့ကြားဖြတ်တိုက်ပွဲ ၃ပွဲလောက် ဆင်နွဲနိုင်ခဲ့တယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ညှပ်စခန်းကို သိမ်းတဲ့ စခန်းသိမ်းတိုက်ပွဲကြီးတစ်ခုရှိတာပေါ့။ ဒါကတော့ KNLA ရဲ့ ဦးအောင်မှု အမိန့်ပေး ကွပ်ကဲမှုကနေ ကျနော်တို့တတွေက တိုက်တာဖြစ်တယ်။ အဲ့လိုတိုက်ပြီးတော့ သူတို့နဲ့ အတူတူ သူတို့ရဲ့ သင်ပေးတဲ့ စစ်ပညာနဲ့ သူတို့နဲ့ တိုက်ပွဲ အတွေ့အကြုံကို ယူခဲ့တာဖြစ်တယ်။ ပြီးတော့အဲ့ဖက်တခြမ်းတင်မ ဟုတ်ဘူး။ တပ်မဟာ(၅) ဂွင်က အကျယ်ကြီးပါ။ အဲ့ ဂွင်ပတ်ပတ်လည်မှာလည်း ကျနော်တို့တပ်ဖွဲ့တွေ အများကြီး ဖြန့်ထုတ်ပြီးတော့ တိုက်ပွဲငယ်တွေ ကျနော်တို့ သွားပြီးတော့ ခြုံခိုတိုက်တာတွေ သူတို့ တပ်စခန်းတွေ သွားပစ်တာ တွေ အများကြီးရှိခဲ့တယ်။ တိုက်ပွဲပေါင်းကတော့ မရေတွက်နိုင်အောင်တော့ရှိခဲ့တယ်။ ကျနော်တို့ဘက်က သုတ်သင် နိုင်ခဲ့တဲ့ ရန်သူတွေလည်း အများကြီးရှိခဲ့တာပေါ့။ ထုတ်ပြောလို့မရခဲ့တာတွေလည်း ရှိတာပေါ့။

မေး – BPLA ကို စဖွဲ့စည်းကတည်းကနေ အခုချိန်အထိ အခြားသော လက်နက်ကိုင်အင်အားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေများရှိရင် မျှဝေပေးပါလား။

ဖြေ – အခုမှာဆိုရင် ကျနော်တို့ အတူတူတိုက်ရတာက KNLA ရှိတယ်။ အခြားသော နာမည်ဖော်ပြလို့မရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိတယ်။ ပြီးရင် ကျောင်းသား တပ်မတော်လိုဟာမျိုးလည်း ရှိတယ်။ ဒီဘက်မှာဆိုရင် NUG လက်အောက်ခံ PDF တွေလည်း ပါသလို NUG လက်အောက်ခံ မဟုတ်တဲ့ PDF တွေလည်း ကျနော်တို့နဲ့အတူ တိုက်နေတာတွေလည်း အများကြီးရှိတယ်။ တကယ့်ရှေ့တန်းတိုက်ပွဲ မှာကတော့ ခေါင်းစဉ်သာ မတူတာ။ ကျနော်တို့ ဘုံရန်သူတော့တူတယ်။ အားလုံးက ရှင်းရှင်းလင်းလင်းပဲ။ အဲ့ဒါကိုပဲ ခိုင်ခိုင်မာမာပေါ့။ ကိုယ့် တိုက်စရာရှိတဲ့သူ ကိုယ်ရှင်းစရာရှိတဲ့ဟာကို ပြတ်ပြတ်သားသားလုပ်တယ်။ အမိန့်တစ်ခုတည်းအောက်မှာ ပူးပေါင်း ဆောင်ရွက်မှုကောင်းကောင်း ဖန်တီးတာတွေ အများကြီးရှိတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက် ပိုပြီးတော့ မဟာမိတ်တွေ ပေါင်းစုံနဲ့ တိုက်ပွဲဝင်နိုင်မှာဖြစ်တယ်။

မေး – တိုက်ပွဲဝင် စစ်သည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ကိုယ်ခန္ဓာပိုင်း ကြံ့ခိုင်မှုတွေကို ဘယ်လိုဖြည့်စွမ်းဆောင်ရွက်ပေးသွားပါသလဲ။

