ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီး

0
184

၂၅ မေ ၂၀၂၂

ချင်းပြည်နယ် ဟားခါးမြို့တွင် ပညာရေးဌာနနှင့် အခွန်ဦးစီးဌာနက ဦးစီးအရာရှိအဆင့်ရှိသည် ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဟားခါးမြို့ ပြည်နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဖြစ်သူ ဒေါ်ဝုန်းဟွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော်တို့ ၂ ဦးကို CDF တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ယမန်နေ့နံနက်ပိုင်း ၁၁ နာရီခန့်က ရုံးတက်နေစဉ်မှာ အဖမ်းခံခဲ့ရသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

“CDF တွေကို အားပေးထောက်ခံလို့ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန် သတင်းတွေလွှင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံရတာလို့သိရတယ်၊ မနေ့ကနံနက်ပိုင်း ၁၁ နာရီလောက်မှာ သူတို့ရုံးခန်းမှာသွားဖမ်းတာ” ဟု ဟားခါးမြို့ဒေသခံကပြောသည်။

၎င်းတို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရပဲ မိသားစုဝင်များနှင့်လည်း ယခုချိန်ထိအဆက်အသွယ်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ဖလမ်းမြို့က CDM ပြုလုပ်ထားသော ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်ထိန်းသိမ်းကာ ခံဝန်ကတိဖြင့်ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဝန်ထမ်းအများစုသည် CDM ပြုလုပ်ခဲ့ကြရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် CDM ပြုလုပ်မှု အားအကောင်းဆုံး ပြည်နယ်ဖြစ်သည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here