ကချင်ပြည်နယ်အစိုးရနှင့် လူငယ်အဖွဲ့ တွေ့ဆုံပွဲ မူးယစ်ဆေးဝါးနှင့် IDP ကိစ္စ အဓိကဆွေးနွေး

0
231

၂ ဇွန် ၂၀၂၀

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ညွန်ကြားချက်ဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်လူငယ်အဖွဲ့တို့သည် မေလ ၂၈ရက်နေ့တွင် တွေ့ဆုံခဲ့ကြသော်လည်း ရလဒ်အပေါ်အားရကျေနပ်မှုမရှိကြောင်း လူငယ်များက ပြောသည်။

ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေရာတွင် တင်ပြထားသည့်အချက်များစွာရှိသည့်အနက် စစ်ရှောင်လူငယ်များ၏ ပညာရေးနှင့် မူယစ်ဆေးဝါးပြသနာအကြောင်းကိုသာ ဆွေးနွေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်စသည့်အေကြာင်းအရာများကို ဆွေးနွေးခဲ့ခြင်း မရှိဟု တွေ့ဆုံရာတွင် ပါဝင်သော ကချင်လူငယ်တစ်ဦး ဆွတ်ဆိုင်းထွယ် က ပြောသည်။

“NRPC က ပြည်နယ်အစိုးရကို လူငယ်တွေက တင်ပြထားတဲ့အကြာင်းတွေကို ထပ်မံပြီး ရှင်းလင်းခိုင်းလိုက်တာပေါ့နော်။ သူတို့ရဲ့ ရှင်းလင်းမှုမှာ လူငယ်တွေရဲ့ တောင်းဆိုထားတဲ့ အချက်တွေအများကြီးရှိပေမယ့် IDP အကြောင်းနဲ့ မူးယစ်ဆေးဝါး ကိစ္စပါလာ တယ်။ ဒီ ၂ချက်ဘဲ ပါလာတယ်။ ကျန်တဲ့အရေးကြီးတဲ့အချက်တွေပါမလာဘူး။ အဲ့ဆိုတော့ အစိုးရတစ်ခုဖြစ်တဲ့ အတွက် တောင်းဆိုတဲ့အချက်တွေ တာဝန်ယူမှုရှိရှိနဲ့ ဖြေခိုင်းစေချင်တယ်။ ၂၀၁၈ကနေ စာတွေဆက်တိုက် တင်ထားတယ်။ အခု ၃နှစ်လောက်အကြာ အခြေနေတွေပြောင်းလဲသွားမှ တုန့်ပြန်လာတယ်ဆိုတော့ ကျေနပ်အားရမှု မရှိဘူး” ဟု ပြောသည်။

၂၀၁၈ မှစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ လာရောက်သည့်အချိန်တိုင်းတွင် ကချင်လူငယ်အဖွဲ့ (Kachin Youth Movement)က (၃) ကြိမ်ထက်မနည်း စာတင်ပြတောင်းဆိုခဲ့သည်။

တောင်းဆိုသည့်အချက်များတွင် ‘အခြားပြည်နယ်များနည်းတူ ကချင်လူငယ်များနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပါဝင်သော ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ပေးရန်၊ စစ်ရှောင်လူငယ်များ၏ ပညာရေးနှင့်အနာဂတ်အပေါ် အစိုးရ၏ပြင်ဆင်မှု၊ မူးယစ်ဆေးဝါးပြသနာနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုေကြာင့် အစိုးရမှတရားလိုပြုလုပ်ကာ တရားစွဲဆိုမှုများမပြုလုပ်ပေးရန်’ စသည်တို့ ဖြစ်သည်။

စတင်တောင်းဆိုခဲ့သည့်အချိန်မှ ယခု၂ နှစ်အကြာ NRPC၏ညွန်ကြားချက်ဖြင့် ပြည်နယ်အစိုးရနှင့် ပထမအကြိမ် တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သို့သော်လည်းအဆိုပါ ပြည်နယ်အစိုးရ၏တုံ့ပြန်မှုများမှာ အထက်မှဖြေကြားခိုင်းသည့်အတိုင်းသာ တိကျကျေနပ်မှုမရှိသော အပြုသဘောအသွင်ဖြင့်သာ ဖြေကြားခဲ့သည်ဟု ဆိုသည်။

