“ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ဆိုတာ ဗမာပြည်ဆိုပြီး တိတိကျကျ ခိုင်ခိုင်မာ သတ်မှတ်နိုင်ဖို့လိုတယ်၊ ဒါကြောင့် နွေဦးတော်လှန်ရေးနဲ့အတူ ဗမာပြည်ဖွဲ့စည်းရေးကို အခုကတည်းက လက်ခံဖို့၊ ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ယုံကြည်ဖို့လိုမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ပဒိုမန်းမန်း (ပြောခွင့်ရ၊ KNU တပ်မဟာ – ၅)

0
88

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းခြင်း

၃၀ ဇွန် ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။ စစ်ရှောင်ပြည်သူတွေကရော ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရသလဲ။ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လာတဲ့အပေါ် KNU က ဘယ်လိုတုံ့ပြန်လိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ (၅) ပြောခွင့်ရ ပဒိုမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံးအနေနဲ့ ဖာပွန်ခရိုင်ထဲမှာ နှစ်ဖက် စစ်ရေးအခြေအနေ ဘယ်လိုတွေဆက်ရှိနေလဲ။ စစ်ကောင်စီဘက်က ကျေးရွာတွေထဲက လက်နက်ကြီး ပစ်ခတ်မှုအပေါ် ဘာပြောချင်လဲ။

ဖြေ။ သိပ်ထူးခြားချက် မရှိပါဘူး၊ ပုံမှန်အနေအထားလို့ပဲ ပြောရမှာပေါ့၊ ဒီတိုက်ပွဲတွေက ကြိုကြားကြိုကြားမှာ ဖြစ်နေတယ်။ ရန်သူကို နှိမ်နင်းခွင့်ရတဲ့အချိန်မှာ သူတို့က ရွာသားတွေကို ခြိမ်းခြောက်ရုံသာမကပဲ ရွာတွေအပေါ် လက်နက်ကြီးနဲ့ ပစ်တယ်၊ ရွာသားတွေကို လှည့်ပတ်ပြီး ဒုက္ခပေးနေတာဟာ NUG အစိုးရဘက်က သူတို့ကို အကြမ်းဖက်လို့ ကြေညာထားတဲ့အတိုင်း သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သက်သေပြတယ်လို့ပဲ ပြောရမှာပေါ့။

မေး။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်းတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ကျွန်တော်ထင်တယ်၊ KNU ပဲဖြစ်ဖြစ် NCA လက်မှတ်ထိုးထားတဲ့သူပဲ ဖြစ်ဖြစ်၊ မထိုးထားတဲ့ သူပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ဘယ်အဖွဲ့အစည်းမှလည်း သူတို့ကို အယုံအကြည်ရှိတော့မှာ မဟုတ်တော့ဘူးလို့ တိတိကျကျ ကျွန်တော်ပြောရမယ်။ အချို့ အဖွဲ့အစည်းတွေ သွားတွေ့ကြတယ်ဆိုတာက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ အဖွဲ့တွေလောက်ပဲ သွားတွေ့ကြတာ၊ တကယ့် ဒီလက်နက်ကိုင်တော်လှန်ရေးကို မူဝါဒအရ၊ နိုင်ငံရေးအရ၊ နောက်တော်လှန်ရေးအရရော စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကတော့ သွားတွေ့မယ်လို့တော့ မထင်ဘူး၊

ဘာဖြစ်လို့လည်းဆိုတော့ NCA လက်မှတ်ထိုးတဲ့အချိန်ကနေစပြီး (၅) နှစ် (၆) နှစ်ကာလပတ်လုံးက နိုင်ငံရေးရလာဒ် ဘာတစ်ခုမှ မထွက်လာတဲ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်ယုတ်မာမှုတွေက ပိုပိုပြီး ဆိုးရွာလာတယ်၊ မြို့ထဲအထိကို လာပြီး ရွာသားတွေကို ပစ်သတ် အကြမ်းဖက်လာတာတွေ ရှိလာတဲ့ အခါကျတော့ ကျွန်တော်တစ်ယောက်အမြင်ပြောရရင် နိုင်ငံရေးအဖြေတစ်ခုထွက်မှာ မဟုတ်လို့ သွားမတွေ့တာလို့ပဲ ပြောရမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း သိနေပြီးမို့ စစ်ကောင်စီဖိတ်ခေါ်မှုအပေါ်မှာ သွားမယ်လို့တော့ မထင်ပါဘူး။