ဖြေ – ကျနော်တို့ တကယ့်တကယ် ရှေ့တန်းကို ထွက်တဲ့ အချိန်မှာ ရှေ့တန်းမှာ ဘာလိုအပ်လဲဆိုတာကိုတော့ သိပ်မသိဘူး။ ကျနော်တို့ လေ့ကျင့်ရေး သင်တန်းမှာ သင်ပေးလိုက်တဲ့အတိုင်း ပစ္စည်းပစ္စရတွေအကုန်တော့ ထည့်ပေးလိုက်တာပဲ။ တကယ့်ရှေ့တန်းမှာတော့ အဲ့ထက်ပိုတဲ့ ပစ္စည်းတွေလည်း လိုသလို တချို့ဟာတွေက မလိုဘူး။ မလိုဘဲနဲ့ ထည့်သွားရ တဲ့ ဟာတွေလည်းရှိတယ်။ အဲ့ဒါတွေကို ပထမတကြိမ်မှာ ကျနော်တို့က နားလည်လိုက်ပြီး ဒုတိယ တစ်ခေါက်သွား လိုက်တဲ့အချိန်မှာ ရှေ့တန်းမှာ တကယ်လိုအပ်တဲ့ဟာကဘာလဲဆိုတာတွေကို အကုန်ခွဲခြားပြီးတော့ တခါတည်း ပြင်ဆင် ပေးလိုက်နိုင်တယ်။ ဒါကတော့ ရာသီဥတုနဲ့လည်းဆိုင်တယ်။ကိုယ့်က နွေရာသီမှာ တိုက်ရမှာလား ဆောင်းရာသီမှာတိုက်ရမှာလား မိုးရာသီမှာတိုက်ရမှာလား အပေါ်မှာမူတည်ပြီးတော့ ရှေ့တန်း လိုအပ်ချက်ကတော့ ရာသီ အလိုက် မတူတာတော့ရှိတာပေါ့။ အဲ့လို အခြေအနေမျိုးမှာ ကျနော်တို့က သေချာ ပြင်ဆင်ပြီးတော့ လုပ်ပေးတယ်။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး တော်လှန်ရေးကတော့ အမြဲတမ်း လိုအပ်ချက်တွေ ရှိစမြဲပဲ။ ဒါပေမဲ့ တော်လှန်ရေး စစ်သားဖြစ်တဲ့အတွက် ဒီလိုအပ်ချက်တွေကိုညည်းညူနေလို့လည်းမရဘူး။ ကိုယ့်မှာ ရှိတာနဲ့ ဖြစ်အောင် လုပ်ဖို့ပဲ ဆုံးဖြတ်ထားရတာပေါ့။ ရှင်းရှင်းပဲ ပြောရရင် ဒီတော်လှန်ရေးအတွက် အသက်တွေတောင် ပေးခဲ့ပြီး မိသားစုတွေကိုပါ စတေးခဲ့ပြီးဆိုတဲ့ အယူအဆအဲ့လိုအတွေးအခေါ် ရှိလာပြီးမှတော့ ဟိုဟာလေး လိုတယ် ဒီဟာလေး လိုတယ် ဟိုဟာမရှိရင် မလုပ်နိုင်ဘူး ဒီဟာလေးမရှိရင် မလုပ်နိုင်ဘူးဆိုတာကတော့ တော်လှန်ရေး သန္ဓေမမှန်ဘူးလို့ပဲ သတ်မှတ်တယ်။ တော်လှန်ရေး သန္ဓေမှန်တဲ့သူ တော်လှန်ရေး စိတ်ဓါတ်ခိုင်မာတဲ့သူက ဘယ်လိုမျိုး အခက်အခဲ အတားအဆီးပဲ ရှိနေပါစေ အဲ့ဒါဟာတွေကို ဖြိုဖျက်ပြီး သွားမှာပဲ။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုယ့်ရည်မှန်းချက် ရောက်အောင်သွားမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲ့အတိုင်းပဲ သွားမှာဖြစ်ပါတယ်။

မေး – အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်ထားတာရှိတယ်။ ဒီအပေါ်မှာကော သုံးသပ်ချက်၊ သဘောထားမှတ်ချက်လေးပေးပါဆိုရင် ဘာပြောချင်လဲပေါ့။