“ကျမတို့ လူငယ်တွေအဓိကဖြေစေချင်တာက လူငယ်နဲ့ငြိမ်းချမ်းရေးစကားဝိုင်းတွေပြုလုပ်ပေးဖို့ အဓိကဖြစ်တယ်။ ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး လူငယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုပါဝင်ပေးရမလဲ။ နောက် ငြိမ်းစုစီကိစ္စကလည်း ပိုပြီးပြောစေချင်တယ်။ အခုကအဲ့လိုမဟုတ်ဘူး။ ပြည်နယ်အစိုးရကလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်မပါဘူး။ အထက်ကနေ ကြားခံသတင်းသယ်ဆောင်ပေးတဲ့ သဘောဘဲရှိတယ်” ဟု ဆွတ်ဆိုင်းထွယ်က ထပ်မံပြောဆိုသည်။

၂၀၁၈ ခုနှစ် ကချင်ပြည်နယ်နောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဖြင့် ထိုးစစ်ပြုလုပ်နေချိန် တိုက်ပွဲရပ်တန့်ပေးရန် ကချင်လူငယ်များက မြစ်ကြီးနားတွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ဦးဆောင်သူ ၃ ဦးလည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရမှုများ ရှိခဲ့သည်။

အစိုးရအနေဖြင့် ကချင်လူငယ်များ၏တောင်းဆိုမှုကို တလေးတစား ဖြေရှင်းပေးသင့်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒု ဥက္ကဌ ဦးကွမ်ကရောင်အောင်ခမ်းက သုံးသပ်ပြောဆိုသည်။

“လူငယ်များတင်ပြတောင်းဆိုတဲ့ဟာေတွကို တိတိကျကျနဲ့ မြန်မြန်လေး ဖြေရှင်းပေးသင့်တယ်။ ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးက အင်မတန်မှ လိုအပ်နေတယ်။ တန်းတူအခွင့်အရေးတွေ ရရှိဖို့လည်း လိုအပ်တယ်။ ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ ပင်လုံစာချုပ်အရ ပါရှိခြင်းဖြစ်တယ်။ ဒါကြောင့်အောက်ခြေကနေ တင်ပြမှုတွေကို တစ်လေးတစား အရေးယူဖြေရှင်း အကြောင်းကြားသင့်တယ်။ အခုက ပြည်ထောင်စုကနေ ပြည်နယ်အစိုးရကို အပေါ်ယံရှင်းလင်းခိုင်းတဲ့ သဘောဖြစ်နေတယ်။ အခုလူငယ်တွေတောင်းဆိုတဲ့ အချက်တွေက ကချင်ပြည်နယ်အတွက်ဆိုရင် အင်မတန်မှ အရေးကြီးတဲ့ အချက်တွေဖြစ်တယ်။ ကျန်တဲ့တိုင်းဒေသကြီးတွေမှာ လူငယ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတာမြင်နေရတော့ မျက်နှာလိုက်သလိုဖြစ်နေတာပေါ့။” ဟု ပြောသည်။

သို့သော်လည်း ကချင်ပြည်နယ်အစိုးရအနေဖြင့်လည်း ကချင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် CSO အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ၃လတစ်ကြိမ် ငြမ်းချမ်းရေး စကားဝိုင်းများပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု လူမှုရေးဝန်ကြီး ဦးနေဝင်းက တွေ့ဆုံမှုတွင် ပြောဆိုခဲ့ကြောင်းသိရသည်။

တွေ့ဆုံရာတွင် ပြည်နယ်အစိုးရဘက်မှ လူမှုရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်ဒုရဲမှူးတို့ပါဝင်ခဲ့ပြီး Kachin Youth Movement မှ ဦးဆောင်အဖွဲ့ ၇ ဦးပါဝင်ခဲ့သည်ဟု သိရသည်။

KNG မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here