မေး။ ဖာပွန်ခရိုင်ထဲက စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေကရော ဘယ်လိုတွေ ဆက်ရှိနေလဲ။

ဖြေ။ ဖာပွန်ခရိုင်တစ်ခုတည်းရယ်လို့ မဟုတ်ပါဘူး၊ အရင်ကတော့ ဗမာ့တပ်မတော်ပေါ့နော်၊ အခုကတော့ စစ်ကောင်စီပေါ့ အရင် ခေတ်အဆက်ဆက်က အခုအချိန်အထိ ထိုးစစ်လာတဲ့အခါ တိုင်း တစ်ဖက်နိုင်ငံ ဘက်ကို သွားကြသူက အနည်းအငယ်ပဲရှိတယ်၊ အများစုကတော့ ကိုယ့်ရဲ့ရပ်ရွာအနီးနားမှာပဲ ပုန်းခိုပြီး ရှောင်တိမ်းနေကြတယ်၊ အခြေအနေ ပြန်တည်ငြိမ်လာတဲ့အခါကျတော့ ကိုယ့်ရပ်ရွာပြန်ပြီး တောင်ယာ လုပ်သူကလုပ် လယ်လုပ်သူက ပြန်ပြီး ဆက်လုပ်ကြတယ်။ အခုလည်းပဲ ထိုနည်းလည်ကောင်း (ယခင်အတိုင်း) ပါပဲ အခက်အခဲတွေ ဘယ်လိုရှိရှိ တစ်ဖက်နိုင်ငံတွေအထိ ထွက်ရှောင်တာမဟုတ်ပဲ ကျွန်တော်တို့ ကိုယ်ရဲ့ကျေးရွာအနီးအနားမှာပဲ ရှောင်ရှားနေတဲ့ အနေအထားမှာပဲရှိပါတယ်။ ဒါပေမယ့် ဖာပွန်မြို့တွင်းက ပြည်သူ သုံးပုံတစ်ပုံကတော့ အခြားမြို့တွေကို ရောက်သွားပြီးတော့ ကျန်တဲ့ သုံးပုံတစ်ပုံက ကျွန်တော်တို့ knu အုပ်ချုပ်နယ်မြေမှာ စစ်ဘေးရှောင်အနေနဲ့ ရောက်ရှိနေကြတယ်။ ဘယ်မှမသွားပဲ ဖာပွန်မြို့မှာနေထိုင်နေကြတဲ့သူက သုံးပုံတစ်ပုံလောက် ရှိနေကြတုန်ပါ။

မေး။ လတ်တလောမှာရော စစ်ရှောင်ပြည်သူတွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ။