ဖြေ – ကျနော်ထင်တယ် ဒါဟာ စစ်ကောင်စီက ထွက်ပေါက်ရှာတယ်လို့တော့ မြင်တယ်။ အသက်ရှုပေါက်လေးပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ ဘေးကြပ်နံကြပ်ဖြစ်နေတာကို။ ကျန်းသေတာကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးနဲ့ သူ စစ်မျက်နှာ ဖွင့်လို့မရဘူး။ စစ်မျက်နှာဖွင့်ရင် သူပဲ ကျိုးမှာပေါ့။ အဲ့ဒီအခါကျတော့ သူက ဒီဘက်မှာ အချိုသတ်ပြီးတော့ တဖက်မှာကျတော့ ဖိနှိပ်မယ်။ဖြိုခွင်းမယ်။ အပြတ်ရှင်းမယ်ပေါ့။ အဲ့လို စဉ်းစား ချက်လို့တော့ ကျနော်တို့မြင်ပါတယ်။ ဒီလို ပုံစံက လွန်ခဲ့တဲ့ နှစ်တွေမှာ ရခိုင့်တပ်တော်ကိုလည်း လုပ်ခဲ့ပြီးပြီးပေါ့။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတောင်မှ တက်ခွင့်မပေးတာ။ အဲ့လို ပုံစံလို့ပဲ ကျနော်ကတော့ မြင်တယ်။ အဲ့လို ဖိနှိပ်မှုတွေ ပိုပြီး များလေလေ အဲ့လို ဖယ်ထုတ်မှုတွေ ပိုပြီး များလေလေ အဲ့လို လက်နက်ကိုင်တပ်တွေ ပိုပြီး ကြီးထွားအောင် မြင်လာလေလေပဲ။ အဲ့ဒါကို သူတို့ နားမလည်လို့ဖြစ်လိမ့်မယ်။ ကျိန်းသေတာကတော့ သူတို့ ဖိနှိပ်လေလေ လူထုက ပိုပြီးတော့ ရုန်းကြွလေလေ။ ဒီတော်လှန်ရေးအတွက် မထူးဇာတ်ခင်းလေလေပေါ့။ သူတို့ ဒီလိုလုပ်လေလေ ကျနော့် အမြင်ကတော့ သူတို့ ပြုတ်ကျဖို့ ပိုပြီး အချိန်မြန်မြန် ပြီးလေလေလို့တော့ ကျနော်ကတော့ မြင်တယ်။ ကျနော်ကတော့ သူတို့ဘာလုပ်လုပ် သိပ်စိတ်မပူဘူး။ ကျနော်တို့ လက်တွဲရတဲ့ မဟာမိတ်တွေက ကျနော်တို့အပေါ်မှာ တော့ သစ္စာဖောက်မှာမဟုတ်ဘူး။ အထူးသဖြင့် သူတို့ရဲ့ မူလ နိုင်ငံရေးရည်မှန်းချက်တွေဖြစ်တဲ့ သူတို့ ကိုယ်စီမှာ ရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်အပေါ်မှာတော့ သစ္စာဖောက်မှာမဟုတ်ဘူးလို့တော့ ကျနော်တို့ကတော့ အပြည့်အဝ ယုံကြည် ပါတယ်။

မေး – လက်ရှိ တိုင်းပြည်မှာ ကြုံတွေ့ရတဲ့ပြဿနာကို လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အစုအဖွဲ့တွေ၊ NUCC, NUG တွေနဲ့ ပြည်သူလူထုတွေပါ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းရင် အကောင်းဆုံးအဖြေကို ရရှိမယ်လို့ ယူဆမိပါသလဲ။

ဖြေ – အကုန်လုံးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ကြတာပဲ။ ကောင်းတယ်အဲ့ဒါက။ ဘာဖြစ်လဲဆိုတော့ ဆွေးနွေးရင် လည်း ဒီအချိုးပဲ ပြန်လာမှာပဲ။ ဆွေးနွေးပွဲ သွားရင်တောင်မှပဲ ကိုယ့်ဘက်က အားသာမှ ဖြစ်သင့်တာပေါ့။ အပေါ်စီး က ဖြစ်တဲ့ အခါကျမှ စစ်ရေးအရ ဦးချိုးပြီးမှပဲ ဖြစ်သင့်တယ်။ အခုဟာက သူမသာ ကိုယ်မသာ အခြေအနေ မျိုးမှာ ဆွေးနွေးတယ်ဆိုတာက ကိုယ်လိုချင်တဲ့ဟာလည်း ရမှာမဟုတ်ဘူး။ ဆွေးနွေးပွဲလို့ ဒီလိုအချိန်မှာ အသံထုတ်တာက ကျနော်တို့ကြားမှာ ပိုပြီးတေ့ာ သွေးကွဲစေတယ်။ တကယ်လို့ တခြားသော ယခင်ကတည်းက ရှိပြီးသား လက်နက်ကိုင် တပ်ဖွဲ့တွေ သူတို့တတွေက ဆွေးနွေးပွဲအတွက် သူတို့ စဉ်းစားကြတယ်ဆိုရင်လည်း ကျနော်တို့ ဒီ နွေဦး ကာလမှာမှ ပေါ်လာတဲ့ တပ်တွေ အဲ့လို လူတွေကို အပြစ်မတင်ဖို့လည်း မေတ္တာရပ်ခံချင်တယ်။ ဒါတွေက လက်နက် ကိုင် တော်လှန်ရေးဆိုတာက အရမ်းကို ရှုပ်ထွေးပါတယ်။ ကျနော်တို့ အွန်လိုင်းပေါ်ကနေ ရှု့မြင်နေကြရတာထက် ရေးထားတဲ့ စာအုပ်တွေထဲမှာထက် ပိုပြီးတော့မှ နက်ရှိုင်းတယ်။ တချို့ဟာမျိုးတွေမှာ လွန်ကျူးပြီးတော့ ပြောဆိုတာ မျိုးတွေ ပုတ်ခတ်တာပဲဖြစ်ဖြစ် ချီးမွမ်းတာပဲဖြစ်ဖြစ် ဒါတွေကို အစောတလျင် မလုပ်မိဖို့ ကျနော်တို့က မေတ္တာရပ် ခံချင်တယ်။ ကျနော်တို့ကြားထဲမှာ သွေးစည်းညီညွတ်မှုကို ပျက်ပြားစေပြီးတော့ တော်လှန်ရေးကို ပိုပြီးတော့ ယုတ်လျှော့စေတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကျနော်တို့တတွေ တစ်ယောက်နဲ့ တစ်ယောက် ညီညီ ညွတ်ညွတ် နေကြမယ်ဆိုရင် ဒီစစ်ကောင်စီက မြန်မြန် ပြိုလဲသွားမှာပဲ။ တွေးရမှာကတော့ စစ်ကောင်စီ မြန်မြန် ပြိုလဲ သွားအောင် ကျနော်တို့ အတူတူရုန်းကန်ဖို့လိုတယ်။ အဲ့လို ရုန်းကန်တဲ့ နေရာမှာလည်း တဖွဲ့နဲ့ တဖွဲ့ကြားမှာရှိတဲ့ လိုအပ်ချက်တွေ အပြန်အလှန် လေးစားသမှုနဲ့ ထောက်ပြန်ဝေဖန်တာ ငြင်းခုံတာတွေလည်း ရှိရမှာဖြစ်ပါတယ်။ အဲ့လို မရှိလို့လည်း မရဘူး။ အဲ့လို ရှိတာက ပြဿနာမဟုတ်ဘူး။ ပြဿနာတစ်ခုလို့ မမြင်ဘူးဆိုရင် ဒါ တော်လှန်ရေးက တော်တော်အလားအလာကောင်းတယ်လို့ ပြောလို့ရပါတယ်။

မေး – တိုင်းပြည် တနံတလျားမှာရှိနေကြတဲ့ တိုင်းရင်းသားပြည်သူလူထုကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်အနေနဲ့ ကေအိုင်စီကနေ ဘယ်လိုသတင်းစကားများ ပါးချင်ပါသလဲ။