ဖြေ။ စစ်ဘေးရှောင်းဆိုတဲ့အတိုင်း အခက်အခဲကတော့ အများကြီးပေါ့ဗျာ့၊ အဓိကတော့ သူတို့ နေရေး ထိုင်ရေး စားဝတ်နေရေးတွေကတော့ အရေးကြီးတဲ့ အခက်အခဲတွေပါပဲ၊ ကျွန်တော်တို့ ခရိုင် တပ်မဟာရော နိုင်ငံတကာမှာ ရောက်နေတဲ့ ကျွန်တော်တို့ အမျိုးသားတိုင်းရင်းသားတွေ ရယ် NGO တချို့လည်းပါတယ်၊ တတ်နိုင်သလောက်တော့ ကူညီပံ့ပိုးမှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ဒီကာလက ကျောင်းပြန်ဖွင့်တဲ့ကာလဖြစ်တာကြောင့် ပညာ‌ရေးလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ အားစိုက်ပြီးဆောင်ရွက်နေတယ်။ လေယာဥ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းတစ်ချို့ ပျက်စီးရှိခဲ့တယ်၊ ဒါပေမယ့်လည်း တတ်နိုင်သရွေ့ ကျွန်တော်တို့ လုံခြုံစိတ်ချရတဲ့ နေရာက ကျောင်းတွေပြန်ဖွင့်နိုင်ခဲ့အောင် ဆောင်ရွက်ခဲ့တယ်၊ တစ်ခရိုင်လုံးက ကျောင်းတွေပြန်မဖွင့်ဖို့လည်း ရှိတယ်၊ အခက်အခဲကြားကနေပဲ ကျွန်တော်တို့က ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။

မေး။ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ပတ်သက်ပြီး ဘာများ ပြောကြားလိုတာရှိမလဲ။

ဖြေ ။ ဒီနေ့နိုင်ငံရေး အခင်အကျင်းမှာ ဗမာတိုင်းရင်းသား ပြည်သူလူထုကိုတော့ ပိုပြီးမီးမောင်းထိုးပြချင်တယ်၊ စစ်အာဏာသိမ်းတာက နောက်ဆက်တွဲ အကြီးမားဆုံး ပြဿနာပေါ့၊ ကျွန်တော်တို့ရဲ့ အဓိက နိုင်ငံရေး ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်တယ်၊ ပြောချင်တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းဆိုတဲ့နေရာမှာ တိုင်းရင်းသားတန်းတူညီရေးနဲ့ ဒီမိုကရေစီအရေးပေါ့နော်၊ တိုင်းရင်းသားတန်းတူညီရေးဆိုတဲ့နေရာမှာ ဒီကနေ့သွားနေတဲ့ တိုင်းရင်းသားတော်လှန်ရေးနဲ့အတူ နွေဦးတော်လှန်ရေးက အရွေ့တစ်ခုကို ရောက်နေပြီးပေါ့ဗျား၊ နွေဦးတော်လှန်ရေးမှာ အထူးသဖြင့် ဗမာတိုင်းရင်းသားတွေက တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ကြတာကြောင့် အောင်ပွဲကလည်း အင်မတန်မှ နီးနေပြီးဖြစ်ပါတယ်။

အောင်ပွဲနီးလာနဲ့အမျှ ကျွန်တော်တို့က တိုင်းရင်းသားတန်းတူညီရေးကို အခြေခံတဲ့ ဖွဲ့စည်းပုံတစ်ရပ် အမြန်ဆုံးပေါ်ပေါက်ဖို့လိုတယ်၊ ဒါကြောင့်မို့ ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားတန်းတူ‌ရေးက အဓိကဖြစ်တာကြောင့် အခြားတိုင်းရင်းသားနည်းတူ ဗမာပြည်နယ်ရှိဖို့ လိုတယ်၊ တိုင်းရင်းသားပြည်နယ်တွေ အားလုံးပေါင်းစုလိုက်ပြီး ပြည်ထောင်စုတစ်ခုကို တည်ဆောက်ဖို့ ဗမာတိုင်းရင်းသားတွေအနေနဲ့ ဓမ္မဓိဌာန်ကျကျ တွေးတော ဆောင်ရွက်ဖို့လိုမယ်လို့ ကျွန်တော်တို့ မြင်တယ်။ ပြောချင်တာက ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ဆိုတာ ဗမာပြည်ဆိုပြီး တိတိကျကျ ခိုင်ခိုင်မာ သတ်မှတ်နိုင်ဖို့ လိုတယ်၊ ဒါကြောင့် နွေဦးတော်လှန်ရေးနဲ့အတူ ဗမာပြည်ဖွဲ့စည်းရေးကို အခုကတည်းက လက်ခံဖို့၊ ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ယုံကြည်ဖို့ လိုမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here