ဖြေ – ကျနော်တို့ BPLA ကလည်း ဒီနွေဦးတော်လှန်ရေး ကာလမှာမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ် တယ်။ ဒီကာလမှာမှ ကျနော်တို့ အတူ အပြိုင်ပေါ်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးသည် ကျနော်တို့ နဲ့ လက်တွဲပြီးတော့ မဟာမိတ်ပြုလုပ်ပြီး စစ်ကောင်စီကို ဖြိုချချင်တယ်၊ အမြစ်ဖြတ်ချင်တယ်။ ကျနော်တို့ ရည်မှန်းချက်က အဲ့ဒါပဲ။ အဲ့ထက်ရိုးရှင်းတာ ဘာမှ မရှိတော့ဘူး။ တကယ်လို့ ဒီစစ်ကောင်စီ ပြုတ်ကျသွားလို့ ကျနော်တို့ တပ်တွေသည် အဲ့ကာလမှာမှ ပေါ်လာတဲ့ တိုင်းရင်းသား ပြည်သူလူထု အားလုံးပါဝင်သော သူတို့ ဆန္ဒနဲ့ ရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အောက်ကနေပြီးတော့ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိမဲ့ အစိုးရ ရဲ့ လက်အောက်မှာ ကျနော်တို့ စစ်မှုထမ်းသွားမှာဖြစ်တယ်။ အဲ့ဒါက ကျနော်တို့တင် မဟုတ်ဘူး တခြားသော PDF တွေနဲ့အတူတူပေါ့။ တစ်ဖွဲ့ထဲကပဲ အဲ့အစိုးရအောက်မှာ စစ်မှုထမ်းမယ်လို့ ကျနော်တို့ ဆိုလိုချင်တာ မဟုတ်ဘူး။ အခု အခြေအနေမျိုးမှာ နွေဦးတော်လှန်ရေးမှာ ကျနော်တို့ အပါအဝင် တခြားသော PDF တွေ NUG အောက်က မဟုတ်တဲ့ PDF တွေအနေနဲ့ စစ်မှု ဆက်ထမ်းချင်တယ်ဆိုရင် အဲ့ဒီ အခွင့်အရေးကို စဉ်းစားရမှာဖြစ်ပါ တယ်။ တကယ်လို့သာ စစ်မှု မထမ်းချင်ဘူးဆိုလည်း ပြဿနာမရှိဘူး။ တကယ်လို့ စစ်မှုထမ်းချင်တယ်ဆိုရင် စစ်သား အနေနဲ့ သူတို့ ရုန်းကန်ခဲ့ပြီးပြီး စစ်သားဘဝအနေနဲ့ ဆက်နေမယ်ဆိုရင် သူတို့ အတွက်လည်း စဉ်းစားချက်တစ်ခု ဖြစ်ရမှာဖြစ်တယ်။ ကျနော်တို့ တပ်က ရှင်းရှင်းလေးပဲ။ အခု ကျနော်တို့ ရှိနေခြင်းဟာ ကျနော်တို့ နေရာယူဖို့ အာဏာ ယူဖို့ လုံးဝမဟုတ်ဘူး။ စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ရေး ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တယ်။ ဒီအချိန်မှာ ညီညွတ်ချင်တယ်။ ဘယ်သူနဲ့မှ အငြင်းအခုံမဖြစ်ချင်ဘူး။ ကျနော်တို့ကြားမှာ မညီညွတ်မှုဟာ ရန်သူကို ပိုပြီး အားသာ စေတယ်။ ပိုပြီးတော့ ဝမ်းသာစေတယ်။ ကျနော်တို့ မလုပ်တာကောင်းတယ်။ ကျနော်တို့ကြားမှာ ညီညွတ်ကြဖို့ လူတွေ ယုန်ထင် ကြောင်ထင်ပြောတဲ့ဟာတွေ သပ်လျှိုတဲ့ဟာတွေ အများကြီး သတိထားရမယ်။ ကျနော်တို့ အဲ့လို ပုံစံတွေနဲ့ ကွဲကြ ပြဲကြပြီးတော့ တော်လှန်ရေး ကျရှုံးသွားတဲ့ သမိုင်းအစဉ်အလာတွေ အများကြီးရှိတယ်။ ဒါတွေကို သတိထားပြီးတော့ ကိုင်တွယ်ရမယ်။ သတိကြီးကြီး ထားပြီးတော့ ရှေ့ဆက်ရမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က တော့ ဒီအာဏာရှင်စနစ်လုံးဝ ကျရှုံးသွားပြီးတော့ ဗမာ အပါအဝင် ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေကော တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ လိုအပ်တယ်။ အဲ့ဒီဟာအတွက်ပဲ ကျနော်တို့ ဦးတည်ပါတယ်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here